Rating စနစ် စမ်းသပ်ကျင့်သုံးရန် ရုပ်ရှင်လောက၏ လက်မှတ်ကောက်ခံပြီး ဝန်ကြီးဌာနသို့ တင်ပြမည်  

Rating စနစ် စမ်းသပ်ကျင့်သုံးရန် ရုပ်ရှင်လောက၏ လက်မှတ်ကောက်ခံပြီး ဝန်ကြီးဌာနသို့ တင်ပြမည်  
ဓာတ်ပုံ - mingalar cinemas

ဒီဇင်ဘာ ၁၈၊ ၂၀၂၀  

Rating System (ရုပ်ရှင်အဆင့် သတ်မှတ်ခြင်း) ကို မြန်မာနိုင်ငံတွင်လည်း ကျင့်သုံးနိုင်ရန်အတွက် ရုပ်ရှင်လောကသားများ၏ လက်မှတ်ကောက်ခံကာ ပြည်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝတ္ထုဇာတ်ညွှန်းနှင့် ဒါရိုက်တာများအသင်း (WDOM) မှ သိရသည်။  

မြန်မာနိုင်ငံ ဝတ္ထုဇာတ်ညွှန်းနှင့် ဒါရိုက်တာများအသင်းသည် Rating စနစ် စမ်းသပ်ကျင့်သုံးရန်အတွက် ကြိုးစားနေပြီး ၎င်းတိုကို ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ဒီဇင်ဘာ ၁၅ ရက်တွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ရုပ်ရှင်ဥပဒေသစ် ပြဌာန်းနိုင်ရန်မှာ အချိန်ကာလအားဖြင့် ကြာမြင့်နိုင်သည့်အတွက် Rating စနစ်အား စမ်းသပ်ကျင့်သုံးပေးရန် တောင်းဆိုခဲ့သည်။  

“ဝန်ကြီးအနေနဲ့က ဒီစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ သဘောတူတယ်။ သို့သော်လည်း သူတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်လို့ မထင်ဘူး။ သူ့ရဲ့အာဏာနဲ့ လုပ်လို့မရဘူးလို့ သူထင်တယ်။ ဒါကြောင့် သူလုပ်လို့ရနိုင်အောင် ကျွန်တော်တို့က officially ထောက်ခံတဲ့သူတွေ ရှိတယ်။ အများစုက ထောက်ခံတယ်။ လူအများရဲ့ ဆန္ဒဖြစ်တယ်ဆိုတာ သေချာရင် သူ့အနေနဲ့ သက်ဆိုင်ရာ ရှေ့နေတွေနဲ့ တိုင်ပင်ပြီးတော့ ၉၆ ရုပ်ရှင်ဥပဒေအောက်မှာပဲ ဒီ Rating စနစ်ကို စမ်းသပ်ကျင့်သုံးတဲ့ အနေနဲ့ စောလျင်စွာ စမ်းသပ်ကျင့်သုံးလို့ ရမလားဆိုတာကို သူ့အနေနဲ့ ကြိုးစားပေးမယ်ဆိုတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒီအဆင့်မှာတောင်မှ ကျွန်တော်တို့က ရုပ်ရှင်လောကသားတွေရဲ့ ထောက်ခံမှု အများစုရတယ် ဆိုတာကို ပြသနိုင်ဖို့အတွက် လက်မှတ်တွေ လိုက်ပြီး ကောက်ခံရမယ့် အခြေအနေပါ” ဟု မြန်မာနိုင်ငံ ဝတ္ထုဇာတ်ညွှန်းနှင့် ဒါရိုက်တာများအသင်း ဒုတိယ ဥက္ကဋ္ဌ ဒါရိုက်တာ ရီဇော်က ဆိုသည်။  

၁၉၉၆ ရုပ်ရှင်ဥပဒေပါ ပုဒ်မ (၃၇) တွင် “ပြန်ကြားရေး ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အစိုးရဌာန၊ အဖွဲအစည်းများအား ဤဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်မှ ကင်းလွတ်ခွင့် ပြုနိုင်သည်” ဟူ၍ ပါရှိသည်။ ထို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် Rating System ရုပ်ရှင်အဆင့် သတ်မှတ်ရေးအဖွဲ့ကို တရားဝင် ဖွဲ့စည်းပြီး ထိုအဖွဲ့အစည်းကို ရုပ်ရှင်ဥပဒေပါ ပြဌာန်းချက်ဖြစ်သည့် ရုပ်ရှင်ဆင်ဆာအဖွဲ့မှ ကြည့်ရှု စစ်ဆေးစေရမည် ဆိုသည့်အချက်အား ကင်းလွတ်ခွင့်ပြုသည်ဟူသော အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ကြောင်း သိရသည်။  

Rating စနစ် (ရုပ်ရှင်အဆင့် သတ်မှတ်ခြင်း) ဆိုသည်မှာ နိုင်ငံတကာ ရုပ်ရှင်လောကတွင် ကျင့်သုံးနေကြပြီး ရုပ်ရှင်တွင် ပါဝင်သည့် ဇာတ်ဝင်ခန်းများပေါ် မူတည်ကာ  အသက်အရွယ် အပိုင်းအခြားလိုက် ကြည့်ရှုရန် သင့်၊ မသင့်၊ မိဘ အုပ်ထိန်းသူနှင့်သာ ကြည့်ရှုရန် စသည်ဖြင့် သတ်မှတ်ခြင်းဖြစ်သည်။  

ထိုသို့ Rating စနစ် ကျင့်သုံးပါက ရုပ်ရှင်ရုံများတွင် လာရောက်ကြည့်ရှုမည့်သူများ၏ မှတ်ပုံတင် သို့မဟုတ် ကျောင်းသားကတ် စသည်တို့ကို ကြည့်ရှု ကြပ်မတ်ပြီး လက်မှတ်များ ရောင်းချရမည် ဖြစ်သည်။   

“၂၁ နှစ်အောက် မကြည့်ရလို့ပြောရင် ဒီကားဟာ အဖော်အချွတ် ပါလို့ဖြစ်မယ်။ တခြားသော သွေးထွက်သံယို ဖြစ်တာများလို့ အထူးသဖြင့် ဒီလို အချက်အလက်တွေကြောင့် သတ်မှတ်ခံရပြီဆိုရင် ဇာတ်ကားအနေနဲ့၊ ထုတ်လုပ်သူအနေနဲ့၊ ရုံအနေနဲ့ ဝင်ငွေနည်းမှာ ဖြစ်ပါတယ်။ ဝင်ငွေနည်းအောင်လို့ ဘယ်သူကမှ ၂၁ နှစ်အောက် မကြည့်ရ၊ ၁၈ နှစ်အောက် မကြည့်ရ၊ အဲ့ဒါတွေကို အများစုကတော့ မရိုက်ချင်ကြပါဘူး။ အများစုက အထွေထွေ ပရိသတ်တိုင်း အသက်အရွယ်မရွေး ကြည့်ရှုနိုင်သည် ဆိုမှသာလျှင် ဝင်ငွေကောင်းပြီးတော့ အောင်မြင်မယ့် ဇာတ်ကားတစ်ခု ဖြစ်မယ်။ ရုပ်ရှင်ရုံအနေနဲ့ရော ထုတ်လုပ်သူအနေနဲ့ရော ငွေကြေးအရ အကျိုးအမြတ်ရှိမှာ ဖြစ်တဲ့အတွက် ပိုပြီးတော့ လိုလားကြမှာ ဖြစ်ပါတယ်။ Rating စနစ်လို့ ပြောလိုက်တာနဲ့ အဖော်အချွတ်ကားတွေ၊ အညှီအဟောက်ကားတွေ ရိုက်ချင်လို့ဆိုတဲ့ အမြင်မျိုးက သိပ်ကျဉ်းမြောင်းတဲ့ အမြင်မျိုး ဖြစ်ပါတယ်။ ဒီလိုမျိုး တွေးလို့မရပါဘူး” ဟု ဒါရိုက်တာ ရီဇော်က ဆိုသည်။  

ရုပ်ရှင်လောက သားများအနေဖြင့် Rating စနစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြမည့် လက်မှတ်စုဆောင်းရေး လှုပ်ရှားမှု Signature Movement တွင် ပူးပေါင်းပါဝင်ကြရန်အတွက် ဒါရိုက်တာ ရီဇော်ကက မေတ္တာရပ်ခံသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required