အစိုးရစီမံကိန်းများ အရည်အသွေးမမီ၊ သတ်မှတ်ချိန်အတွင်း မပြီးစီးမှုအပေါ် ကြံ့ခိုင်ရေးအမတ် မေးခွန်းထုတ်

အစိုးရစီမံကိန်းများ အရည်အသွေးမမီ၊ သတ်မှတ်ချိန်အတွင်း မပြီးစီးမှုအပေါ် ကြံ့ခိုင်ရေးအမတ် မေးခွန်းထုတ်

နေပြည်တော်၊ နိုဝင်ဘာ ၁၉ ။ ။ ပြည်ထောင်စုအစိုးရ၏ လုပ်ငန်းစီမံကိန်းများ အရည်အသွေး မမီခြင်း၊ သတ်မှတ်ကာလအတွင်း ပြီးစီးမှု မရှိခြင်းတို့အား အရေးယူဆောင်ရွက်မှုအပေါ်အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ်က လအနည်းငယ်သာ သက်တမ်းကျန်တော့သည့် အစိုးရကို မေးခွန်းထုတ်လိုက်သည်။
 
“သတ်မှတ်ကာလအတွင်း မပြီးသေးသည့် လုပ်ငန်းစီမံကိန်း မည်မျှရှိပါသလဲ၊ လုပ်ငန်းစီမံကိန်းများ အရည်အသွေး မမီခြင်း၊ သတ်မှတ်ကာလအတွင်း ပြီးစီးမှုမရှိခြင်းတို့ကို မည်သို့အရေးယူဆောင်ရွက်ပါသလဲ၊ ထိုသို့ အရေးယူဆောင်ရွက်မှု ယခု(၅)နှစ်တာ ကာလအတွင်း မည်မျှရှိပါသလဲ” ဟု ကြံ့ခိုင်ရေးပါတီမှ ရွှေပြည်သာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်ဦးက နိုဝင်ဘာ ၁၉ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်းထုတ် ဝေဖန်လိုက်ခြင်း ဖြစ်သည်။
 
လွှတ်တော်အမတ် ဦးတင်မောင်ဦး၏ မေးခွန်းထုတ်မှုအပေါ် အစိုးရဝန်ကြီးဌာနများ၏ ပြန်လည်ဖြေကြားချက်များကို စုစည်းကာ အမျိုးသားစံမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက လွှတ်တော်တွင် လာရောက် ရှင်းလင်း ဖြေကြားသည်။
 
ဒုဝန်ကြီး၏ ဖြေကြားချက်အရ ၂၀၁၄/၁၅ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်းတွင်ပင် ဝန်ကြီးဌာန(၆)ခု၏ လုပ်ငန်းစီမံကိန်း(၈၄)ခုမှာ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိပေ။
 
“စာချုပ်ပါ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် မဆောင်ရွက်နိုင်ပါက ရက်လွန်ကြေးပေးသွင်းစေခြင်း၊ နောက်ကျပြီးစီးမှု (၃)လထက် ကျော်လွန်ပါက လုပ်ငန်းအတွက် တင်သွင်းထားသော Performance Bank Guarantee အား သိမ်းဆည်းခြင်း၊ ပစ္စည်းပေးသွင်းမှု(၁၀)ပတ်ကျော် နောက်ကျပါက တင်ဒါ တင်သွင်းခွင့်ပိတ်ပင်ခြင်း စသည်ဖြင့် အရေးယူဆောင်ရွက်မှုများ ရှိပါတယ်” ဟု ဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက လွှတ်တော်တွင် ပြောသည်။
 
ထို့ပြင် တင်ဒါအောင် ကုမ္ပဏီများမှ လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးမှုမရှိဘဲ အပြီးသတ် ရန်ပုံငွေကို ထုတ်ပေးခဲ့သည့် အစိုးရတာဝန်ရှိသူများကို အရေးယူမှုများရှိသည်ဟုလည်း ဆိုသည်။ မည်ကဲ့သို့ အရေးယူသည်ကို ဒုဝန်ကြီးက ရှင်းပြခဲ့ခြင်း မရှိပေ။
 
လုပ်ငန်းစီမံကိန်းများ အချိန်မီပြီးစီးမှုမရှိခြင်းမှာမူ တင်ဒါခေါ်ယူမှု နောက်ကျခြင်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ အပ်နှံသော လုပ်ငန်းစီမံကိန်းများမှာ စာချုပ်ပါ စည်းကမ်းချက်များ၊ စံချိန်စံညွှန်းများနှင့် မကိုက်ညီသဖြင့် လွှဲပြောင်းလက်ခံရန် နှောင့်နှေးကြန့်ကြာခြင်း၊ စီမံကိန်းလုပ်ငန်းများ တည်ရှိရာ ဒေသအချို့သည် ဆက်သွယ်သွားလာရခက်ခဲခြင်း၊ ရာသီဥတုဆိုးရွားခြင်း၊ သဘာဝ အတားအဆီးများကြောင့် အကောင်အထည်ဖော်မှု နောက်ကျခြင်းစသည်တို့ကြောင့်ဖြစ်သည်ဟု ဒုဝန်ကြီးက ရှင်းပြခဲ့သည်။
 
အစိုးရဝန်ကြီးဌာနများ၏ လုပ်ငန်းစီမံကိန်းများတွင် ပိုလျှံငွေများကို အချိန်မီ ပြန်လည်အပ်နှံကြရန် သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags