မြစ်ရေ စည်းချက် ဧရာဝတီ - ၂၂ 

မြစ်ရေ စည်းချက် ဧရာဝတီ - ၂၂ 

ဒီဇင်ဘာ ၁၇

မြန်မာပြည်ရဲ့ မြေပေါ်သယံဇာတတွေထဲမှာ မြန်မာပြည်သားတွေ အမြတ်နိုးဆုံး တန်ဖိုး အထားဆုံးကို ပြောပါဆိုရင် ဧရာဝတီမြစ်နဲ့ မြစ်ရေကိုပဲ ပြောရမယ်ထင်ပါတယ်။ ခေတ်အဆက်ဆက် သီချင်းတွေထဲမှာပဲကြည့်ကြည့်၊ ကဗျာတွေထဲမှာပဲကြည့်ကြည့်၊ စာပေတွေထဲမှာပဲကြည့်ကြည့်၊ ရုပ်ရှင်ကားတွေထဲမှာပဲ ကြည့်ကြည့်၊ အပြောအဟောပွဲ တွေမှာပဲ နားထောင်နားထောင် ဧရာဝတီမြစ်ကို စာဖွဲ့ပြီး ပြောကြ ရေးကြ တင်ဆက်ကြ တာ မရိုးမအီနိုင်အောင်ပဲ ဖြစ်ပါတယ်။  

ဧရာဝတီမြစ်ဖျားခံရာကစလို့ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာလိုက်တာ မန္တလေးမြို့ကို ရောက်တဲ့အခါ ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်ကြီးဟာ တစ်စတစ်စနဲ့ အလှအပတွေ နည်း သထက် နည်းလာတယ်လို့ပဲမြင်မိပါတယ်။ တချို့နေရာတွေမှာ မြစ်ကြောင်းဟာ ပရမ်း ပတာ ဖြစ်နေပြီး မြစ်ပွားတွေနဲ့ သွားလို့ရတဲ့နေရာဟာ ကွေ့ကာကောက်ကာနဲ့ ခရီးမတွင် တာရော မြေယာဆုံးရှုံးမှုနဲ့ မြစ်ကြီးဟာ ပြန့်ကားပြီး ကြည့်ရတာ အတော်အဆင် မပြေလှ ပါဘူး။ ကျွန်တော်ကလည်း ဧရာဝတီချစ်သူ တစ်ယောက်အနေနဲ့ ဒါတွေကို ဘယ်လိုများ ပြုပြင်ရမလည်း၊ ထိန်းသိမ်းရမလည်းဆိုတာနဲ့ အကျိုးရှိအောင် ဘယ်လိုလုပ်ကြမလဲဆို တာ ပြည်သူတွေအားလုံးက ဝိုင်းဝန်းစဉ်းစားရမှာပဲဖြစ်ပါတယ်။  

မန္တလေးမြို့ကနေ ထွက်လာခဲ့တဲ့အခါ မန္တလေးမြို့ကမ်းနားကနေ အနောက်ဖက်ကမ်းကို ကြည့်လိုက်ရင် ဧရာဝတီမြစ်လယ်ကကျွန်းက ဟင်းရွက်စုရွာ၊ တစ်ခါ နောက်ကျွန်း တစ်ကျွန်းမှာကတော့ ညောင်ပင်သာရွာရှိတဲ့ ရေလယ်ကျွန်းကြီးကိုတွေ့ရမှာပါ။ အဲဒီကျွန်း ကြီးရဲ့ အနောက်ဖက်မှာ ကျွန်းနှစ်ကျွန်းပြီးမှ ဧရာဝတီရဲ့ အနောက်ဖက်ကမ်းကို မြင်ရမှာပဲ ဖြစ်ပါတယ်။ မန္တလေးမြို့ ဂေါဝန်ဆိပ်ကနေထွက်လာပါပြီ ။ 

ရေလယ်ကျွန်းကြီးတွေကို ငေးမောရင်း၊ ဒီကျွန်းကြီးတွေဟာလည်း နှစ်တစ်ရာကျော်မက သက်တမ်းရှိတယ်လို့လည်း သိရပါတယ်။ ကျွန်းကြီးတွေဆုံးတဲ့အခါမှာတော့ မြစ်အရှေ့ ဖက်ခြမ်းမှာ သဲသောင်ကြီးတစ်ခုတွေ့ရပါတယ်။ အဲဒီသဲသောင်ကြီးရဲ့ ဟိုးတစ်ဖက်မှာ သောင်သမန်အင်းကြီးရှိတဲ့ အမရပူရမြို့ရှိပါတယ်။ အဲဒီမှာ သောင်သမန်အင်းရဲ့ အရှေ့ ဖက်ကမ်းနဲ့ အနောက်ဖက်ကမ်းကို ဖြတ်တဲ့ ရှေးဟောင်း ဦးပိန်တံတားရှိတယ်လို့လည်း သိရပါတယ်။ 

သဲသောင်ပြင်ကြီးဆုံးတဲ့အခါမှာတော့ မန္တလေးနဲ့ စစ်ကိုင်းကို ဖြတ်တဲ့ တံတားအသစ်ကြီး ဖြစ်တဲ့ ရတနာပုံ ဧရာဝတီမြစ်ကူးတံတားကြီးကို တွေ့ရပါတယ်။တံတားအသစ်ရဲ့ မလှမ်း မကမ်းမှာတော့ အင်္ဂလိပ်ခေတ်က ဆောက်ခဲ့တဲ့ အင်းဝတံတားအဟောင်းကို တွေ့ရမှာပဲ ဖြစ်ပါတယ်။  ၁၉၃၄ ခုနှစ်မှာ ဗြိတိသျှတို့ တည်ဆောက်ခဲ့တာဖြစ်ပြီး ၃၉၄၈ ပေ အရှည်ရှိ အင်းဝတံတားဟောင်းက ၁၉၉၀ ခုနှစ်မတိုင်မီအထိ တစ်ခုတည်းသော ဧရာဝတီမြစ်ကူး တံတားကြီး ဖြစ်ခဲ့ပါတယ်။ သက်တမ်းကြာမြင့်လာမှုကြောင့် ၁၉၉၂ ခုနှစ်မှစပြီး ၁၅ တန် အောက် ကားများသာ ဖြတ်သန်းသွားလာနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီတုန်း က ကုန်တင်ကားတွေဟာ ဇက်သင်္ဘောတွေနဲ့ ကမ်းကူးရတာကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးခဲ့တယ်လို့လည်း သိရပါတယ်။ 

ရတနာပုံတံတားသစ်ကတော့ ၂၀၀၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ၃၆၄၉ ပေ ရှည်တယ်လို့ သိ ရပါ တယ်။ တံတား နှစ်စင်းကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့ နှစ်ပေါင်း ၇၀ ကျော် အတွင်း တံတားဒီဇိုင်းပုံစံ ပြောင်းသွားတာပဲ တွေ့ရပါတယ်။ အနောက်ဖက်ကမ်းက စစ်ကိုင်းမြို့ကြီး ကိုလည်း တွေ့ရပါတယ်။ တံတားနှစ်စင်းအလွန်လေးမှာပဲ လက်ဝဲဖက် အခြမ်း မြစ်ရဲ့ အရှေ့ဖက်မှာ မြစ်ငယ်မြစ်က ဧရာဝတီမြစ်ထဲ စီးဝင်တဲ့ မြစ်ဆုံကို တွေ့ရ ပါတယ်။  

မြစ်ငယ်မြစ်ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ မြစ်တစ်စင်းဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းဘော်တွင်းဖက်က မြစ်ဖျားခံပြီး နမ္မတူ၊ သီပေါဖက်ကနေ စီးဆင်းလာတဲ့ မြစ် ဖြစ်ပြီး ခုလောလော ဆယ်မှာတော့ ဧရာဝတီမြစ်ထက်တောင် အသုံးဝင်နေတယ်လို့ ပြော ရင်တောင် ရပါတယ်။ ဘာလို့လည်းဆိုတော့ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ရဲယမန်း ရွာနားမှာ  မြစ်ငယ်မြစ်ကို ပိတ်ပြီး ရဲရွာရေကာတာ တည်ဆောက်လို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ အကြီးဆုံးရေအားလျှပ်စစ် စက်ရုံဖြစ်ပြီး ၂၀၁၀ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့တဲ့ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ စက်တပ်ဆင်အင်အား ၇၉၀ မဂ္ဂါဝပ် ရှိတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံကတော့ ရွှေလီမြစ်ကို တရုတ်ပြည်နယ်စပ်နဲ့ မလှမ်းမကမ်းမှာ ဖြတ်ပိတ်ပြီး ၂၀၀၈ ခုနှစ်က ဆောက်လုပ်ခဲ့တာပါ၊ စက်တပ်ဆင် အင်အား ၆၀၀ မဂ္ဂါဝပ် ရှိ တယ်လို့လည်း သိရပါတယ်။ ဒီမြစ်ကလည်းပဲ ကသာမြို့နဲ့ ထီးချိုင့်မြို့ကြားမှာပဲ ဧရာဝတီ မြစ်ထဲကို စီးဝင်သွားတာဖြစ်ပါတယ်။ 

ဧရာဝတီမြစ်ပေါ်က မြစ်ငယ်မြစ်ဆုံရာကို ဖြတ်လာပြီးတဲ့နောက်မှာတော့ ဧရာဝတီမြစ်ရဲ့ ရေလယ်မှာ သဲသောင်တွေမတွေ့ရတော့ပါဘူး။ မြစ်ဟာ မြစ်နဲ့တူတဲ့ အရသာကို ခံစားရင်း အရှေ့ဖက်ကမ်းက အင်းဝမြို့ကို ငေးမောရတာလည်း ခံစားချက်တစ်မျိုးကိုရပါတယ်။ အင်းဝမြို့ဟာ မန္တလေးတိုင်းရှိ မြန်မာ့သမိုင်းမှာ အလွန်ကျော်စောတဲ့ မြို့ဖြစ်တယ်ဆိုတာ ငယ်ငယ်က ကျောင်းမှာသင်ခဲ့ရဖူးပါတယ်။ သမိုင်းတစ်လျှောက် မင်းဆက်ပေါင်း ၃ ဆက် က မင်းနေပြည်တော်အဖြစ် နန်းစိုက်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။ ဒီနေရာမှာ ဧရာဝတီမြစ်ကူး အင်းဝတံတားရယ်၊ စစ်ကိုင်းမြို့ရယ်၊ မြစ်ငယ်မြစ်ဆုံရယ်နဲ့ ရှေးဟောင်း အင်းဝမြို့ရယ်က ကျွန်တော်တို့ရဲ့ မြန်မာ့သမိုင်းတစ်ပုဒ်ကို ကြည့်နေရသလိုပါပဲ။ 

ရှေ့ဆက်သွားရင်း မြစ်ဟာ တဖြည်းဖြည်းအနောက်ဖက်ကို မသိမသာကွေ့သွားရာကနေ သိသိသာသာကို ကွေ့သွားပါတော့တယ်။ ဒီနေရာမှာ ဧရာဝတီဟာ မြောက်မှ တောင်သို့ စီးဆင်းတာ မဟုတ်တော့ဘဲ အရှေ့ကနေ အနောက်ကို အခိုက်အတန့် စီးဆင်းတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။အင်းဝမြို့ကိုကျော်လာတယ်ဆိုရင်ပဲမြစ်အနောက်ဖက်ကမ်းမှာ ဧရာဝတီမြစ်သေးသေးလေးတစ်ခု ဖြစ်ပေါ်နေပြီး ကျွန်တော်တို့ သင်္ဘောက ကျယ်ဝန်းတဲ့ ဖက်ကနေသွားရပါတယ်။ အလယ်က ကျွန်းကြီးတစ်ကျွန်းဖြစ်ပြီး ကျွန်းပေါ်မှာ ရွာလေး တစ်ရွာလည်းရှိပါတယ်။ မိုးအခါရေများချိန်ဆို ကျွန်းတစ်ဝက်ခန့် ရေမြုပ်တယ်လို့ ဆိုပါ တယ်။    ။ 

(ဆက်လက်ဖော်ပြပါမည်) 

သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly