ရုရှလေယာဉ်ကို ပျက်ကျစေရာတွင် အချိုရည်ဗူးခွံလက်ဖြစ်ဗုံးကို အသုံးပြုခဲ့ဟု အိုင်အက်စ်ပြောကြား

ရုရှလေယာဉ်ကို ပျက်ကျစေရာတွင် အချိုရည်ဗူးခွံလက်ဖြစ်ဗုံးကို အသုံးပြုခဲ့ဟု အိုင်အက်စ်ပြောကြား

ကိုင်ရို၊ နိုဝင်ဘာ-၁၉ ။          ။ ဗုဒ္ဓဟူးနေ့ထုတ် အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ တရားဝင်မဂ္ဂဇင်းတွင် လွန်လဲ့သည့်လက အီဂျစ် ဆိုင်းနိုင်းကျွန်းဆွယ်တွင် လိုက်ပါလာသူ ၂၂၄ယောက်လုံးကို   သေဆုံးစေခဲ့သော ရုရှခရီးသည်တင် လေယာဉ်ကို ပျက်ကျစေခဲ့သည့် လက်ဖြစ်ဗုံးအဖြစ် အသုံးပြုခဲ့သော ရှဝပ်ပက်စ်အချိုရည်ဗူးပုံကို ဖော်ပြလာခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံထဲတွင် ရှဝပ်ပက်စ် ဂိုး(Schweppes Gold)အချိုရည်ဗူးခွံနှင့် အပြာရောင်နောက်ခံတွင် စနက်တံနှင့် ခလုတ်ဖြစ်ဖွယ်ရှိသည့်ပစ္စည်းနှစ်ခုကို ပြထားရာ အကယ်၍ ဤပစ္စည်းသုံးခုသာ အစစ်အမှန်ဖြစ်ခဲ့ပါက ကမ္ဘာနှင့်အဝန်းရှိ လေကြောင်းလိုင်းလုံခြုံရေးအရာရှိများအတွက် စိုးရိမ်ဖွယ်ပင် ဖြစ်သည်။

‘အရှေ့နဲ့အနောက်က ဘာသာရေးစစ်ပွဲဆင်နွှဲသူတွေဟာ ကာလီဖိတ်နိုင်ငံရဲ့ မွတ်စလင်တွေကို ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲရုံနဲ့ သူတို့ကိုယ်သူတို့ လုံခြုံပြီလို့ ထင်နေကြတယ်။   လေယာဉ်ခေါင်းခန်းထဲမှာ သူတို့ကိုယ်သူတို့ လုံခြုံပြီလို့ ခံစားနေရတဲ့သူတွေကိုတောင် လက်စားခြေလို့ ရနိုင်တယ်’’ဟု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် အိုင်အက်စ်တို့၏ ဒါဗစ်မဂ္ဂဇင်းက ရုရှနှင့် အနောက်နိုင်ငံများကို ရည်ညွှန်းရေးသားခဲ့သည်။

အနောက်နိုင်ငံများက Metrojetပိုင် အဲဘတ်စ် အေ-၃၂၁မှာ ဗုံးကြောင့် ပျက်ကျခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့ကြပြီး၊ မော်စကိုကလည်း အလားတူကောက်ချက်ကို အင်္ဂါနေ့က အတည်ပြုခဲ့သော်လည်း အီဂျစ်အစိုးရကမူ ရာဇဝတ်မှုလုပ်ရပ် သက်သေအထောက်အထား မတွေ့ရသေးကြောင်း ပြောကြားခဲ့သည်။  

ပေါက်ကွဲပစ္စည်းကျွမ်းကျင်သူများကလည်း အချိုရည်ဗူးအတွင်းရှိ ပေါက်ကွဲပစ္စည်း၏ သိပ်သည်းမှုနှင့် ထောင်ထားသည့်နေရာကိုလိုက်၍ ဓာတ်ပုံထဲတွင်ပြထားည့် ကိရိယာက လေယာဉ်ကို ပျက်ကျစေနိုင်သည်မှာ ဖြစ်နိုင်ကြောင်း ပြောကြားကြသည်။

လောင်စာဆီလမ်းကြောင်း၊ လေယာဉ်မောင်းခန်းနှင့် ပင်မကိုယ်ထည်နှင့် နီးကပ်သည့်နေရာများမှာ လေယာဉ်ကို ကြီးကြီးမားမား ပျက်စီးစေနိုင်သည့်နေရာများဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly