ဘောလုံးရာသီသစ် အတွက် မောရဝတီအသင်း နိုက်ဂျီရီးယား နောက်ခံလူတစ်ဦး ခေါ်ယူထား

ဘောလုံးရာသီသစ် အတွက် မောရဝတီအသင်း နိုက်ဂျီရီးယား နောက်ခံလူတစ်ဦး ခေါ်ယူထား
၂၀၁၅ လိဂ်-၂ ပြိုင်ပွဲဝင် မောရဝတီအသင်း။  (ဓာတ်ပုံ - မောရဝတီ)

နိုဝင်ဘာ ၂၀၊ ရန်ကုန်။        ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ အတွက်  ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မာရဝတီအက်ဖ်စီ ဘောလုံးအသင်းသည် နိုက်ဂျီးရီးယားလူမျိုး   နောက်ခံကစားသမားတစ်ဦးကို အသစ်ခေါ်ယူထားသည်။

မောရဝတီအသင်းသည် ပြီးခဲ့သည့် ၂၀၁၅ လိဂ်-၂ ဘောလုံးရာသီအပြီးတွင် အသင်း၌ ကစားခဲ့သည့် နိုင်ငံခြားကစားသမား များနှင့် လမ်းခွဲခဲ့သလို အသင်း၏ အဓိက တိုက်စစ်မှူး နောင်နောင်ကျော် ကိုလည်း အသင်းမှ ထွက်ခွာခွင့်ပြုခဲ့သည်။

' မနှစ် က ကစားခဲ့တဲ့ ကစားသမား ၁၄ ယောက်ပဲ အသင်းမှာ အထိုင်ရှိပါတယ်။ ကျန်တဲ့ကစားသမားတွေကို အသင်းက ထွက်ခွင့် ပြုခဲ့တယ်။ နောက်ထပ်ခေါ်မယ့် နိုင်ငံခြားကစားသမားနှစ်ယောက်ကို ဒီဇင်ဘာ ပထမပတ်လောက်မှာ ခေါ်ဖြစ်မယ်လို့ ထင် တယ်'ဟု မောရဝတီအသင်း ဂိုးနည်းပြ ဦးစိန်အေးက မဇ္ဈိမသို့ ပြောသည်။

မောရဝတီအသင်း အသစ်ခေါ်ယူထားသည့် နိုက်ဂျီးရီးယားလူမျိုး နောက်ခံလူ ကေဟော်ဘင်သည် လက်ရှိအချိန်တွင် အသင်းနှင့်အတူ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်နေ သည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် မောရဝတီအသင်းသည် ကိုးပွဲ နိုင်၊ သုံးပွဲ သရေ၊ ခြောက်ပွဲ ရှုံး ရမှတ် ၃၀ မှတ်ဖြင့် အဆင့် ၆ နေရာ၌ သာရပ်တည်နိုင်ခဲ့သည်။

မောရဝတီအသင်းသည် ၂၀၁၅ လိဂ်-၂ ဘောလုံးပြိုင်ပွဲတွင် တန်းတက်ရန် ရည်ရွယ်ကာ နိုင်ငံခြားကစားသမားများ ဖြည့်တင်းခဲ့သော်လည်း တန်းတက်နိုင်ခဲ့ခြင်းမရှိခဲ့ ပေ။

သို့သော် မောရဝတီအသင်းသည် လာမည့် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် နေရှင် နယ်လိဂ်သို့ တန်းတက်ရန် ထပ်မံမျှော်မှန်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly