COVID-19 ကြောင့် ညိုးနွမ်းသွားနိုင်တဲ့ အမျိုးသားတို့ဘဝ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr. Htet Htet Zaw Win


COVID-19 ဖြစ်တာ တစ်နှစ်လောက် ရှိလာပြီဆိုတော့ ဖြစ်တဲ့သူတွေဖြစ်၊ ပြန်ကောင်းတဲ့သူတွေကောင်း၊ ကောင်းတဲ့သူတွေလည်း နာလန်ပြန်ထူလာကြပါပြီ။ ပြန်ကောင်းလာကြတယ်ဆိုပေမယ့် လုံးလုံးကောင်းတာတော့ ဖြစ်ဟန်မတူပါဘူး။ ဆေးရုံကဆင်းလို့ အိမ်ပြန်လာကြသည့်တိုင် တော်တော်များမျာက အရင်ကနဲ့ မတူတော့ဘူးလို့ ပြောကြပါတယ်။

ရောဂါတစ်ခုဖြစ်ပြီးရင် နောက်ဆက်တွဲခံစားရသလိုပဲ COVID-19 မှာလည်း ပြန်ကောင်းလာပြီး ဒီလိုမျိုးတွေ ခံစားရပုံပေါ်ပါတယ်။ COVID-19 ရဲ့ နောက်ဆက်တွဲ ပြဿနာများပေါ့။ အများစုကတော့ နုံးတာ၊ အိပ်မပျော်တာ ဖြစ်ကြပါတယ်။ ရှာဖွေလေ တွေ့ရှိလေပဲဆိုဆို COVID-19 ရဲ့ နောက်ဆက်တွဲက ကြာလေလေ ပိုတွေ့လာလေလေပါပဲ။

ခုလည်း အမျိုးသားထုကြီးကို ခြိမ်းခြောက်နိုင်တဲ့ နောက်ဆက်တွဲ တစ်ခုကို ထပ်တွေ့လာရပြန်ပါပြီ။

COVID-19 ကြောင့် အမျိုးသားများ ဘဝဆုံးသွားနိုင်သလား။

COVID-19 ခံစားရပြီး ပြန်ကောင်းသွားတဲ့ အမျိုးသားတွေက အိမ်ပြန်ရောက်သွားတဲ့အခါ အရင်လို ပြန်မဖြစ်ကြပါဘူးတဲ့။ အရင်လိုဆိုတာ ‘လိင်တံမထောင်မတ်‘တာကို ပြောတာပါ။ တစ်ယောက်လည်း မဟုတ် နှစ်ယောက်လည်း မဟုတ် ဒီပြဿနာကို ကြုံလာရလို့ လေ့လာမှုတွေ လုပ်ကြည့်လိုက်တဲ့အခါ တကယ်ဘဲ ‘မထောင်’တာကို တွေ့ရပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

ဖြစ်နိုင်ခြေတွေကို စဉ်းစားကြည့်တဲ့ အခါကျတော့

သွေးကြောတွေ ထိခိုက်တာကြောင့်

လိင်တံထောင်မတ်ဖို့ဆိုတာ လိင်တံထဲကို သွေးတွေ ကောင်းကောင်း စီးဝင်မှရမှာပါ။ ဒါကြောင့် နှလုံးနဲ့ သွေးကြောမကောင်းတဲ့သူတွေမှာ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာတွေ့ရပါတယ်။

COVID-19က ခန္ဓာကိုယ်တစ်ခုလုံးကို ရောင်ရမ်းစေတယ်ဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ အထူးသဖြင့် နှလုံးကြွက်သားတွေက ပိုထိပါတယ်။ နှလုံးကြွက်သားရောင်လို့ သွေးကောင်းကောင်း မညှစ်နိုင်ရင် လိင်တံထောင်မတ်နိုင်မှာ မဟုတ်ပါဘူး။

ဒီလိုပဲ ဗိုင်းရပ်စ်ကြောင့် လိင်တံသွေးကြောတွေ ရောင်ရမ်းပြီး ကျဉ်းနေရင်လည်း ထောင်မတ်နိုင်မှာ မဟုတ်ပါဘူး။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာကြောင့်

COVID-19က လက်ရှိအချိန်မှာတော့ အိပ်မက်ဆိုးပါပဲ။ ရောဂါပိုးမကူးစက်ဘဲ ဒီတိုင်းပဲ အိမ်မှာနေတဲ့သူတောင် စိတ်ညစ်တာ ပိုးကူးခံရတဲ့သူဆို ဆိုဖွယ်ရာ မရှိပါဘူး။ အိမ်ပြန်လာပေမယ့် သူကြုံခဲ့ရတာတွေကြောင့် စိတ်ဖိစီးတာ၊ စိတ်ရှုပ်ထွေးတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်နေနိုင်ပါတယ်။ ဒါဆိုရင်လည်း လိင်တံထောင်မတ်ဖို့ရာ ခက်ခဲနေဦးမှာပါ။

နဂိုကျန်းမာရေး မကောင်းတာကြောင့်

လိင်တံမထောင်မတ်တာက ရောဂါဆိုတာထက် လက္ခဏာလို့ ပြောရင်ပိုမှန်ပါတယ်။ လိင်တံမထောင်မတ်နိုင်တဲ့ အမျိုးသားတွေမျာ ရောဂါက လိင်တံမှာ ရှိနေတာ မဟုတ်ပါဘူး။ တခြားအကြောင်းရင်းကြောင့်သာ လိင်တံမထောင်မတ်နိုင်တာပါ။ ဥပမာ နဂိုတည်းက အဝလွန်တယ်။ ဆေးလိပ်လည်း သောက်တယ်၊ သွေးကြောတွေကလည်း ကောင်းလှတယ်တော့ မဟုတ်ဘူး။

ဒီလိုအချက်တွေ ရှိနေတဲ့အတွက် သူများထက်လည်း ကိုဗစ်ကူးလွယ်တယ်။ ကူးခဲ့ပြီးပြန်တော့လည်း ဒီအချက်တွေကြောင့်ပဲ လိင်တံမထောင်မတ်နိုင်တာက ပိုဆိုးပြီး လက္ခဏာတွေ ပြလာတာမျိုး ဖြစ်နိုင်ပါတယ်။

ပြန်ကောင်းလာပါ့မလား။
ခုထက်ထိတော့ ဒါက ယာယီပဲလား၊ တစ်သက်လုံး ဖြစ်သွားမှာလား၊ မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်မှာလားဆိုတာ ပြောဖို့က စောနေပါသေးတယ်။ လူနာတွေကို ဆက်စောင့်ကြည့်ပြီး လေ့လာချက်တွေ ဆက်လုပ်ရဦးမှာပါ။

အသက်ကလည်း စကားပြောပါသေးတယ်။ အသက်ကြီးတဲ့သူတွေက နဂိုတည်းက လိင်တံထောင်မတ်နိုင်စွမ်းကျလာတဲ့အပြင် ကိုဗစ်ကူးနိုင်ခြေကလည်း ပိုများနေတော့ ကိုဗစ်ကြောင့်လား၊ အသက်ကြောင့်လား ကွဲကွဲပြားပြား သိဖို့ လေ့လာရဦးမှာပါ။

လိင်တံမထောင်မတ်နိုင်တာ တစ်ကိုယ်လုံးရဲ့ ကျန်းမာရေးကို ကိုယ်စားပြုနေတာ ဖြစ်တဲ့အတွက် မထောင်တိုင်း ကိုဗစ်ပါလို့ စွပ်စွဲဖို့ရာ ခက်ပါတယ်။ နဂိုက သန်သန်မာမာ လူငယ်တစ်ယောက်၊ ကျန်းမာရေးလည်း ကောင်းတယ်။ ကိုဗစ်ဖြစ်ပြီးမှ ရုတ်တရက် လိင်တံမထောင်မတ်နိုင်တော့ဘူးဆိုရင်တော့ တစ်မျိုးပေါ့။

အရင်ကတော့ ကိုဗစ်က ဘယ်လိုဖြစ်လဲ၊ ဘယ်လိုကူးလဲဆိုတာကို လေ့လာနေရာက ခုဆိုရင် ကိုဗစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လေ့လာတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ဗိုင်းရပ်စ်ကြောင့် နှလုံး၊ အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ် စတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ဘာတွေ ထိခိုက်နိုင်သလဲဆိုတာအပြင် ခုအမျိုးသားတွေရဲ့ မျိုးပွားစနစ်ကို ပျက်စီးစေနိုင်လာဆိုတာပါ လေ့လာနေရပါပြီ။

ကိုဗစ်ဖြစ်ပြီးပေမယ့် ကိုဗစ်ရဲ့ နောက်ဆက်တွဲ လက္ခဏာတွေကို လနဲ့ချီ ခံစားနေရတဲ့ ‘long haulers’တွေလည်း ဒုနဲ့ ဒေးပါပဲ။

ဒါကြောင့် အမျိုးသားတွေ အနေနဲ့ သေမှာမကြောက်လို့ ပေတစ်ရာ လျှောက်တာ ပြဿနာ မရှိပေမယ့် လိင်တံမထောင်မတ်နိုင်တာကိုတော့ စိုးရိမ်ပါ။ မပြေးသော်လည်း ကန်ရာရှိ ကိုဗစ်ပြန်ကောင်းခဲ့ရင်တောင် ‘ထောင်ထောင်၊ ထောင်ထောင်’ မနေနိုင်မှာကို တွေးကြောက်ပြီး အနေအထိုင်ဆင်ခြင်ကြဖို့ အကြံပြုလိုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly