အာရှဖိတ်ခေါ်ဟော်ကီပြိုင်ပွဲ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည်

အာရှဖိတ်ခေါ်ဟော်ကီပြိုင်ပွဲ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည်
၂၀၁၃ ဆီးဂိမ်း၌ မြန်မာ့လက်ရွေးစင်ဟာ်ကီအသင်း ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-ရဲဟိန်း)

နိုဝင်ဘာ ၂၀၊ ရန်ကုန်။           ။ အာရှဟော်ကီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် အာရှဖိတ်ခေါ်ဟော်ကီပြိုင်ပွဲကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည် ဟု ကမ္ဘာ့ဟော်ကီအဖွဲ့ချုပ်မှ တရားဝင်သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ ၁၂ ရက်မှ ၂၀ ရက်ထိ ရန်ကုန်မြို့ သိမ်ဖြူ ဟော်ကီကွင်းတွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အာရှဖိတ်ခေါ်ဟော်ကီပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်းနှင့် အတူ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ တိုင်ပေ၊ တရုတ်၊ ဟောင်ကောင် စသည့် အာရှအသင်းများ ပါဝင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲ၌ ပထမနှင့် ဒုတိယ ရသည့် အသင်းနှစ်သင်းသည် လာမည့် ၂၀၁၇ အာရှဖလားဟော်ကီပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

မြန်မာလက်ရွေးစင်ဟော်ကီအသင်းသည် ပထမအကြိမ်အာရှဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပဲ ဒုတိယအကြိမ်မှသာ ဝင်ရောက်ယှဉ်ပြိုင်ကာ အိမ်ရှင်နိုင်ငံအဖြစ်လည်း ပထမဆုံး ကျင်းပပြုလုပ်နိုင်ခြင်း ဖြစ်သည်။

မြန်မာလက်ရွေးစင်ဟော်ကီအသင်းသည် ယင်းပြိုင်ပွဲအတွက် စက်တင်ဘာ (၁) ရက်မှ စတင်ကာ ကစားသမား ၂၈ ဦးဖြင့် စခန်းသွင်း လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ မြန်မာဟော်ကီအသင်းသည် ပြီးခဲ့သည့် ၂၀၁၃ ဆီးဂိမ်းအိမ်ရှင်အဖြစ် ကျင်းပပြုလုပ်စဉ်ကလည်း ကြေးတံဆိပ်ဆု ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly