မလေးရှားသို့ အိုဘားမားခရီးစဉ် ခြိမ်းခြောက်မှုများကြောင့် စစ်တပ်ဖြင့် လုံခြံုရေး တင်းကြပ်ချထား

မလေးရှားသို့ အိုဘားမားခရီးစဉ် ခြိမ်းခြောက်မှုများကြောင့် စစ်တပ်ဖြင့် လုံခြံုရေး တင်းကြပ်ချထား

ဒေသတွင်း ထိပ်သီးအစည်းအဝေးသို့ သမ္မတအိုဘားမား လာတက်ချိန်တွင် အတည်မပြုနိုင်သေးသည့် အကြမ်းဖက်ခြိမ်းခြောက်မှု သတင်းများထွက်ပေါ်နေ၍ မလေးရှားတွင် နိုဝင်ဘာ ၂၀ ရက်၌ စစ်တပ်ဖြန့်ကြက်ချထားကာ လုံခြုံရေးကို တင်းကြပ်ချထားသည်။

"မလေးရှားမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်မယ်ဆိုတဲ့ ခြိမ်းခြောက်သတင်းတွေ ထွက်နေတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းများပဲဖြစ်ပါတယ်။"ဟု မလေးရှားရဲချုပ် ခါလစ်အဘူဘာကာက နိုဝင်ဘာ ၁၉ ရက်ညက ထုတ်ပြန်ပြောကြားသည်။

ပြင်သစ်၊ အီဂျစ်နှင့် လက်ဘနွန်တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်၍ မလေးရှားနိုင်ငံက လုံခြုံရေးတင်းကြပ်ထားရခြင်းဖြစ်ကြောင်း ခါလစ်က ပြောသည်။

အိုဘားမားက အဖွဲ့ဝင်ဆယ်နိုင်ငံ အာဆီယံအစည်းအဝေးသို့ လာရောက်တက်ရောက်ခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၁ ရက်တွင် စမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဆီယံနှင့် ရင်းနှီးသည့် မဟာမိတ်နိုင်ငံရှစ်နိုင်ငံဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှ၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံများမှ ခေါင်းဆောင်များလည်း တက်ရောက်ကြမည်ဖြစ်သည်။

ထိပ်သီးညီလာခံကျင်းပမည့် ကူလာလမ်ပူမြို့တော် ဗျူဟာကျရာပွိုင့်များတွင် စစ်သား အနည်းဆုံး ၂၀၀၀ နှင့် အခြားလုံခြုံရေးတပ်ဖွဲ့ဝင် ၂၅၀၀ ကို အသင့်တပ်စွဲချထားကြောင်း စစ်တပ်အကြီးအကဲ ဇူကီဖီလီမို့ဇင်က ပြောကြားခဲ့သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly