ချယ်လ်ဆီး ဂိုးသမားကော့တွိုက်စ် လေ့ကျင့်ခန်းပြန်ဆင်း

ချယ်လ်ဆီး ဂိုးသမားကော့တွိုက်စ် လေ့ကျင့်ခန်းပြန်ဆင်း

လန်ဒန်၊ နိုဝင်ဘာ ၂၀ ။              ။ ဒူးဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ချယ်လ်ဆီးအသင်း၏ ပထမဂိုးသမား ကော့တွိုက်စ်သည် ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်ပြီး အသင်းကြီးနှင့်အတူ   လေ့ကျင့်ခန်းပြုလုပ်နေပြီဖြစ်သည်။

ကော့တွိုက်စ်သည် ဒူးဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရပြီး ပြီးခဲ့သည့် သြဂုတ်လကတည်းက အနားယူနေခဲ့ရသည်။ ကော့တွိုက်စ်ပြန်လည်ကောင်းမွန်လာခြင်းသည် ရလဒ်များဆိုးရွားနေသည့် ချယ်လ်ဆီးအသင်းအတွက် အင်အားတစ်ခု ဖြစ်လာခဲ့သည်။

ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမားသည် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သော်လည်း ယခုတစ်ပတ် နောဝှစ်ချ်နှင့် ပွဲစဉ်တွင် ပါဝင်နိုင်ဦးမည် မဟုတ်ဘဲ အချိန်အနည်းငယ်ယူရဦးမည်ဖြစ်သည်။ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိလာသော ကော့တွိုက်စ်ကို ကြိုဆိုခဲ့သည်။

ကော့တွိုက်စ်သည် အနည်းဆုံးနှစ်ပတ်ခန့်အနားယူရဦးမည်ဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှ ပြန်လည်ကစားနိုင်မည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

ကော့တွိုက်စ်မကစားနိုင်သည့် ကာလတွင် ဒုတိယဂိုးသမားဘီဂိုဗစ်က ချယ်လ်ဆီးအသင်းဂိုးပေါက်ကို တာဝန်ယူခဲ့ပြီး ပွဲစဉ် ၁၈ ပွဲတွင် ၄ ပွဲသာ ဂိုးမပေးခဲ့ရဘဲ ၁၄ ပွဲ ဂိုးပေးခဲ့ရသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly