အစိုးရအဆင့် ဆွေးနွေးပွဲ မြောက်ကိုရီးယားအဆိုပြုမှု တောင်ကိုရီးယားလက်ခံ

အစိုးရအဆင့် ဆွေးနွေးပွဲ မြောက်ကိုရီးယားအဆိုပြုမှု တောင်ကိုရီးယားလက်ခံ

သြဂုတ်လအတွင်း စစ်ရေးတင်းမာမှု ဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးတွေ့ဆုံမှုအဖြစ် စစ်တပ်စွဲထားရာ နယ်ခြားတွင် နိုဝင်ဘာ ၂၆ ရက်၌ တွေ့ဆုံရန် မြောက်ကိုရီးယားဖက်က နိုဝင်ဘာ ၂၀ တွင် အဆိုပြုလာခြင်းကို တောင်ကိုရီးယားက လက်ခံကြောင်း ယွန်ဟပ်သတင်းတွင်ဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၀ ရက်အစောပိုင်းက ပန်မန်ဂျုံအပစ်ရပ်ရွာတွင် ဆွေးနွေးပွဲပြုလုပ်ဖို့ မြောက်ကိုရီးယားဖက်က အဆိုပြုထားကြောင်းကို ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအား ယခင်ထက်ပို အထီးကျန်ဖြစ်စေမည့် အရှေ့မြောက်အာရှ သံတမန်ရေးအရွှေ့အပြောင်းများက မြောက်ကိုရီးယားအတွက် တောင်ကိုရီးယားထံ ဆွေးနွေးဖို့ အဆိုပြုလာစေခြင်း   ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယား၏ အထူးသံတမန်ဆက်ဆံဖက်နှင့် စီးပွားဖက်ဖြစ်သည့် တရုတ်နှင့် ပို၍ နီးစပ်လာခြင်းနှင့် ဂျပန်နှင့် ဆက်ဆံရေးကိုလည်း တိုးတက်ခိုင်မာစေခြင်းများကြောင့်   မြောက်ကိုရီးယား၏ ရပ်တည်ချက်က အရွှေ့အလျားရှိလာခဲ့သည်။

ယခုလအစောပိုင်းက တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်မှ ခေါင်းဆောင်များက သုံးနှစ်ကျော်အတွင်း ပထမဆုံးထိပ်သီးတွေ့ဆုံမှုအဖြစ် ဆိုးလ်မြို့တွင် တွေ့ဆုံခဲ့ကြသည်။

ထိုဆွေးနွေးပွဲမှာ ကုန်သွယ်ရေးနှင့် အခြားစီးပွားရေးကိစ္စရပ်များကို အဓိကထားသော်လည်း မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက်လုပ်ငန်းများအတွက် ခိုင်မာစွာ ဆန့်ကျင်ကြောင်းကို သုံးနိုင်ငံစလုံးက ကြေညာခဲ့သည်။

Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly