BCGE က အမျိုးသမီးစွန့် ဦတီထွင်လုပ်ငန်းရှင်များကို လုပ်ငန်းခွင်၌ ထိပါးနှောင့်ယှက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများ လျော့ကျကင်းရှင်းရေး အားပေးတိုက်တွန်း

BCGE က အမျိုးသမီးစွန့် ဦတီထွင်လုပ်ငန်းရှင်များကို လုပ်ငန်းခွင်၌ ထိပါးနှောင့်ယှက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများ လျော့ကျကင်းရှင်းရေး အားပေးတိုက်တွန်း

လုပ်ငန်းခွင်အတွင်း ကျား၊မ တန်းတူညီမျှမှုနှင့် ပတ်သက်၍ ထူးချွန်မှုစင်တာတစ်ခုအဖြစ် အထင်အရှား ရပ်တည်နေသောအဖွဲ့အစည်းတစ်ခုအနေဖြင့် စီးပွားရေးလုပ်ငန်းများ ကျား၊မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှု အသင်း (Business Coalition for Gender Equality _ BCGE) အဖွဲ့အစည်းသည် လုပ်ငန်းခွင်များတွင် ကျား၊မ တန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍ မြှင့်တင်ရေးများကို  စီးပွားရေးလုပ်ငန်းများ၊ အခြားအဖွဲ့အစည်းများနှင့်အတူ ဆောင်ရွက်လျက်ရှိပါသည်။ 

BCGE အသင်းသည် ၎င်းတို့၏ “လုံခြုံပျော်ရွှင် လုပ်ငန်းခွင်” ဟူသော ဆောင်ပုဒ်ဖြင့် ကျား၊မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု (16 Days of Activism Against Gender-Based Violence) campaign တစ်စိတ်တစ်ပိုင်း အနေဖြင့် “စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် လုံခြုံစိတ်ချပြီး ပျော်ရွှင်စရာကောင်းသော လုပ်ငန်းခွင်တစ်ခုကို ဖန်တီးခြင်း” ဆိုသည့် ခေါင်းစဉ်နှင့် အွန်လိုင်း နှီးနှောဖလှယ်ပွဲတစ်ခု ကျင်းပခဲ့ပါသည်။ 

ဤအစီအစဉ်ကို  UN Women Myanmar နှင့် BoP Inc. တို့၏ ကူညီပံ့ပိုးမှုဖြင့် စီးပွားရေးလုပ်ငန်းများ ကျား၊မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်ရေးအသင်း (BCGE)၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN)၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) နှင့် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA) တို့မှ ပူးပေါင်း စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။ 

“ဒီ လုံခြုံပျော်ရွှင် လုပ်ငန်းခွင် လှုပ်ရှားမှုကနေတစ်ဆင့် ကမ္ဘာ့ကပ်ရောဂါကြောင့် အဖွဲ့အစည်း၊ ကုမ္ပဏီတွေမှာ နေအိမ်ကနေ အလုပ်လုပ်တဲ့စနစ်ကို ပြောင်းလဲနေချိန်ကာလမျိုးမှာ အလုပ်ခွင်အတွင်းနဲ့ နေအိမ် (မိသားစု)တွေမှာ ဖြစ်ပေါ်နေတဲ့ ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေ လျော့ပါးကင်းရှင်းရေး ဘယ်လောက်အရေးပါတယ်ဆိုတာကို မီးမောင်းထိုးပြ အသိပေးဖို့ ရည်ရွယ်ပါတယ်” ဟု BCGE Country Director ဒေါ်ကျော့ကေသီဝင်းမှ ပြောကြားခဲ့ပါသည်။ 

“သုတေသန လေ့လာတွေ့ရှိချက်တွေအရ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်းဟာ ကျား၊ မ ဦးရေ အချိုးအစား မညီမျှတဲ့ လုပ်ငန်းခွင်တွေမှာ ဖြစ်ပေါ်လေ့ရှိပြီး အမျိုးသမီးများ ဦးဆောင်သော လုပ်ငန်းများတွင် ထိပါးနှောင့်ယှက်မှု လျော့နည်းကြောင်း တွေ့ ရှိရပါတယ်။ နိုင်ထက်စီးနင်းပြုမူခြင်းနဲ့ ထိပါးနှောင့်ယှက်မှု လျော့ပါးကင်းရှင်းတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်စွမ်းဆောင်ရည် ပိုမိုတိုးတက်ကြောင်း တွေ့ရပါတယ်။ ဝန်ထမ်းတွေရဲ့ အလုပ်စွမ်းဆာင်ရည် မြှင့်တင်ဖို့နဲ့ လုံခြုံပျော်ရွှင် လုပ်ငန်းခွင်တစ်ခုကို ဝိုင်းဝန်းဖန်တီးဖို့အတွက်လည်း စီးပွားရေး လုပ်ငန်းရှင်များနဲ့ မန်နေဂျာများကို တိုက်တွန်းချင်ပါတယ်” ဟု BoP Inc. ၏ Myanmar Country Representative Britt De Lange မှ မျှဝေပါသည်။

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း မှ ဒုတိယဥက္ကဌ ၁ ဖြစ်သူ ဒေါ်အေးမြတ်မြတ်သူက အမျိုးသမီးလုပ်ငန်းရှင်များအား လုပ်ငန်းခွင်အတွင်း ထိပါးနှောင့်ယှက်ခြင်းကို မည်သို့ အသိအမှတ်ပြုပြီး ကိုင်တွယ်ဖြေရှင်းရမည်ကို ပညာပေးရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။  “ယခုလို အကြောင်းအရာတွေကို မျှဝေတာဟာ အမျိုးသမီတွေအတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှု တည်ဆောက်ဖို့ ၊ ကိုယ့်ရဲ့ ကိုယ်ပိုင် အခွင့်အရေးတွေကို နားလည်ဖို့နဲ့ လုပ်ငန်းခွင်အတွင်း ထိပါးနှောင့်ယှက်ခြင်နဲ့ဆိုင်တဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ များစွာ အကျိုးရှိစေပါတယ်” ဟုလည်း သူမက ဆိုသည်။

မြန်မာ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၏  ဥက္ကဌ ဖြစ်သူ ဒေါ်ခင်လေးမှ "စွန့်ဦးတီထွင်အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်း အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုဗဟုသုတတွေ သိရှိထားမယ်ဆိုရင် ကိုယ့်ကိုယ်ကို ကြိုတင်ကာကွယ်ထားနိုင်ပြီး ယုံကြည်ချက် ရှိရှိနဲ့ လုပ်ငန်းတွေ တွန့်ဆုတ်မှုမရှိပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်တွင်းနှင့် ပြည်ပ ကျွမ်းကျင်သူများက အမျိုးသမီးများ ဦးဆောင်သည့် စွန့်ဦးတီထွင်စီးပွားရေး စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး လက်ရှိသုတေသနနှင့် ဈေးကွက်လေ့လာတွေ့ရှိမှုများ၊ လုပ်ငန်းခွင်အတွင်း ထိပါးနှောင့်ယှက်မှု လျော့ပါးကင်းရှင်းရေး မူဝါဒနှင့် ပြဌာန်းချက်များ အကြောင်းဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။ 

အဆိုပါဆွေးနွေးမှုအပိုင်းတွင် ထိပါးနှောင့်ယှက်မှုဆိုင်ရာမူဝါဒများ နှင့်အတူ ဝန်ထမ်းများ အတွက် ရှင်းလင်းသော အစီရင်ခံမှု လုပ်ထုံးလုပ်နည်းများ အရေးပါပုံကို မီးမောင်းထိုးပြခဲ့ပြီး၊ တိုင်ကြားမှုများကို မြန်ဆန်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ ကိုင်တွယ်ရန်နှင့် လုပ်ထုံးလုပ်နည်းများ ဆက်လက်လေ့လာသင်ကြားပေးရန် အလုပ်ရှင်များအား တိုက်တွန်းခဲ့သည်။ လူ့အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော The Fifth Pillar မှ လုပ်ငန်းအစီအစဉ်ဒါရိုက်တာ ဦးနေဝင်းနိုင်သည် ၎င်းကိုယ်ပိုင်အတွေ့အကြုံအရ  မြန်မာနိုင်ငံ လုပ်ငန်းခွင်များတွင် အလုပ်သမား၊ ဝန်ထမ်း အများစုက ၎င်းတို့၏ ကုမ္ပဏီများတွင် နိုင်ထက်စီးနင်းပြုမူခြင်း သို့မဟုတ် ထိပါးနှောင့်ယှက်ခြင်း မရှိဟုပြောလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ထိပါးနှောင့်ယှက်ခြင်း ၏ အဓိပ္ပါယ်ကို ရှင်းလင်းစွာဖွင့်ဆိုထားခြင်းမရှိသောကြောင့်ဖြစ်သည်ဟု ဆိုခဲ့သည်။

BoP Inc. ၏  Myanmar Country Representative Britt de Lange သည်လည်း မြန်မာအမျိုးသမီးများနှင့် တွေ့ဆုံမေးမြန်းခြင်းများမှ လေ့လာမှုရလဒ်များကို ယခုကဲ့သို့ တင်ပြခဲ့ပါသည်။ 
မြန်မာအမျိုးသမီးအများစုသည် ယခု ကိုဗစ်ကာလအတွင်းတွင် ၎င်းတို့အတွက် အလုပ်တာဝန် ပိုမိုများပြားလာစေသည်ဟု ခံစားမိကြပါသည်။ အထူးသဖြင့် မိသားစုတာဝန်များကိုပါ လုပ်ဆောင်ရသောကြောင့် ဝန်ထုပ်ဝန်ပိုးနှစ်ဆ ရှိသည်ဟု ခံစားရသော အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ရာခိုင်နှုန်းသည် ၇၅% အထိ တိုးမြင့်လာပါသည်။ 
အင်တာဗျူး ဖြေကြားသူများမှလည်း လုပ်ငန်း ဆောင်ရွက်မှုများကို နှောင့်နှေးစေသည့် လုံခြုံရေးဆိုင်ရာ ပြသနာများ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း  ကြုံတွေ့ရဖူးသည်ဟု ဆိုကြပါသည်။  ဥပမာအားဖြင့် ညပိုင်းတွင်သာ ကျင်းပလေ့ရှိသော စီးပွားရေးဆိုင်ရာ လူမှုကွန်ယက်ချိတ်ဆက်ပွဲများတွင် အမျိုးသမီးများအနေဖြင့် တက်ရောက်ရန် ခက်ခဲလှသည်ဟု ဆိုကြပါသည်။ ထို့အပြင် အမျိုးသားအများစုကိုသာ ခန့်အပ်လေ့ရှိသော သတင်းအချက်အလက်နှင့် နည်းပညာ လုပ်ငန်းနယ်ပယ်များသို့ ဝင်ရောက်ရန် အမျိုးသမီးများအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါသည်ဟုလည်း ဖွင့်ဟခဲ့ကြပါသည်။ 
  
ထိပါးနှောင့်ယှက်ခြင်းနှင့် နိုင်ထက်စီးနင်းပြုမူခြင်းများသည် လူ့ဝန်းကျင်အသိုင်းအဝန်းက အရှက်ရဖွယ် သိုသိုသိပ်သိပ် ဖုံဖိထားရမည့်ကိစ္စဟု ထင်မြင်ကြသော်လည်း တက်ရောက်လာသူများအနေဖြင့် ဤအကြောင်းအရာများနှင့်ပတ်သက်၍ ဆက်လက်ထုတ်ဖော်ပြောဆိုသွားကြရန် UN Women Myanmar မှ Head of Programme Karin Fueg မှ တိုက်တွန်း ပြောကြားခဲ့ပါသည်။ 
 “ဒီ ကျား၊မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုဟာဆို လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေသာမက သက်ဆိုင်ရာ မိသားစုတစ်ခုလုံးနဲ့ စီးပွားရေးတစ်ခုလုံးကို ပါ အထောက်အကူပြုပါတယ်” ဟုလည်း သူမက ထောက်ပြခဲ့ပါသည်။
            
“လုပ်ငန်းခွင်ဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ နိုင်ထက်စီးနင်းပြုမူခြင်းနဲ့ ခွဲခြားဆက်ဆံခြင်းတွေကို ပီပီပြင်ပြင် သိရှိနားလည်လာမှသာ အမျိုးသမီးတွေက လုပ်သားအင်အားထဲသို့ ပိုပြီး ဝင်ရောက်လာနိုင်မှာ ဖြစ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” ဟု မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် ၏ ဒုဥက္ကဌ ဒေါက်တာစုလှဟန်က မှတ်ချက်ချခဲ့ပါသည်။
            
BCGE သည် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ယခုလို နှီးနှောဖလှယ်ပွဲများ ဆက်လက်ကျင်းပခြင်းအားဖြင့် အမျိုးသမီးများကို လုပ်ငန်းခွင်အတွင်း နိုင်ထက်စီးနင်းပြုမူခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းအကြောင်း ဖွင့်ဟပြောဆိုသည့် စကားဝိုင်းများဖြစ်ပေါ် လာစေရန် အားပေးတိုက်တွန်းနိုင်မည်ဟု မျှော်လင့်ပါသည်။ 

BCGE အသင်းသည် စီးပွားရေးကဏ္ဍ၏ ဦးဆောင်ကုမ္ပဏီများဖြင့် စုပေါင်းဖွဲ့စည်းထားသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းခွင်နေရာများတွင် ကျား၊မ တန်းတူညီမှု ရရှိရေးအတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။ အသင်းကို မြန်မာနိုင်ငံရှိထိပ်တန်းစီးပွားရေးလုပ်ငန်း (၇) ခုဖြစ်သော City Mart Holding Limited (CMHL), KBZ Bank, KBZ MS, AYA Bank, FMI, Parami Energy Group of Companies နှင့် Shwe Taung Group) မှ ဦးဆောင်တည်ထောင်ထားပြီး သြစတြေးလျအစိုးရက Investing in Women လုပ်ငန်းအစီအစဉ်မှတစ်ဆင့် ကူညီပံပိုးထားပါသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly