အရေးကြီးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှုရခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ ပူးတွဲကြေငြာ

အရေးကြီးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှုရခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ ပူးတွဲကြေငြာ

နေပြည်တော်၊ နိုဝင်ဘာ ၁၉ ။ ။ ရွေးကောက်ပွဲရလဒ်များအရ အစိုးရဖွဲ့ခွင့်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ နိုဝင်ဘာ ၁၉ရက် နံနက်က လွှတ်တော်ဝင်းအတွင်း နှစ်နာရီနီးပါးကြာ တွေ့ဆုံမှုတွင် သဘောတူညီမှုရခဲ့သည့် အချက်များကို နှစ်ဖက် ပူးတွဲကြေငြာလိုက်သည်။
 
အချက်(၅)ချက် ပါဝင်သည့် ပူးတွဲကြေငြာချက်တွင် လွှတ်တော်ဆိုင်ရာကိစ္စများအပြင် အခြားအရေးကြီးသော လုပ်ငန်းတာဝန်များအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကာ အစဉ်အလာကောင်းများ ချမှတ်နိုင်ရန်၊ လွှတ်တော်များကို ဥပဒေနှင့်အညီခေါ်ယူရေး ပူးပေါင်းဆောင်ရွက်ကြရန် စသဖြင့် ပါဝင်သည်။
 
ပူးတွဲကြေငြာချက်အပြည့်အစုံမှာ နိုဝင်ဘာလ(၈)ရက်နေ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ပြည်သူ့ဆန္ဒကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျအကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာမြင့်မားရေးနှင့် ပြည်သူပြည်သားများ နှလုံးစိတ်ဝမ်းအေးချမ်းမှု ရရှိစေရန်၊ လွှတ်တော်၏ မူဝါဒ ဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ ရွေးချယ်တာဝန်ပေးမှုကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လွှတ်တော်များဖွဲ့စည်းရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပါ အလေးအနက်ထား ရှေးရှုဆောင်ရွက်ရန်၊ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ၊ အခြားအရေးကြီးသော လုပ်ငန်းတာဝန်များအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် ယုံကြည်လေးစားပြီး သဟဇာတဖြစ်သော အစဉ်အလာကောင်းများ ချမှတ်နိုင်ရန်နှင့် ဒုတိယအကြိမ် လွှတ်တော်များကို ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေရန်တို့ကို နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြောင်း ပူးတွဲကြေငြာအပ်ပါသည်ဟူ၍ ဖြစ်သည်။
 
နံနက် ၉နာရီမှစတင်ကာ နှစ်နာရီနီးပါးကြာ တွေ့ဆုံမှု၏ တွေ့ဆုံဆွေးနွေးမှုမှ ရရှိလာသော သဘောတူညီချက်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ ကိုယ်စီ လက်မှတ်ရေးထိုးကာ အထက်ပါအတိုင်း ပူးတွဲကြေငြာချက်ထုတ်လိုက်ခြင်း ဖြစ်သည်။
 
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်၊ အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်နှင့် ပြည်ထောင်စုလွှတ်တော် ညွန်ကြားရေးမှူးချုပ် ဦးကျော်စိုးတို့ တက်ရောက်ကြသည်။
 
ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိထားသော NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် သူရဦးရွှေမန်းအပြင် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း ရွေးကောက်ပွဲလုပ်ငန်းများ ပြီးဆုံးချိန်တွင် တွေ့ဆုံရန် ရှိနေသည်။
 
ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပြီးဆုံးချိန်သည် ရွေးကောက်ပွဲကျင်းပသည့်နေ့ကစတင်ကာ ၄၅ရက်အတွင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags