အင်္ဂလိပ်စစ်တပ်မှာ စစ်မှုထမ်းခဲ့ဖူးသော သက်ရာကျော်ရှည် စစ်သားဟောင်းကြီး  

အင်္ဂလိပ်စစ်တပ်မှာ စစ်မှုထမ်းခဲ့ဖူးသော သက်ရာကျော်ရှည် စစ်သားဟောင်းကြီး  
ဓာတ်ပုံ - စိုးရာဇာထွန်း

ဒီဇင်ဘာ ၁၃

ခန္ဓာကိုယ်နှင့် လက်ပေါ်တွင် ဆေးမှင်ကြောင်များ ထိုးထားသော အသားဖြူဖြူ၊ အရပ်ပုပု၊ ဝဝဖြိုးဖြိုးနှင့်  အဖိုးအိုတစ်ဦး ခြံထဲတွင် နေပူဆာလုံနေသည်။  စကားပြောပြတ်သားသော အဖိုးစောဆဲဖောဆိုသူ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အုန်းနဲပင်အုပ်စု၊ ကင်မလင်းချောင်း‌ရွာနေ စကော့ကရင်လူမျိုး၊ နှစ်ခြင်းခရစ်ယာန်တစ်ဦးဖြစ်သူ အဖိုးစောဆဲဖော (ခ) ဦးဘအေးတွင် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်မှ ချီး‌မြှင့်ထားသော ဂုဏ်ပြုလက်မှတ်တစ်ခုရှိထားသည်။ ၂၀၁၅ ခုနှစ် လွတ်လပ်ရေးနေ့က ချီးမြှင့်ခဲ့ခြင်း ဖြစ်ကာ ထိုလက်မှတ်ထဲတွင် ၂၀၀၉ ခုနှစ်က အသက် ၁၀၀ ပြည့်ခဲ့သည့်အတွက် ချီးမြှင့်ခဲ့ခြင်းဟု ရေးသားထားသည်ကို တွေ့ရသည်။ သမ္မတဦးသိန်းစိန်ချီးမြှင့်မှုမှာ မှတ်ပုံတင်ပါ မွေးသက္ကရာဇ်ကိုကြည့်ကာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - စိုးရာဇာထွန်း 

‌စောဆဲဖောမှာ ဟင်္သာတတွင် သတ္တမတန်းထိ ပညာသင်ကြားခဲ့သည်။ ထို့နောက် ကျောင်းဆရာအလုပ်ဖြင့် သုံးနှစ်ခန့် စာသင်‌ရင်း အသက် ၂၀ ခန့်ထိ ဟင်္သာတတွင် နေထိုင်ခဲ့သည်။ ညီအကိုမောင်နှမချင်း အရက်မသောက်ဖို့ ပြောဆိုရာ မရသဖြင့် စိတ်ဆိုးပြီး ခြေဦးတည်ရာ ထွက်လာရမှ  အင်္ဂလိပ်တပ်သို့ ၁၉၃၀ ခုနှစ်ဝန်းကျင်တွင် ဝင်ရောက်ဖြစ်ခဲ့သည်ဟု ဆိုသည်။ ၁၉၄၀ ခုနှစ်တွင် ဂျပန်တိုက်ခိုက်သဖြင့် အိန္ဒိယကို ဆုတ်ခွာသွားသော အင်္ဂလိပ်တပ်နှင့်အတူ ပါသွားခဲ့သည်။ အင်္ဂလိပ်တပ်က လွှတ်သဖြင့် အီဂျစ်သို့လည်း သုံးနှစ်ခန့် စစ်မှုထမ်းခဲ့ရသေးသည်။ အင်္ဂလိပ်တပ်တွင် တပ်သားအဆင့်၊ ထိုမှ တပ်ကြပ်ကြီး၊ ထို့နောက် ဗိုလ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ လစာလည်း ကောင်းခဲ့သည်။ အင်္ဂလိပ်တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် စစ်သားဘဝတွင် ၈၀ ရခဲ့ကာ တပ်ကြပ်ကြီးဘဝတွင် ၁၇၀ ဝန်းကျင်ရကာ သုံးပွင့်ဗိုလ်အဆင့်တွင် ၆၃၈ ရသည်။ ထိုခေတ်က ကြက်သားတစ်ပိဿ ငွေ ၁၀၀ ဟု သူကဆိုသည်။

ထိုနောက် လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းသော မြန်မာ့တပ်မတော်တွင် ဗိုလ်ချုပ်၏ တာဝန်ပေးချက်အရ ဗိုလ်ချုပ်လုပ်ကြံမခံရမီအချိန်ထိ စစ်သင်တန်းနည်းပြအဖြစ် ဝင်ရောက်ကာ တာဝန်ထမ်းဆောင်ခဲ့သည်။ “ သူ့လူတွေကို ငါ့ကို သင်ခိုင်းတာက ဟိုတုန်းက မြန်မာစစ်သားတွေက မရှိသေးဘူး။ စတင်းဂန်း၊ ဘရင်းဂန်းတွေ မရှိဘူး။ အဲ့တော့ ဒီသေနက်တွေရတော့ ငါက သင်ရတဲ့အကောင် ငါကဆရာကိုကွာ။ အဲ့တော့ အဲ့ဒီလို လုပ်ခိုင်းတာ ” ဟု ပြောပြသည်။ ဗိုလ်ချုပ်လက်ထက်မှာတော့ လစာအနေဖြင့် ငွေတစ်စုတ်စာ ရရှိသည်ဟု သူကဆိုသည်။

ဓာတ်ပုံ - စိုးရာဇာထွန်း 

အင်္ဂလိပ်တပ်မတော်တွင် ၁၂ နှစ်ဝန်းကျင် တာဝန်ထမ်းဆောင်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းထံ စစ်သင်တန်းနည်းပြအဖြစ် ဗိုလ်ချုပ်မလုပ်ကြံခံရချိန်ထိ တာဝန်ထမ်းဆောင်ခဲ့ရာက ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်ပိုင်း တပ်မတော်မှထွက်ကာ အနားယူခဲ့သည်။  ၁၉၃၀ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ စစ်မှုထမ်းသက်စုစုပေါင်း ၁၇ နှစ်ဝန်းကျင် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် အဖိုးစောဆဲဖော၏ အမရှိရာ ကင်မလင်းချောင်းသို့ ပြန်လာခဲ့သည်။ ထို့သို့နေရင်း ကရင်သူပုန်များအား ဗိုလ်ချုပ်ကျော်ဇော်၏ တောင်းဆိုမှုကြောင့် ဘောလယ်ကျွန်းသို့သွားကာ သူပုန်များနှင့် ညှိနှိုင်းပေးခဲ့ရသေးသည်။ ထို့သို့နေထိုင်းရင်း မိန်းမရခဲ့သည်။  ထို့နောက် ဘောလယ်ကျွန်းမှ ကင်မလင်းချောင်းသို့ ပြောင်းလာကာ လက်ရှိချိန်ထိ နေထိုင်လာသည်မှာ နှစ်ပေါင်း ၇၀ ဝန်းကျင်ရှိပြီဟု အဖိုးစောဆဲဖောက ဆိုသည်။

 သမ္မတ ဦးသိန်းစိန်လက်ထက်က ချီးမြှင့်ခဲ့သော စာအရဆိုလျှင် အဖိုးအသက်မှာ အခုဆို ၁၁၂ နှစ်ဖြစ်သည်။ မှတ်ပုံတင်ထဲတွင် သူ့မွေးသက္ကရာဇစ်က ၁၂၇၁ ခု ဝါဆိုလဆန်း ၁၅ ရက်ဖြစ်သည်။  ဒါပေမယ့် အဖိုးက သူ၏ တကယ့်မွေးသက္ကရာဇ်မှာ ၁၂၅၃ ခု ဝါဆိုလဆန်း ၁၃ ရက်၊ တနင်္ဂနွေနေ့၊ နေလည်ပိုင်းအချိန်ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် အသက်အမှန်မှာ  လာမည့်မြန်မာသက္ကရာဇ် ၁၃၈၃ ဝါဆိုလဆန်း ၁၃ ရက်ဆိုလျှင် အသက် ၁၃၀ နှစ်ပြည့်မြောက်တော့မည်ဟုဆိုသည်။  “ ငါ့ မွေးနှစ်သက္ကရာဇ်ရှိတယ် ” ဟု ပြောပြီး သူ့မွေးသက္ကရာဇ်ကို စာအုပ်မှာ ချရေးပြသည်။  ကင်မလင်းချောင်း တစ်ရွာလုံးကလည်း အဖိုးအသက် ၁၃၀ ဟု လက်ခံကြသည်။

 

ဓာတ်ပုံ - စိုးရာဇာထွန်း 

အဖိုးစောဆဲဖော အသက် ၆၀ ဝန်းကျင်အရွယ်က ရန်ကုန်တွင် အခြားသူတစ်ဦးနှင့် မှတ်ပုံတင်လုပ်ခိုင်းစဉ် အသက်မှား ထည့်မိခဲ့ခြင်းဟု ဆိုသည်။ “ ရန်ကုန်မှာနေတုန်းက သွားလုပ်ခိုင်းတာ အသက်ကို မှားထည့်လိုက်တယ်။ ဖြစ်သလို လုပ်ကြတာပေါ့ ဟေ့ကောင်ရာ ” ဟု အဖိုးစောဆဲဖောက ဆိုသည်။

 အဖိုးစောဆဲဖော၏ အသက် ၆၃ အရွယ်သားတစ်ယောက်က “ အလုပ်ဝင်တဲ့အချိန်တုန်းက လျော့ပြစ်လိုက်တာ။ အစတုန်းက အသက်ကြီးတော့ အလုပ်လုပ်လို့ မရဘူးကွာ ” ဟု ဖြည့်စွက်ပြောသည်။

ဘယ်လိုပဲဖြစ်ဖြစ် အဖိုးစောဆဲဖော၏ ကျန်းမာရေးဒေါင်ဒေါင် မြည်နေဆဲပင်။

အဖိုးစောဆဲဖော ထမင်းစားရာတွင် မပါမဖြစ်အမြဲပါသည့်ဟင်းက ငပိရည်ကျိုဖြစ်သည်။ “ ငပိ၊ တိုစရာပဲ၊ ဖြစ်သလိုပဲ။ ဆင်းရဲသားကိုကွာ။ ငပိကောင်းကောင်းရှိရင် ရတာပဲ ” ဟု ဆိုသည်။ ငပိကိုလည်း ဟင်းရည်လိုသောက်တက်ကြောင်း အဖိုးစောဆဲဖောနှင့်စာကားလက်ဆုံကျနေသော ရပ်ကွက်‌နေ လူငယ်တစ်ဦးက ဆိုသည်။ အဘစောဆဲဖောမှာ ဆင်းရဲသားဟု ကိုယ့်ကိုယ်ပြောပေမယ့် တကယ်တမ်းတော့  အိမ်ခြံ‌မြေ သုံးဧကကျော်၊ လယ်မြေ ၁၆ ဧကရှိသူ ဖြစ်သည်။ ယခင်က ဂရမ်ရှိမြေ ၃၅ ဧကရှိသူ ဖြစ်သည်။ ယခုတော့ ထိုမြေများအား တစ်ချို့တဝတ် ရောင်းထားပြီး ဖြစ်သည်။ ယင်းပိုင်ဆိုင်မှုများအား သူ့၏ သားသမီး၊ မြေး၊ မြစ်များအား ပေးထားပြီးလည်း ဖြစ်သည်။  

ကိုယ်ကာယလေ့ကျင့်ရေးသမား အဖိုးစောဆဲ‌ဖောမှာ ကျန်းမာရေးပိုင်း ကောင်းရုံမက ဘာဂျာလည်း ကောင်းကောင်း မှုတ်နိုင်သည်။ သူ့အိမ်သို့ လာလည်သော သူများအား ဘာဂျာမှုတ်ပြတက်သလို ရပ်ကွက်တွင်းရှိ အသိအိမ်သို့လည်ရင်း လူငယ်များနှင့် ဝိုင်းဖွဲ့ကာ ဘာဂျာမှုတ်ပြတက်သူ ဖြစ်သည်။ ထို့အပြင် သီချင်းအဆိုကောင်းသူတစ်ဦးလည်း ဖြစ်သည်။ သူ့ကိုယ်တိုင်ရေးစပ်ထားသော “ရပ်ဝေးကမေ” သီချင်းကို ကောင်းကောင်းဆိုနိုင်သေးသည်။ ထိုသီချင်းအား အခါသင့်တိုင်း စကားပြောသူရှိလျှင် သီဆိုပြတတ်သည်။

ဓာတ်ပုံ - စိုးရာဇာထွန်း 

“ ရပ်ဝေးကမေ ရပ်ဝေးကမေ ခင်ဆီကို တကယ်ပင်လွမ်းလို့ တမ်းတမိခဲ့သလေ ငယ်ချစ်ဦးမို့လေ မမုန်းနိုင်ပါဘူး ရပ်ဝေး‌မေရေ ကျောင်းမှာ နေစဉ်တုန်းက မေနဲ့ မောင်နဲ့ ချစ်ခဲ့တာတွေ မြစေတီဘုရားမှာလေ ဆုတောင်းခဲ့တာတွေ . . . ”

ကိုယ်ပိုင်သီချင်းအပြင် အင်္ဂလိပ်ဓမ္မသီချင်းနှင့် မြန်မာ့ခေတ်ဟောင်းသီချင်းများအားလည်း ကောင်းကောင်းဆိုတတ်သည်။ စစ်ပညာကို ဗိုလ်ချုပ်အောင်ဆန်း ညွှန်ကြားချက်ကြောင့် နည်းပြအဖြစ် သင်ကြားခဲ့စဉ်က ဗိုလ်ချုပ်ဆိုရန် မှာကြားခဲ့သော နိုင်ငံတော်သီချင်းအား ယခုချိန်ထိ မမေ့မလျော့ ဖျတ်ဖျတ်လတ်လတ် ဆိုပြသည်။

“ ကမ္ဘာမကြေ၊ ဗမာပြည်၊ ဒါ ဒို့‌ပြည်၊ ဒါ ဒို့မြေ ဒို့ပိုင်နက်‌‌မြေ၊ ပြည်ထောင်စုကို အသက်ပေးလို့၊ ဒို့ကာကွယ်မလေ၊ ဒါဒို့ပြည်၊ ဒါဒို့မြေ၊ ဒို့ပိုင်နက်မြေ၊ ဒို့ပြည်၊ ဒို့မြေ အကျိုးကို၊ ညီညာစွာဒို့တတွေ၊ ထမ်းဆောင်ပါစို့လေ၊ ဒို့တာဝန်ပေ၊ အဖိုးတန်မြေ ”

အဖိုးက ဗိုလ်ချုပ်နှင့် ပတ်သက်ပြီး ယနေ့ချိန်ထိတိုင် မှတ်မိနေဆဲပေ။“ ဗိုလ်ချုပ်က နဂိုတည်းက ငါ့ကိုခင်တာပဲ။ ရိုးပြီးတော့ တိုကျို့နေတာ။ လေးစားတာပေါ့။ သူ့က ကိုယ့်ဆရာကြီးဆိုတော့ ကိုယ်နဲ့ ဘယ်လောက်ချစ်ချစ် အရမ်းလုပ်လို့တော့ ဘယ်ဟုတ်မလဲ။ သူက မှန်တာလုပ်တာ။ မဟုတ်တာ မလုပ်ဘူး။ သူမှန်တာတော့ တည့်တည့်ကြီး ပြောနေတာ ” ဟု ပြန်ပြောပြသည်။

ဘာကြောင့် အဖိုး‌စောဆဲဖော ယခုလောက်ထိ အသက်ရှည်နေရသနည်းက စိတ်ဝင်စားစရာပေ။

“ အပျော်မလုပ်ဘူး။ အရက်သောက်တယ်။ မူးတယ်၊ မော်တယ် မလုပ်ဘူး။ မိန်းမ မလိုက်စားဘူး။ ကောင်းတာကို တုရမယ်။ ကောင်းရာ၌ တည်စေမည် ”

အင်္ဂလိပ်စကား၊ ဟင်ဒီစကား၊ ဂျပန်စကားများကိုလည်း အနည်းငယ်ပြောတက်သည့်အဖိုးက အခုထက်ထိ  စာအုပ်များကို စိတ်ဝင်တစား ဖတ်တက်သည်။ နားလည်းကောင်းစွာ ကြားသေးသည်။

“ ငါ တစ်နေ့တစ်နေ့ စာကြည့်တယ်၊ စာဖတ်တယ်။ စာအုပ် အုပ်လိုက်ကြီး။ ကျောင်းစာတွေ၊ တရားစာတွေ တစ်ပုံကြီးရှိတယ် ငါ ဖတ်တာ။ ရှေ့သို့ဆိုတော့ နေ့စဉ်ခွန်အားတွေပေါ့။ အဲ့ဒါတွေ ငါ ဖတ်တာ ”

ကျနော်ရောက်သွားချိန်တွင် ဂမ္ဘီရစာအုပ်တစ်အုပ်ကို လက်မှာကိုင်ထားပြီး နေပူဆာလုံနေသည်။ ဖိုးသက်ရှည် စောဆဲဖောမှာ တိုင်းရင်းဆေးအကြောင်းအရာများအား စိတ်ဝင်စားစွာ ဖတ်တတ်သည့် တိုင်းရင်းဆေးဆရာတစ်ဦး‌ ဖြစ်သည်။ အသက် ၇၀ ကျော်တည်းက ဘော်လယ်ကျွန်းနှင့် ကင်မလင်းချောင်းတို့တွင် ဆေးကုစားခဲ့သည်။  သို့သော်လည်း ဆေးကြောင့် အသက်ရှည်နေခြင်း မဟုတ်ဟု သူကဆိုသည်။ အသက်ရှည်ဆေးလည်းမရှိဟု ပြောသေးသည်။  

ဓာတ်ပုံ - စိုးရာဇာထွန်း 

 “ ဘော်လယ်ကျွန်းမှာ ငါ့က ဆရာကြီးပဲ။ မွေးလို့မရတဲ့သူတွေ ဒီကင်မလင်းချောင်းမှာ ရှိတယ်။ ဆရာ၊ ဆရာမ‌တွေဆို မွေးလို့မရဘူး။ ငါသွားပြီး ရေမန်းနဲ့ ကုတာ ” ဟု အဖိုးစောဆဲဖောက ဆိုသည်။

သူ့ဆီလာကန်တော့သည့် အသက် ၅၀ ခန့်အရွယ် လင်မယားနှစ်ဦးထဲမှ အမျိုးသားအား အဆစ်နာနေသဖြင့် နှိပ်ပေးတာကိုလည်း တွေ့ရသည်။ သူကိုယ်တိုင်လည်း မုန်ညှင်းဆီကို အမြဲလိုလို လိမ်းတက်သည်။ သူ့အိပ်ယာဘေးတွင် မုန်ညှင်းဆီပုလင်းများစွာရှိသည်ကို တွေ့ရသည်။ အင်္ဂလိပ်တပ်တွင် စစ်မှုထမ်းခဲ့စဉ်က တာဝန်ကျရာဒေသများတွင် သင်ယူခဲ့ရသော ဗုဒ္ဓဘာသာစာပေ သင်ကြားမှု အတွေ့အကြုံများက အခြားသူများအတွက် စိတ်ဝင်စားစရာဖြစ်စေသည်။

သူ့တွင် ၉၈ နှစ်အရွယ် ဇနီးသည် အဖွားဒေါ်မမဲ ရှိသည်။ အဖွားဒေါ်မမဲမှာ ဆေးပေါလိပ် သောက်တက်သည်။  အဖွားဒေါ်မမဲကတော့ လမ်းလည်း မလျှောက်နိုင်တော့သလို မျက်စလည်းကောင်းကောင်း မမြင်ရတော့ပေ။  

အဖိုးစောဆဲဖောမှာ အငယ်တည်းက ဆေးလိပ်၊ အရက်၊ ကွမ်းစားခြင်းများ မရှိခဲ့ပေ။

“ အသက်ကယ် အလိမ္မာနဲ့ ဥစ္စာ၊ လောကလူဝယ်၊ သိထားရမယ်၊ မြင်ထားရမယ်။ သိကြားမြင် လုံလောက်က၊ မျက်မှောက်ကွယ်၊ ရလွယ်၏ခင်ပွန်း။ မေတ္တာ၊ ဂရုဏာ၊ ဥပက္ခာ ရှိရမယ်။ အသက်ရှည်တာ ဘာလို့ရှည်လဲ။ အနာမဲ့လို့။ အထဲမှာ ရောဂါမှ မရှိဘဲကွ။ မကောင်းတာမှ မလုပ်ပဲ။ အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပိတ်ပင်နိစ္စ၊ ကိုယ်ဆုံးမထား၊ မိဖဆရာစာကားနားထောင်၊ ကျမ်းစာသိမြင်၊ တက်အောင်သင်၊ ပျော်ရွှင်မမှုနဲ့၊ ကောင်းရာကိုတုလှည့်၊ ကောင်းကျိုး၌ တည်စေမင်း။ အသက်ရှည်စွာ အနာမဲ့ကြောင်း ရောဂါမရှိဘူးလေကွာ ”ဟု ပြောသည်။

အဖိုး စောဆဲဖောနှင့် အဖွား ဒေါ်မဲမ မှာ သားသမီး ခုနှစ်ဦး ရရှိခဲ့ပြီး အကြီးဆုံး နှစ်ဦးကတော့ ဆုံးပါးသွားခဲ့သည်။ အကြီးဆုံး သားမှာ လသားအရွယ်နှင့် သေခဲ့သလို ဒုတိယ သမီးမှာလည်း လသားအရွယ်ဖြင့် သေဆုံးခဲ့သည်။ လက်ရှိ သားသမီး ငါးဦးရှိရာ သားတစ်ဦး၊ သမီးလေးဦး ဖြစ်သည်။ အကြီးဆုံးသမီးမှာ ၆၇ နှစ်ရှိနေပါပြီ။ အဖိုးစောဆဲဖောတွင် သားသမီး၊ မြေး၊ မြစ်စုစုပေါင်း ၂၈ ဦး ရှိသည်။ တပ်မတော်ထဲတွင် စုဆောင်းခဲ့သော လစာငွေဖြင့် လက်ရှိနေသော ခြံ သုံး ဧကကျော်အား ငွေတစ်သိန်းကျော်ဖြင့် ဝယ်ယူခဲ့သည်။ လက်ရှိ ထိုခြံတွင် သားသမီးမြေးမြစ် ၁၆ ဦးခန့် နေထိုင်လျက်ရှိပြီး ကျန်သားသမီးမြေးမြစ်တို့မှာ ကင်မလင်းချောင်းရွာနှင့် အခြားဒေသတို့တွင် နေထိုင်လျက်ရှိသည်။

ဓာတ်ပုံ - စိုးရာဇာထွန်း 

နိုင်ငံတော်က သက်ကြီးများအတွက် ထောက်ပံ့ပေးသော ထောက်ပံ့ငွေအား အဖိုးစောဆဲဖောကော အဖွားဒေါ်မမဲတို့  သုံးလလျှင်တစ်ကြိမ် သုံးသောင်းကျပ် အသီးသီး ရနေသည်ဟု ပြောသည်။  

တပ်မတော်တွင် တာဝန်ထမ်းခဲ့စဉ်ကလည်း ဘောလုံးကစားခြင်းကို ဝါသနာထုံခဲ့သူအဖိုးက “ ငါက ဘောကပတိန်၊ အတူတူ ယှဉ်ပြိုင်လို့ မင်းမှ မနိုင်ပဲ ” ဟု ရယ်လျက်ပြောပြသည်။

သို့သော်လည်း လက်ရှိတဖြည်းဖြည်းဇရာအိုလာသော အဖိုးစောဆဲဖောမှာ မေ့တေ့တေ့လေးတော့ ဖြစ်လို့နေလေပြီ။ ရောဂါကလည်း အရင်လို သိပ်မကောင်းနိုင်တော့။

“ ခါးက အရင်တုန်းက အရိုးပြင် မပေါ်ဘူး။ ဘယ်ကောင်းတော့မလဲကွာ ” ဟု သူ့အိမ်ပေါ်မှာထိုင်းရင်း ပြောပြသည်။

သူ့အိမ်မှာ သွပ်မိုး၊ ပြင်ကာအိမ်ဖြစ်သည်။ ယခုတော့ လူရော၊ အိမ်ရော ဇရာအိုလာပြီ မဟုတ်လော။

“ အဖိုးကြီးအို၊ ခါကုန်းကုန်း မသေပါနဲ့အုံး နောက်နှစ်ခါ တစ်ဆောင်းပါး ပွဲလာကြည့်ပါအုံး ” လို့ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆိုပြသေးသည်။ ပြီးနောက် ကရင်လို “ ဖူးပွားတိုလတ်၊ ပရိုတိုကူ၊ တိကိုမိုတက်ကေ၊ လာနက်ခက်ကူ၊ ဗက်မာမူကွာ တက်မူတက်ကေ ” ဟုလည်း ထပ်ဆိုပြသေးသည်။

အဖိုးစောဆဲဖောဆိုသည့်အတိုင်း “ မသေပါနဲ့အုံး ” နှင့် ပြည့်စုံနိုင်ရန် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဆုတောင်းပေးကြဖို့လိုသည် မဟုတ်ပါလား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly