မိုးညှင်းတွင် လေကြောင်းပစ်ကူများကြောင့် ကေအိုင်အေ ဆုတ်ခွာပေးလိုက်ရဟုဆို

မိုးညှင်းတွင် လေကြောင်းပစ်ကူများကြောင့် ကေအိုင်အေ ဆုတ်ခွာပေးလိုက်ရဟုဆို

ချင်းမိုင်၊ နိုဝင်ဘာ ၂၀ ။        ။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၏ တပ်မဟာ ၈ တပ်စခန်းအား အစိုးရ တပ်မတော်မှ နိုဝင်ဘာ ၁၄ရက်မှ စတင်၍ လက်နက်ကြီးနှင့် လေယာဉ်များဖြင့် ပစ်ကူခဲ့သဖြင့် အင်အားမမျှသဖြင့် ဆုတ်ခွာပေးလိုက်ရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်မှစတင်၍ အစိုးရ စစ်တပ်က အင်အား အလုံးအရင်းဖြင့် KIA တပ်မဟ ၈ နယ်မြေတောင်ကုန်းများသို့ ထိုးစစ်ဆင်တိုက်ခိုက်လာရာတွင် စစ်အင်အားတိုးမြှင့်ကာ လေယာဉ်များနှင့် လက်နက်ကြီးများ ပစ်ကူခဲ့သဖြင့် အင်အားမမျှခြင်းကြောင့် ဆုတ်ပေးလိုက်ရသည်ဟု သူက မဇ္ဈိမကို ပြောသည်။

“ဆုတ်ပေးလိုက်တယ်လို့ ကျနော်တို့ ကြားပါတယ်။ အသေးစိတ် သတင်းကတော့မရသေးဘူး။ သူတို့ စစ်အင်အား မတရားသုံးတာ။ ကျနော်တို့နဲ့ အင်အားမမျှလို့၊ သူတို့က လေကြောင်းနဲ့ လက်နက်ကြီး ပစ်တယ်ဆိုတော့”ဟု သူက ပြောသည်။

မိုးညှင်းမြို့နယ် အရှေ့တောင်ဘက် ၃ မိုင် အကွာအဝေးတွင် ခြေကုတ်ယူတပ်စွဲထားသော ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၏ တပ်မဟာ ၈ ဟုဆိုသည့် တပ်စခန်းကို တပ်မတော်မှ နိုဝင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် တိုက်ခိုက် သိမ်းပိုက်ရရှိသည်ဟု စစ်တပ်ပိုင် မြဝတီသတင်းတွင် ထုတ်ပြန်ထားသည်။

ကေအိုင်အေအဖွဲ့သည် ၎င်းတို့အတွက် သတ်မှတ်ပေးထားသော နယ်မြေတွင် နေထိုင်လှုပ်ရှားမှုမရှိဘဲ NCA လက်မှတ်ရေး ထိုးသည့်ကာလတွင် အခွင့်ကောင်းယူ၍ အင်အားကို တိုးချဲ့ပြီး သတ်မှတ်နေရာ မဟုတ်သော အတွင်းပိုင်းရှိ မိုးညှင်းမြို့အနီး ၃ မိုင်ခန့်အကွာရှိ တောင်ကုန်းတွင် ခြေကုတ်စခန်းတည်ဆောက်၍ လှုပ်ရှားမှုများ ပြုလုပ်လာခဲ့သည် ဖော်ပြထားသည်။

“ဒါက သူတို့ ဘက်က စွတ်စွဲတာပါ။ သူတို့ဘက်တော့ တိုးချဲ့တယ်လို့ပြောမှာပေါ့။ ကျနော်တို့ကတော့ တိုးချဲ့တာ မဟုတ်ဘူး။ သူတို့ဘက်က စွတ်စွဲတာ၊ ဒါကျနော်တို့ အုပ်ချုပ်နယ်မြေပါ”ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်မှစ၍ တပ်မတော်မှ နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ မိုးညှင်းမြို့အနီး ခြေကုတ်ယူထားသော ကေအိုင်အို တပ်မဟာ ၈ ဆိုသည့် တပ်စခန်း တောင်ကုန်းကို လက်နက်ကြီးပစ်ကူ၊ လေကြောင်းများ ရယူ၍ ဟန်ချက်ညီ ဝိုင်းပတ်တိုက်ခိုက်ချေမှုန်းခဲ့သဖြင့် သိမ်းပိုက်ရရှိခဲ့သည်ဟု ၎င်းသတင်းတွင် ဖော်ပြထားသည်။

ထိုနေ့တွင် အစိုးရစစ်တပ်က မြေပြင်တွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့သလို၊ ဝေဟင်ပေါ်မှလည်း ရဟတ်ယဉ်များ အသုံးပြု၍ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မိုးညှင်းမြို့ အနီးတဝိုက်ရှိ ဒေသခံ ရွာသားများက မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရာ လက်ရှိ စစ်ပြေးဒုက္ခသည်ပေါင်း ၅၀၀ ခန့် ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်းများတွင် ခိုလှုံနေသည်။

“ဒီနေ့တော့ ငြိမ်နေတယ်။ ကျောင်းလည်း ဒီနေ့တော့ ပြန်ဖွင့်ပြီ။ ဒုက္ခသည်တွေကတော့ မပြန်သေးဘူး။ စိုးရိမ်နေတုန်းဘဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၁၄ မှ ၁၉ ရက်ထိ အစိုးရစစ်တပ်နှင့် KIA တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် လက်နက်ကြီး ပစ်ခတ်သံများ မကြားရဘဲ တည်ငြိမ်နေသည်ဟု မိုးညှင်းမြို့မှ သိက္ခာတော်ရဆရာ မခါအောင်ဆိုင်းက ပြောသည်။

ရွေးကောက်ပွဲ ကျင်းပပြီးနောက် နိုဝင်ဘာလ ၁၄ ရက်မှ စတင်၍ အစိုးရစစ်တပ်က KIA တပ်မဟာ ၈ ဌာနချုပ် ရှိရာသို့ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု KIA က ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က နိုဝင်ဘာလ ၁၆ ၇က်က ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly