မန်ချက်စတာယူနိုက်တက်အနေနဲ့ ကျနော့်ကို အချိန်ပိုပေးဖို့ လိုအပ်ခဲ့တယ်။ - မော်ရင်ဟို

မန်ချက်စတာယူနိုက်တက်အနေနဲ့ ကျနော့်ကို အချိန်ပိုပေးဖို့ လိုအပ်ခဲ့တယ်။ - မော်ရင်ဟို
Photos: EPA

ဟိုဆေး မော်ရင်ဟိုက မန်ချက်စတာယူနိုက်တက်မှာ သူ့ရဲ့ စီမံကိန်းကို အတူတကွ အကောင်အထည်ဖော်ဖို့ လုံလောက်တဲ့ အချိန်တစ်ခု ပေးအပ်ခြင်း မခံရဘူးလို့ ခံစားရပြီးနောက် သူဟာ တော့တင်ဟမ်မှာ ကာလရှည်နေနိုင်ဖွယ်ရှိတယ်လို့ ယုံကြည်နေပါတယ်။ 

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ရာသီက ပိုချက်တီနို နေရာ အစားထိုးဝင်ရောက်ပြီးနောက် စပါးကို ဦးဆောင်နေတာ မကြာသေးခင်ကပဲ တစ်နှစ်ပြည့်သွားပြီး တော့တင်ဟမ်ဟာလည်း ၂၀၂၀-၂၁ ရာသီ စတင်ရာမှာ အမြင့်ဆုံး ပျံသန်းနေပါတယ်။ 

စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ကို ဂိုးကွာခြားချက်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး ဒီနှစ်သင်းဟာ ဗုဒ္ဓဟူးနေ့မှာ ဇယားထိပ်ဆုံးနေရာအတွက် တစ်သင်းနဲ့တစ်သင်း ရင်ဆိုင်ရတော့မှာပါ။

မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်ကို နှစ်နှစ်ခွဲအကြာ ကိုင်တွယ်အပြီး အသင်းက ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီနောက် ၁၁ လအကြာမှာ စပါးနဲ့ ပူးပေါင်ခဲ့ပါတယ်။

မော်ရင်ဟိုဟာ သူ့ရဲ့ နည်းပြဘဝ အစောပိုင်း ကိုင်တွယ်ခဲ့တဲ့ ကလပ်အသင်းတွေနဲ့ အလျင်အမြန် အောင်မြင်မှုရရှိခဲ့တဲ့ အတွေ့အကြုံရှိပြီးနောက် သူက နည်းပြရာထူးမှ ထုတ်ပယ်ခံရချိန်မှာ အချိန်မတိုင်ခင် ဖြတ်ချခံရတယ်လို့ ခံစားခဲ့ရတဲ့ ယူနိုက်တက်မှာ ရေရှည်စီမံကိန်းတစ်ခု ရှိခဲ့တယ်လို့ ပြောပါတယ်။ 

"ကျနော့် နည်းပြဘဝရဲ့ အချို့သော အချိန်ကာလတစ်ခုအတွင်းမှာ အဆင့်မြင့် ကလပ်အသင်းတစ်သင်းကို တာဝန်ယူခဲ့ရပြီဆိုရင် ကျနော်တို့အနေနဲ့ အောင်မြင်မှုရဖို့ အချိန်အများကြီး မလိုခဲ့ပါဘူး"လို့ မော်ရင်ဟိုက ပြောပါတယ်။ 

"ကျနော်တို့ အဲဒါကို ပေါ်တို၊ အင်တာ၊ ရီးယဲလ် (မက်ဒရစ်)၊ ချယ်လ်ဆီးတို့မှာ လုပ်ပြခဲ့တယ်။ အဲဒီတုန်းက ရေရှည်စီမံကိန်း မလိုအပ်ဘဲ ကျနော်တို့ လုပ်ခဲ့တာပါ။ နောက်ပြီး ကျနော့်ရဲ့ ဆန္ဒက မတူညီကွဲပြားတဲ့ အရာတွေကို ကြိုးစားကြည့်ဖို့လည်း ဖြစ်တယ်။ ကျနော့်ရဲ့ ရူးသွပ်မှုက နိုင်ငံတွေ အများကြီးကို သွားဖို့နဲ့ အောင်မြင်ဖို့အတွက် ကြိုးစားဖို့ ဆန္ဒဖြစ်တယ်။ မတူညီတဲ့ နိုင်ငံတွေမှာ ကွဲပြားခြားနားတဲ့ အတွေ့အကြုံတွေကို ရယူဖို့ ကြိုးစားမယ်။ ဒါက ပြည့်စုံကောင်းမွန်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အောင်မြင်မှုရခဲ့လို့ပေါ့။ အဲဒါပြီးရင်တော့ နှုတ်ဆက်ပြီး နောက်တစ်ခု လုပ်ကြည့်မယ်။

"ကျနော့်အတွက် အချိန်လိုအပ်ခဲ့တယ်လို့ ခံစားခဲ့ရတဲ့ ပထမဆုံးအသင်းဟာ မန်ချက်စတာယူနိုက်တက်ဖြစ်ပြီး ဒီအသင်းမှာ အချိန်အလုံအလောက် ပေးအပ်မခံခဲ့ရပါဘူး။ ဘာလို့လဲဆိုတော့ လုပ်ငန်းစဉ်ရဲ့ အလယ်လောက်မှာပဲ ရှိသေးတယ်လို့ ခံစားရလို့ပါ။ ဒါပေမယ့်လည်း ယူနိုက်တက်မှာ ကျနော် ချမှတ်ခဲ့တယ်လို့ဆိုရမယ့် လေးစားမှုရှိတဲ့ ဆုံးဖြတ်ချက်တွေကို အစောကြီး သင်ယူခဲ့ရပါတယ်။ 

မော်ရင်ဟိုဟာ အခုဆိုရင် နည်းပြတစ်ယောက်ဖြစ်လာတာ နှစ်ပေါင်း ၂၀ ကျော်သွားပြီဖြစ်ပြီး သူရှိခဲ့တဲ့ နေရာတိုင်းနီးပါးမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အသက် ၅၇ ရှိပြီဖြစ်တဲ့ နည်းပြက စပါးနဲ့အတူ ကာလရှည်လက်တွဲဖို့အတွက် သူ့ကိုယ်သူ တွေ့မြင်နိုင်တယ်လို့ဆိုပြီး အသင်းနဲ့့ လက်တွဲလုပ်ဆောင်ရာမှာလည်း ပျော်ရွှင်နေတယ်လို့ ပြောသွားပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly