စပိန်နိုင်ငံထုတ် ရထားတွဲ ၂၄၆ တွဲ မြန်မာ့မီးရထား ဝယ်ယူ

စပိန်နိုင်ငံထုတ် ရထားတွဲ ၂၄၆ တွဲ မြန်မာ့မီးရထား ဝယ်ယူ
Photo - Mitsubishi Corporation

ဒီဇင်ဘာ ၁၀ 

ရန်ကုန်- မန္တလေးရထားလမ်းနဲ့ရန်ကုန်မြို့ပတ်ရထားလမ်းတွေမှာအသုံးပြုဖို့ ရထားတွဲသစ် ၂၄၆ တွဲကို ဝယ်ယူဖို့ မြန်မာ့မီးရထားနဲ့ Mitsubishi Corporation တို့ကြား စာချုပ်ချုပ်ဆိုလိုက်ပါပြီ။

အခုလို မြန်မာ့မီးရထားနဲ့ Mitsubishi Corporation တို့ကြား ရထားတွဲသစ်ဝယ်ဖို့စာချုပ်ချုပ်ဆိုမှုကိုတော့ ဒီဇင် ဘာ ၇ရက်နေ့က ချုပ်ဆိုခဲ့တာပါ။

ဒီရထားတွဲတွေကို စပိန်နိုင်ငံရဲ့  အကြီးဆုံးရထားတွဲထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ CAF ကုမ္ပဏီက ဂျပန်ထုတ်စက်ပစ္စည်းကိရိယာအချို့ကိုအသုံးပြပြီး ထုတ်လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရထားတွဲတွေကိုတော့ ၂၀၂၃ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ဆက်တိုက်ပေးပို့ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

 

DEMU ရထားတွဲတွေဟာ  မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်နေတာဖြစ်ပြီး ဒီရထားတွဲတွေနဲ့အသုံးပြုပြီး ပါက ရန်ကုန်မြို့တစ်ပတ်ကြာချိန် ယခင်က မိနစ် ၁၇၀ ရှိရာကနေ မိနစ် ၁၁၀ သာ ကြာမြင့်တော့မှာဖြစ်ပါတယ်။

ရန်ကုန်-မန္တလေးရထားလမ်းမှာ ပြေးဆွဲမယ့် ရထားတွဲတွေဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၁၀၀ ကီလိုမီတာနဲ့ပြေးဆွဲမှာဖြစ်ပြီး မန္တလေးမြို့အထိ ၆၂၀ ကီလိုမီတာရှည်ကြာတဲ့ခရီးကို ယခင်က ၁၅နာရီခန့် ကြာမြင့်နေရာမှာ တွဲသစ်တွေရောက်ရှိလာပြီး ပြေးဆွဲလိုက်ပါက ၈နာရီခန့်သာ ကြာမြင့်မှာဖြစ်ပါတယ်။

ရထားတွဲသစ်တွေကို ရန်ကုန်မြို့ပတ်ရထားလမ်းအတွက် ၆၆တွဲနဲ့ ရန်ကုန်- မန္တလေးရထားလမ်းပိုင်းအတွက် ရထားတွဲ ၁၈၀ တွဲ အသုံးပြုသွားမှာဖြစ်ပါတယ်။

ရထားတွဲဝယ်ယူရေးအတွက် ဂျပန်  အိုဒီအေချေးငွေဖြင့် ဝယ်ယူသွားမှာဖြစ်သလို ဂျပန်ယန်း ၆၉ ဘီလီယံခန့် တန်ဖိုးရှိတယ်လို့သိရပါတယ်။

အခုလို ရထားလမ်းပိုင်းတွေမှာ တွဲသစ်တွေနဲ့ပြေးဆွဲပါက မြန်နှုန်းဟာမြင့်တက်လာမှာဖြစ်တာကြောင့်လည်း ရထားလမ်းကူးတွေမှာ စည်းကမ်းမဲ့ ဖြတ်ကူးမှုတွေအတွက် ပညာပေးလုပ်ငန်းတွေ ၊သတိပေးခြင်းလုပ်ငန်းတွေ ကိုလည်း ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly