အာဏာချောမွေ့စွာ လွှဲပြောင်းမပြောင်း စောင့်ကြည့်ရန် နိုင်ငံခြားသံ အမတ်ကြီးများအား ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အာဏာချောမွေ့စွာ လွှဲပြောင်းမပြောင်း စောင့်ကြည့်ရန် နိုင်ငံခြားသံ အမတ်ကြီးများအား ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ရွေးကောက်ပွဲတွင် အပြတ်အသတ်နိုင်ခဲ့ပြီးနောက် အာဏာအလွှဲအပြောင်း ချောမွေ့မှုရှိမရှိ စောင့်ကြည့်ပေးရန် နိုင်ငံခြားသံအမတ်ကြီးများနှင့် နိုဝင်ဘာ ၁၉ရက်က နေပြည်တော်၌ တွေ့ဆုံရာတွင်   ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

နေပြည်တော်တွင် နိုဝင်ဘာ ၁၉ ရက်က ဂျပန်နှင့် အမေရိကန်မှ သံအမတ်ကြီးများအပါအဝင် နိုင်ငံခြား သံတမန်များ ၄၀ နီးပါးနှင့် တွေ့ဆုံခဲ့ရာတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူများ ပြောကြားချက်အရ လက်ရှိအစိုးရထံမှ အာဏာလွှဲပြောင်းရေးဆိုင်ရာ အဖွဲ့တစ်ဖွဲ့ကိုလည်း ပါတီတွင်း ဖွဲ့စည်းရန် စီစဉ်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က   ပြောသည်။

အစိုးရအနေဖြင့် အာဏာကို ညင်သာချောမွေ့စွာ လွှဲပြောင်းပေးနိုင်ခြင်း ရှိမရှိက အရေးကြီးကြောင်းလည်း ပြောသည်။

လာမည့်မတ်လအတွင်း အစိုးရသစ် တာဝန်ရယူဖြစ်ချိန်အထိ အာဏာအလွှဲအပြောင်းပေါ်တွင် စောင့်ကြည့်ပေးရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုကို ထောက်ပံ့ပေးသွားရန်လည်း   နိုင်ငံခြားသံတမန်များအား ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားကြောင်း သိရသည်။

ထို့ပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မကြာမီအချိန်အတွင်း တပ်မတော်အကြီးအကဲနှင့် တွေ့ဆုံလိုသည့် ဆန္ဒကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

စီးပွားရေးမူဝါဒနှင့် ပတ်သက်ပြီး တရားမဝင်မြေယာသိမ်းမှုများနှင့်အတူ ဖြစ်ပေါ်လာသည့် စီမံကိန်းများကို ပြန်လည်သုံးသပ်မည်ဟု ပြောသည်။ သို့သော် NLD အစိုးရသစ်အနေဖြင့် စီးပွားရေး တံခါးပိတ်ထားသူများ မဟုတ်၍ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆက်လက်ကြိုဆိုသွားမည်ဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။

Ref: NHK

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly