သံသယဖြစ်ဖွယ် ရုရှားဟက်ကာများက အမေရိကန်ဘဏ္ဍာရေးဌာန အီးမေးလ်များကို ထောက်လှမ်းခဲ့ဟု သတင်းရင်းမြစ်များက ပြော 

သံသယဖြစ်ဖွယ် ရုရှားဟက်ကာများက အမေရိကန်ဘဏ္ဍာရေးဌာန အီးမေးလ်များကို ထောက်လှမ်းခဲ့ဟု သတင်းရင်းမြစ်များက ပြော 

ဒီဇင်ဘာ ၁၄ 
 
ရုရှားအတွက် အလုပ်လုပ်ပေးနေသည်ဟု ယုံကြည်ရသော ဟက်ကာများသည် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့ရှိ ဌာနတွင်း အီးမေးလ် အဝင်အထွက်များကို စောင့်ကြည့်ထောက်လှမ်းထားခဲ့ကြောင်း ယင်းကိစ္စကို သိရှိသူများက ပြောသည်။ 

ထို့ပြင် လက်ရှိအချိန်အထိ ဖော်ထုတ်သိရှိထားသော ဟက်ကာထိုးဖောက်မှုများက ပြဿနာထုထည်ကြီး၏ တစ်စွန်းတစ်စမျှသာ ဖြစ်နေနိုင်မည့်အပေါ် စိုးရိမ်ပူပန်နေကြောင်း ၎င်းတို့က ပြောသည်။ 

ပြီးခဲ့သည့် စနေနေ့က အိမ်ဖြူတော်တွင် အမျိုးသားလုံခြုံရေး ကောင်စီ အစည်းအဝေးတစ်ခု လုပ်ဆောင်ခဲ့ရသည်အထိ ထို ဟက်ကာထိုးဖောက်မှုက ကြီးလေးနေခဲ့ကြောင်း ယင်းကိစ္စကို သိရှိသူများအနက် တစ်ဦးက ပြောသည်။ 

အေဂျင်စီများအနက် အေဂျင်စီတစ်ခု၌ လုံခြုံရေးကျိုးပေါက်မှုတစ်ခု ရှိခဲ့ကြောင်းနှင့် ယင်းကိစ္စကို စုံစမ်းစစ်ဆေးရန် ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီနှင့် FBI (ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို) တို့ကို တောင်းခံပန်ကြားထားကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ 

အမေရိကန် တာဝန်ရှိသူများကမူ ကုန်သွယ်ရေးဝန်ကြီးဌာနထက် ကျော်လွန်ပြီး ယင်းကိစ္စနှင့်စပ်လျင်း၍ လူသိရှင်ကြား များများစားစား ပြောကြားထားခြင်း မရှိပေ။ 

ဤအခြေအနေနှင့် စပ်လျင်း၍ ဖြစ်နိုင်ဖွယ် ကိစ္စရပ်များကို ကုစားရန် နှင့် ခွဲခြားဖော်ထုတ်မှုများ လုပ်ဆောင်ရန် လိုအပ်သည့် လုပ်ဆောင်ချက်အားလုံးကို လုပ်ဆောင်နေကြောင်း အမျိုးသား လုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန် အူလ်ယော့တ်က ပြောသည်။ 

ဟက်ကာ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ရှိနေနိုင်သူများ မည်သူမည်ဝါ ဖြစ်သည်ကို အမေရိကန်အစိုးရက လူသိရှင်ကြား ထုတ်ဖော်ခြင်း မရှိသော်ငြား စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး သိရှိနေသူများအနက် သုံးဦး၏ အဆိုအရ လက်ရှိအချိန်တွင် ရုရှားသည် တိုက်ခိုက်မှုအတွက် တာဝန်ရှိသည်ဟု ယုံကြည်ရကြောင်း သိရသည်။  

အဓိကကျသည့် အမေရိကန် ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီတစ်ခုဖြစ်သည့် FireEye သည် ဟက်ကာ ဖောက်ထွင်းခံရကြောင်း မကြာသေးခင်က ထုတ်ဖော်သိရှိထားခဲ့မှုဖြစ်စဉ်တစ်ခု ပါဝင်ပတ်သက်နေသည့် ကျယ်ပြန့်သော ကမ်ပိန်းတစ်ခုနှင့် ယခု လုံခြုံရေး ကျိုးပေါက်မှုများက ဆက်နွယ်နေကြောင်း သတင်းရင်းမြစ်နှစ်ဦးက ပြောသည်။ 

တစ်ချိန်တည်းမှာပင် ဖေ့ဘွတ်ခ်ပေါ် တင်ခဲ့သည့် ထုတ်ပြန်ချက်တစ်ခုတွင် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အထက်ပါ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်းနှင့် ယင်းက အမေရိကန်အေဂျင်စီများ ဆိုက်ဘာတိုက်ခိုက်ခံရမှုများအတွက် ရုရှားအပေါ် အပြစ်ဖို့သည့် အမေရိကန်မီဒီယာတို့၏ နောက်ထပ်ကြိုးပမ်းမှုတစ်ခုသာ ဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly