NLD ခေတ်မှာ ဒါမျိုးအနေအထားကို ပိုပြီး လုပ်လို့မရဘူးဆိုတာ ကျွန်မတို့ အသိဆုံးပဲ 

NLD ခေတ်မှာ ဒါမျိုးအနေအထားကို ပိုပြီး လုပ်လို့မရဘူးဆိုတာ ကျွန်မတို့ အသိဆုံးပဲ 

ဒီဇင်ဘာ ၁၈၊ ၂၀၂၀ 

လက်ရှိ ရန်ကုန်တိုင်း စီမံ၊ ဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦး ၂၀၁၈ ခုနှစ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ရခိုင်ကမ်းရိုးတန်း ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီနှင့် ပက်သက်ပြီး ဝေဖန်မှုများ ရှိလာခဲ့သည်။  

ဤကုမ္ပဏီအကြောင်းကို ရန်ကုန်အခြေစိုက် Myanmar Now သတင်းဌာနက ဒီဇင်ဘာ ၁၇ ရက်နေ့က စတင်ဖော်ပြခဲ့ပြီးနောက် လူများအကြား ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။   

အများပိုင် ကုမ္ပဏီ၏ ထိပ်ပိုင်းခေါင်းဆောင်နေရာတွင် လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဦးရဲမင်းဦး အပါအဝင် အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် လွှတ်တော်အမတ်တချို့ ပါဝင်နေခဲ့သည်။   

ထို့ကြောင့် ကုမ္ပဏီနှင့် ပတ်သက်၍ အကျိုးစီးပွား ပဋိပက္ခများ ရှိနိုင်မည်လား၊ အဂတိလိုက်စားမှုများ၊ အခွင့်အရေးယူမှုများ ဖြစ်လာနိုင်မည်လားဟူ၍ မေးခွန်းထုတ်သူများလည်း ရှိနေသည်။  

ရခိုင်ကမ်းရိုးတန်း ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီတွင် ဒါရိုက်တာတာဝန် ယူထားသည့် မသင်းဂျူလိုင်ကျော်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါသည်။  

မေး ။       ။ ရခိုင်ကမ်းရိုးတန်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ ဘယ်လိုရည်ရွယ်ချက်နဲ့ စပြီး လုပ်ဖြစ်ကြတာလဲ။  

ဖြေ ။       ။ အဲဒါပြောရင် နည်းနည်းရှည်ရှည်လေး ပြောချင်တယ်။ ဘာဖြစ်လို့လဲဆို ရှည်ရှည်လေးပြောမှ ပြည့်စုံမှာ မို့လို့လေ။ ဆိုလိုချင်တာက ဒီလုပ်ငန်း ဒီကုမ္ပဏီ စမထောင်ခင် အခြေအနေပေါ့လေ။ ကိုယ်တွေရထားတဲ့ သတင်း။ အဲဒီလိုကနေ စပြောချင်တယ်။ ဆိုလိုချင်တာက ရခိုင်မှာ ကျွန်မသိနေတဲ့ အနေအထားပေါ့နော်၊ ကိုဘိုဘိုဦးတို့နဲ့လည်း နီးနီးစပ်စပ် ရှိနေတဲ့အနေအထား။ အဲဒါနေတစ်ဆင့် ဦးညီပုတို့ရဲ့ သတင်းပေါ့နော်။ ရခိုင်မှာရှိနေတဲ့ နိုင်ငံရေးအခင်းအကျင်း။ အဲဒါလေးတွေကိုလည်း ကိုယ်က ကြားခဲ့၊ သိခဲ့ရတဲ့ အနေအထားတွေ ရှိတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ ဦးညီပုအနေနဲ့က ရခိုင်ဒေသကို အရမ်းဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ဘာလို့လဲဆို ဖွံ့ဖြိုးတိုးတက်မှသာလျှင် အခုလက်ရှိ ရှိနေတဲ့၊ ဖြစ်နေတဲ့ ပြဿနာတွေဟာ တစ်စိတ်တစ်ပိုင်း ‌ဖြေရှင်းနိုင်မယ်ပေါ့နော်။ အဲဒီလိုပုံစံမျိုးနဲ့ သူက အရမ်းတိုးတက်စေချင်တယ်။ တိုးတက်စေချင်တဲ့အခါမှာ အကူအညီတောင်းတယ်။  

ရခိုင်မှာက ဘယ်လိုမျိုးလဲဆိုရင် ကျွန်မ သိသလောက်ပြောရရင် ဥပမာတစ်ခုပြောရရင် ငပလီစည်ဈေးပေါ့။ ဈေးဆိုရင် တင်ဒါခေါ်တယ်။ ဒါပေမယ့် လာဆောက်တဲ့သူ မရှိဘူး။ တစ်ကြိမ်ခေါ်တယ်၊ လာလျှောက်သူမရှိဘူး။ နှစ်ကြိမ်ခေါ်တယ်၊ လာလျှောက်သူမရှိဘူး။ အဲဒီလို အနေအထားမျိုးထိ ဖြစ်နေတဲ့ နေရာ၊ ဒေသပေါ့နော်။ အဲဒီလိုပဲ ဦးညီပုအနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာစေချင်တယ်။ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေ လာစေချင်တယ်။ အဲ့အတွက် ဖိုရမ်တွေ လုပ်တယ်။ ဒါလည်း ကောင်း‌ကောင်းမွန်မွန် မဖြစ်ခဲ့ဘူးပေါ့။  

အဲ့လို အနေအထားမျိုးတွေကို အမြဲတမ်း သိနေရတဲ့၊ ကျွန်မတို့သိတဲ့ သတင်းအချက်အလက် ဆိုတာကတော့ အဲ့တာတွေလို့ ပြောလို့ရတယ်။ အဲ့ဒီမှာ ဘာထပ်သိရလဲဆိုတော့ အခု ကမ်းသာယာကိစ္စ ဆိုရင်လည်း ဒီလိုပရောဂျက် လုပ်ချင်တယ်။ ဒါလူစည်ကားတဲ့နေရာ တစ်ခုဖြစ်အောင် ငပလီလိုမျိုးပဲ၊ ဦးညီပုက။ ဒါပေမယ့်လည်း ဒီဟာကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ရှာတဲ့အခါမှာ တော်တော်လေးကို အခက်အခဲ ရှိခဲ့တယ်ပေါ့နော်။ အခြေချဖို့ ဝန်လေးနေတဲ့ အနေအထား ရှိတယ်ပေါ့နော်။ အဲ့ဒီမှာ ကိုဘို အနေနဲ့က ကန်သာယာ ပရောဂျက်၊ ဒါမျိုးကို အကောင်အထည် ဖော်ချင်တယ်။ အဲဒီအတွက် ပြည်တွင်းပြည်ပကို သူရှာတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူပေါ့နော်။ ကြိုးစားရှာပေမယ့် ခက်ခဲခဲ့တယ်။  

အဲ့လို အနေအထားမှာ ကိုရဲမင်းကို လုပ်မလားပေါ့။ ကိုရဲမင်းဦးကလည်း အဲဒီအချိန်မှာ စီးပွားရေးသမားပဲ ရှိသေးတယ်။ စီးပွားရေးအနေနဲ့ပဲ ရပ်တည်သေးတယ်။ ပါတီကို ဟိုဟိုဒီဒီ သင်တန်းပေးတာမျိုးတွေမှာ ကိုယ်တွေနဲ့ အချိတ်အဆက် ရှိနေတာဖြစ်တဲ့အတွက် ကိုဘို့အနေနဲ့ ကိုရဲမင်းဦး လုပ်နိုင်မလားဆိုတော့ ကိုရဲမင်းဦးအနေနဲ့ ဒီလိုနေရာမှာ ဒါက ဖွံ့ဖြိုးတိုးတက်ဖို့ လိုမယ်ဆိုပြီး လုပ်မယ်ဆိုတဲ့ အနေအထားနဲ့ လုပ်ဖြစ်ခဲ့တယ်။ ကိုယ်တွေကိုကျတော့ ကိုရဲမင်းဦးအနေနဲ့ လာရှင်းပြတဲ့ အနေအထားကတော့ ဒါက သူရဲ့ရည်ရွယ်ချက်ကတော့ ဒီနေရာမှာ အများပိုင်းကုမ္ပဏီတစ်ခုအနေနဲ့ ဟိုတယ်လေးတွေ ရှိမယ်၊ စားသောက်ဆိုင်တွေပါမယ်။ သင်တန်းကျောင်းတွေ ပါမယ်။ အဲဒါဆို သင်တန်းတွေ၊ ဒီဟိုတယ်တွေကိုလည်း ဒီဒေသမှာ အလုပ်ပိုရမယ်ပေါ့။ ဒီဒေသခံတွေကိုပဲ သင်တန်းပေးမယ်။ ပေးပြီး ဒီဟိုတယ်မှာပဲ အလုပ်ပြန်ပြီးတော့ ခန့်မယ်ဆိုတဲ့ အနေအထားမျိုးတွေ လုပ်မယ်။ ပတ်ဝန်းကျင်ကလူတွေ အကုန်လုံးကလည်း ဈေး‌ရောင်းဖို့အတွက် အနေအထားတွေ ဖြစ်လာနိုင်မယ်။ အဲဒါတွေကို အကြမ်းဖျဉ်း ပြောရမယ်ဆိုရင်၊ ဒေသထွက်ကုန်တွေ ရောင်းမယ်ပေါ့။ အဲ့လို အနေအထားမျိုးနဲ့ လုပ်မယ်။  

နောက်တစ်ခုက အဓိက ပြောချင်တာက ဒီကုမ္ပဏီကို ကျွန်မ နားလည်ထားတာ တစ်ခုက ဘာလဲဆိုတော့ အများပိုင်ကုမ္ပဏီ လုပ်မယ်။ ထောင်ပြီးပြီဆိုတဲ့ အချိန်ကျရင် ဒီရှယ်ယာကို ဖြစ်နိုင်သမျှ အနည်းဆုံးဈေး။ အဲဒီတုန်းက ပြောတာ ကျွန်မ သေချာမမှတ်မိဘူး။ သောင်းဂဏန်းလောက် အဆင့်ထိကိုချပြီး ရောင်းမယ်ပေါ့။ ဒါဆိုရင် လက်လုပ်လက်စား၊ အခြေခံလူတန်းစားတွေ ကိုယ်တိုင်ကိုက ဒီကုမ္ပဏီထဲမှာ ရှယ်ယာအနေနဲ့ ပါဝင်နိုင်မယ်ပေါ့။ အဲ့လိုပုံစံမျိုးအနေနဲ့ လုပ်မယ်ဆိုတဲ့ဟာကို ကိုယ့်ကိုလာပြောတယ်။  

ပြောတဲ့အခါမှာ ဒီဟာနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့ အခြားစီးပွားရေး လုပ်ငန်းရှင်တွေကလည်း မရှိတဲ့အခါမှာ ဒီဟာကိုစပြီး လုပ်ဖြစ်နိုင်ဖို့အတွက်ကိုမှ ကုမ္ပဏီရဲ့ ဒါရိုက်တာပေါ့။ ကုမ္ပဏီဖွဲ့စည်းပုံအရ လူပြည့်အောင် ဖြည့်ကြပါ။ ဖြည့်ပေးပါဆိုတဲ့ အနေအထားမှာ ဒါဝိုင်းပြီး ဖြည့်လိုက်တဲ့ သဘောပဲ။ ဖြည့်လိုက်တဲ့သူတွေကလည်းကိုယ်တွေနဲ့ ရင်းနှီးပြီး၊ နိုင်ငံရေးမှာ ပါဝင်ပြီးတော့ လက်တွဲပြီး လုပ်ခဲ့ကြတဲ့သူတွေပဲ ဖြစ်တဲ့အတွက် ကိုယ်‌တွေအနေနဲ့ ဘာမှ ထွေထွေထူးထူး စဉ်းစားစရာ မရှိခဲ့ဘူး။ ပေါ့ပေါ့ပါးပါးပဲ အိုကေပေါ့။ ဒါဝိုင်းပြီး တတ်နိုင်သမျှ လုပ်ကြမယ်ဆိုတဲ့ အနေအထားနဲ့ပဲ စဖြစ်ခဲ့တယ် ပြောရရမှာပဲ။ ပြောဖြစ်ကြတာက ၂၀၁၇၊ ၂၀၁၈ ထဲလောက်မှာပဲရှင့်။ ကျွန်မ သေသေချာချာ မမှတ်မိဘူး။  

မေး ။       ။ ကုမ္ပဏီက လုပ်ငန်းတွေ စလိုက်သေးလား။ ဘယ်အနေအထားအထိ လုပ်ခဲ့ကြသေးလဲခင်ဗျ။  

ဖြေ ။       ။ ကုမ္ပဏီက ဘာမှ မလုပ်ဖြစ်လိုက်ဘူး။ မလုပ်ဖြစ်လိုက်ဘူးဆိုတာက အဲဒီနောက်ပိုင်း ဖြစ်လာတဲ့ ရခိုင်အနေအထားက နိုင်ငံရေးအခြေအနေ အနေအထားနဲ့ပဲ ဆက်မလုပ်ဖြစ်ဘူး ထင်တယ်။ ကျွန်မက ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဟာလေးကို ပါဝင်ပြီးအားဖြည့်ပါ။ စပြီး လုပ်နိုင်အောင် အားဖြည့်လိုက်ပါဆိုတဲ့ အနေအထားပါပဲ။ ကုမ္ပဏီကို စထောင်မယ်ဆိုတော့ လက်မှတ်တွေဘာတွေ ထိုးပေးလိုက်တယ်။ ထိုးပြီး စပြီးတော့ ဖောင်တင်ဖို့ပေါ့နော်။ ဖောင်တင်ဖို့အတွက်ကို လက်မှတ်ထိုးပေးလိုက်တယ်။ အဲဒီ ထိုးပေးလိုက်တာ နောက်ဆုံးပဲ။ ဒီကုမ္ပဏီနဲ့ ပက်သက်တာ အဲဒါ နောက်ဆုံးပဲ။ နောက်ပိုင်းမှာ ကျွန်မမေးလည်း မမေးဖြစ်ဘူး ဖြစ်နေတယ်။ ဒီဟာနဲ့ ပတ်သက်လို့။ ဪ သူတို့အနေနဲ့ တစ်ခုခု အခက်အခဲဖြစ်လို့ မလုပ်ဖြစ်တာပဲပေါ့နော်။ ဒီလိုပဲ ယုံကြည်ထားပြီးတော့ ကိုရဲမင်းဦးကို ဒီကုမ္ပဏီရဲ့ အနေအထား ဘယ်လိုဖြစ်ပြီလဲဆိုတာ မမေးဖြစ်တဲ့ အနေအထားဖြစ်တယ်။ သိရသလောက်က ဒီကုမ္ပဏီက ဆက်လည်း မလုပ်ဖြစ်ဘူး။ နောက်ပြီး အစိုးရနဲ့ သဘောတူထားတာလည်း ဘာမှမရှိဘူး။ ထောင်ရုံပဲ။  

မေး ။       ။ ရခိုင်ဝန်ကြီးချုပ်ဦး ညီပုက တောင်းဆိုလို့ဆိုပြီး အသံတွေလည်း ကြားတော့ ဒီကုမ္ပဏီစပြီး ထောင်တော့ သူ့သဘောထားရော ပါခဲ့လားဗျ။  

ဖြေ ။       ။ အဲဒါကတော့ ကျွန်မနဲ့က ဘာမှတိုက်ရိုက် ချိတ်ဆက်မှု မရှိဘူး။ ဘာမှမရှိတော့ ကျွန်မလည်း အဲဒီလို သဘောတရားနဲ့ပဲ သိထားခဲ့တာပဲ။  

မေး ။       ။ ဆိုတော့လေ။ အထူးသဖြင့် အာဏာရ ပါတီထိပ်ပိုင်းကသူတွေ ပါတယ်၊ အမတ်တွေ ပါတယ်ဆိုတော့ တစ်ခုခု တုံ့ပြန်ချက်တွေ ရှိလာခဲ့လိမ့်မယ်လို့ မျှော်လင့်ထားလား။  

ဖြေ ။       ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီလောက်ထိကို မတွေးခဲ့ဘူး။ မတွေးခဲ့ဘူးဆိုတာက ကိုယ်ဒေသ ကောင်းကျိုးအတွက်ကို လုပ်မယ့်အနေအထား။ ဒါ ခက်ခဲနေတဲ့ အနေအထားမှာ ကိုယ်က ပါဝင်အားဖြည့်လိုက်တာပဲ ဆိုတဲ့ ကိုယ့်ဘက်က ရှင်းတယ်ပေါ့။ ကိုယ့်စိတ်က ရှင်းနေတာဖြစ်တဲ့အတွက် အဲဒီထိကို ဆက်ကိုမတွေးဖြစ်ခဲ့တာတော့ အမှန်ပဲ။  

မေး ။       ။ ကုမ္ပဏီထောင်တုန်းက ဘယ်သူမှ မသိလိုက်ကြဘူးပေါ့။ အခုသိကြတော့ အာဏာရပါတီက ထိပ်ပိုင်းကသူတွေ ပါလာတော့ အကျိုးစီးပွား ပဋိပက္ခတွေ ဖြစ်လာမယ်လို့ သုံးသပ်ကြတဲ့အပေါ်ရော ဘယ်လိုသုံးသပ်လဲ။

ဖြေ ။       ။  ကျွန်မပြောချင်တာက ကျွန်မတို့က ဒီအစိုးရလက်ထက် မပြောနဲ့ပေါ့။ လုပ်လို့ရတဲ့ ခေတ်မှာတောင် ဒီလိုအလုပ်မျိုး မလုပ်ခဲ့တဲ့သူတွေပါ။ နောက်တစ်ခုက ကျွန်မတို့ နိုင်ငံရေးထဲကို ပါဝင်ခဲ့တယ်၊ စီးမျောခဲ့တယ်ဆိုတာက မတရားမှုတွေကို မကြိုက်လို့ စီးမျောခဲ့ကြတာ။ ကိုယ်နေရာ မရလို့၊ ကိုယ့်လုပ်ပိုင်ခွင့် မရလို့ ဝင်တိုက်ခိုက်ခဲ့တဲ့သူတွေ မဟုတ်ခဲ့ဘူး။ အဲဒီတော့ ပြောချင်တာက ကျွန်မတို့အစိုးရ NLD ခေတ်မှာ ဒါမျိုးအနေအထားကို ပိုပြီး လုပ်လို့မရဘူးဆိုတာ ကျွန်မတို့ အသိဆုံးပဲ။ အဲဒီလို အနေအထားမှာ ပြောချင်တာက ရခိုင်ဝန်ကြီးချုပ် ဦးညီပု။ အင်မတန် စည်းကမ်းရှိတဲ့သူ။ ရခိုင်ပြည်နယ်အတွက်ကို အင်မတန် စေတနာထားတဲ့သူပေါ့နော်။ အဲဒီလို လူမျိုးတစ်ယောက်၊ ဝန်ကြီးချုပ်တစ်ယောက် ရှိတဲ့နယ်မြေမှာ ဒီလိုကိစ္စမျိုး အဖြစ်ခံပါ့မလားပေါ့နော်။ အဲဒါကိုလည်း စဉ်းစားစေချင်တယ်။ အဲဒီလောက်ပဲ ပြောချင်ပါတယ်။  

မေး ။       ။ ၂၀၁၉ အောက်တိုဘာမှာ ကုမ္ပဏီက သက်တမ်းဆက်ပြီး တိုးတယ်ဆိုတော့လေ၊ သိထားသလောက်က အလုပ်ဆက်လုပ်မှာလား။ ဘာကြောင့် သက်တမ်းတိုးတာလဲဗျ။  

ဖြေ ။       ။ အဲဒါလေးတော့ နည်းနည်း အဆက်ပြတ်နေတယ်။ အဆက်ပြတ်တယ်ဆိုတာ ဒီဟာကို ကိုယ်အရင်းနှီးဆုံး မိတ်ဆွေတွေပဲ ဝိုင်းပြီးပံ့ပိုးကြတယ်၊ ပါဝင်ကြတာ ဖြစ်တဲ့အတွက် ကျွန်မ ဒီဟာပေါ်မှာ ထပ်ပြီး သက်တမ်းတိုးလား၊ မတိုးလားတောင် မသိလိုက်တဲ့ အနေအထားရှိတယ်။ အာရုံမထားမိဘူးပေါ့နော်။ အခုဒီဟာကြီး ပေါ်လာမှသာလျှင် ကျွန်မဒီဟာနဲ့ ပတ်သက်ပြီး ပြန်မှတ်မိသလိုတောင် ဖြစ်နေတယ်။  

မေး ။       ။ နောက်တစ်ခုက ဒီကုမ္ပဏီနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ လက်ညိုးထိုးစရာဖြစ်မယ်လို့ သုံးသပ်ကြတဲ့အပေါ်ရော ဘယ်လိုတွေးမိတာရှိလဲ။  

ဖြေ ။       ။ ဘယ်လိုတွေးထားတာ ရှိလဲဆိုတော့ ကျွန်မ Facebook မှာတော့ တင်ထားတာရှိတယ်။ ဒါက စောင့်ကြည့်ပါပေါ့နော်။ ဆိုလိုချင်တာက ကိုယ်အမှားလုပ်ရင် ကိုယ်ခံရမှာပဲ။ အဲဒါက‌တော့ ကျွန်မတို့ ကောင်းကောင်းသိတဲ့ အနေအထားတစ်ခုပါ။ ကိုယ်အမှားလုပ်ရင် ကိုယ်ခံရမှာပဲ။ အဲဒါလေးပဲ ပြောချင်ပါတယ်။  

မေး ။       ။ ပြီးတော့ တစ်လက်စတည်းပေါ့။ ပါတီကနေ မေးလာတာ ရှိပြီလား။ မေးလာခဲ့ရင်ရော ဘယ်လိုပြန်ပြောဖို့ ရှိမလဲ။ ဘာဆက်လုပ်ဖို့ ရှိမလဲ။  

ဖြေ ။       ။ မမေးပါဘူးရှင့်။ ကျွန်မဘာမှ ဆက်လုပ်ဖို့မရှိဘူး။ ပါတီက မေးလာရင်လည်း လက်ရှိ အနေအထားအတိုင်း အမှန်တရားပဲ ပြောပြမှာပါ။ အခုဖြစ်ခဲ့တဲ့ အနေအထား၊ ဖြစ်နေတဲ့ အနေအထား ဒီလို အနေအထားတွေပေါ့။ ကျွန်မ သိတဲ့အတိုင်း သိတဲ့ဟာကိုပဲ ပြောပြမှာပါ။ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။  

မေး ။       ။ ကုမ္ပဏီနဲ့ ပတ်သက်လို့ရော အစ်မတစ်ယောက်တည်း အနေနဲ့ဆို ဘာဆက်လုပ်ဖို့ရှိမလဲ။  

ဖြေ ။       ။ ဘာဆက်လုပ်ဖို့ ရှိမလဲဆိုတာ၊ ဒီကုမ္ပဏီက ဘာမှတော့ ဆက်လုပ်ဖို့မရှိဘူး။ ဖျက်သိမ်းတယ်လို့လဲ ပြောထားတာတော့ ရှိတယ်လို့လည်း ပြောတယ်။ ဒါပေမယ့် ကျွန်မကိုတော့ အခုထိတော့ မပြောသေးဘူး။   

မေး ။       ။ ဆက်လုပ်မယ်ဆိုရင်ရော ဘယ်လိုမျိုး ပါဝင်ဖို့ရှိမလဲ။  

ဖြေ ။       ။ ပါဝင်ဖို့ရှိလားဆို‌တော့။ ဒါ မျှမျှတတ လုပ်တဲ့ကိစ္စ မှန်သမျှကတော့ အကယ်၍ ပြည်နယ်အတွက်လည်း တကယ်လိုအပ်မယ်၊ မျှမျှတတလည်း လုပ်မယ်ဆိုရင် ကျွန်မပါဝင်ဖို့ ဝန်မလေးဘူး။  

မေး ။       ။ ကုမ္ပဏီနဲ့ ပတ်သက်လို့ လက်မှတ်ထိုးပေးရုံ သက်သက်လား။ အကျိုးအမြတ်ကိစ္စတွေ ဆွေးနွေးထားတာရှိလား။ ဘယ်လို ဆက်လုပ်ကြမယ် ဆိုတဲ့ဟာတွေပေါ့။  

ဖြေ ။       ။ ကျွန်မတို့ အစည်းအဝေးတစ်ခါမှ မလုပ်ဖူးဘူး။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကိုရဲမင်းဦး ပြောပြတဲ့ဟာ တစ်ချက်ပဲရှိမယ်။ ကျန်တဲ့ ပတ်သက်တာ အစည်းအဝေးရယ်၊ အမြတ်ခွဲဝေတဲ့ကိစ္စ ဘာညာ ဘာမှ။ ရှင်းရှင်းပြောရရင် ဒါကို လုပ်ပေးပါလို့ တောင်းဆိုထားတာလည်း ဘာမှမရှိဘူးပေါ့နော်။ အစည်းအဝေး လုပ်ထားတာည်း ဘာမှမရှိဘူး။ အဲ့လိုအနေအထား တစ်ခုရှိတာ။  

မေး ။       ။ ဒါဆိုရင် ဦးရဲမင်းဦး ရှင်းပြလို့ ပါဝင်ဖြစ်ပြီးနောက်ပိုင်း အဆက်အသွယ် ပြတ်နေတဲ့သဘောပေါ့။  

ဖြေ ။       ။ ဟုတ်တယ်။ အဆက်အသွယ် ပြတ်တယ်လို့တော့ ပြောမရဘူး။ ဒီကုမ္ပဏီနဲ့ ပတ်သက်ပြီး ဘာမှ ဆက်မပြောဖြစ်ဘူး။  

မေး ။       ။ ဖြည့်စွက် ပြောပြချင်တာရှိလား။  

ဖြေ ။       ။ ဖြည့်စွက်စရာဆိုရင် တစ်ခုပဲ၊ Myanmar Now အနေနဲ့ မီဒီယာအလုပ် မီဒီယာလုပ်တာပေါ့။ အဲဒီလိုပဲ မြင်ပါတယ်။ အဲဒီအတွက် ဘာမှပြောစရာစကားတော့ မရှိပါဘူး။ တစ်ခုလေးပဲ ပြောချင်တာက နာမည်မဖော်ဘဲ ဝေဖန်ထားတဲ့သူ တစ်ယောက်ရဲ့စကားကို ထည့်သုံးတာလေးကတော့ ကျွန်မအတွက် ဘဝင်မကျဘူးပေါ့။ ကျန်တဲ့ဟာကတော့ မီဒီယာအလုပ် မီဒီယာလုပ်တာပဲလို့ပဲ မြင်ပါတယ်။ လက်လည်း လက်ခံပါတယ်။ ဘာမှ မပြောချင်ပါဘူး။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required