ကျောနံပါတ် ရ ကို ကျိန်စာသဖွယ်ကြောက်ရွံ့မနေသင့်ဟု ဒီပေးကို ဘက်ခမ်းသတိပေး

ကျောနံပါတ် ရ ကို ကျိန်စာသဖွယ်ကြောက်ရွံ့မနေသင့်ဟု ဒီပေးကို ဘက်ခမ်းသတိပေး

နိုဝင်ဘာ ၁၉၊ မန်ချက်စတာ ။            ။ မန်ယူအသင်း၏ ကျောနံပါတ် ၇ ကိုကျိန်စာသဖွယ်ကြောက်ရွံ့မနေသင့်ဟု ဒေးဗစ်ဘက်ခမ်းက ဒီပေးကိုသတိပေးပြောဆိုလိုက်သည်။

အကယ်၍ မာရှယ်သာဒဏ်ရာကြောင့်မကစားနိုင်ခဲ့လျှင် အောက်တိုဘာ ၄ တွင် အာဆင်နယ်ကို ၃-၀ ဖြင့်ရှုံးသည့်ပွဲပြီးကတည်းက နေရာပျောက်နေသည့် ဒီပေးအနေဖြင့် စနေနေ့ ဝက်ဖို့ဒ်နှင့်ပွဲ၌ ပွဲထွက်ခွင့်ပြန်လည်ရရှိဖွယ်ရှိနေသည်။

လူငယ်တိုက်စစ်မှူးမာရှယ်သည် ပြင်သစ်အသင်း အင်္ဂလန်နှင့် ဝင်ဘာလေကွင်းတွင် ခြေစမ်းပွဲကစားစဉ် ခြေဖဝါးဒဏ်ရာ ရရှိသွားသဖြင့် မန်ယူ အသင်းက ကုသပေးနေရသည်။

မကြာသေးခင်က နည်းပြဗန်ဟားလ်၏ဝေဖန်ခံထားရသော အသက် ၂၁ နှစ်အရွယ် ဒီပေးအနေဖြင့် ဝက်ဖို့ဒ်နှင့်ပွဲတွင် ပွဲထွက်ကစားသမား အဖြစ်အသုံးပြုခံရမည်ဆိုပါက မန်ယူအသင်းတွင် ကျောနံပါတ် ၇ ဝတ်ဆင်ခဲ့ကြသော ဘက်ခမ်း၊ ဂျော့ဘတ်စ်၊ ကန်တိုနာနှင့် စီရော်နယ်ဒိုတို့၏ နေရာကို အစားဝင်နိုင်သူဖြစ်ကြောင်း ပြသရန် အခွင့်ရေးထပ်ရလာမည်ဖြစ်သည်။

ကျောနံပါတ် ၇ နေရာအတွက် ကြီးမားသည့်စိန်ခေါ်မှုကို ဒီမာရီယာ၊ မိုက်ကယ်အိုဝင်နှင့် ဗလင်စီယာတို့လည်း ရင်ဆိုင်ခဲ့ကြရဖူးသည်။

ယင်းနံပါတ်ကို ၁၉၉၇ မှ ၂၀၀၃ ထိဝတ်ဆင်ခဲ့ဖူးသည့် ဘက်ခမ်းက "နံပါတ် ၇ ဆိုတာက မန်ယူအတွက်အထူးနံပါတ်တစ်ခုဖြစ်ပါတယ်။ အဲဒါကို ခြိမ်းခြောက်မှုလို့မမြင်ဘဲ ဂုဏ်ယူစရာလို့ပဲ ကျွန်တော်မြင်ပါတယ်။

တကယ်လို့ နံပါတ် ၇ ကိုဝတ်ဆင်ဖို့ ကိုယ့်ကိုပေးလာပြီဆိုတာနဲ့ အတိတ်တုန်းကဘယ်သူတွေဝတ်ခဲ့တယ်၊ ဘယ်လောက်အောင်မြင်ခဲ့တယ် ဆိုတာတွေက ကိစ္စမရှိပါဘူး။

အဲဒီလိုဝတ်ဆင်ခွင့်ပေးတာကို ဖိအားတွေပေးတယ်လို့ ကျွန်တော်မယူဆဘူး။ ကျွန်တော့်အတွက် အမြဲစိတ်ဓါတ်တက်ကြွစေတယ်။ အရင်က နံပါတ် ၇ ဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်စိတ်မဝင်စားဘူး"ဟု ပြောသည်။

ဒီပေးမှာ ၎င်း၏အသက်အရွယ်တွင်အကောင်းဆုံးတောင်ပံကစားသမားဖြစ်သည်ဟု နည်းပြဗန်ဟားလ်က နွေရာသီအတွင်း ပီအက်စ်ဗွီအသင်း ထံမှ ပေါင် ၂၅ သန်းဖြင့်ခေါ်ယူစဉ် ချီးကျူးခဲ့ဖူးသည်။

သို့သော် ချီးကျူးမှုနှင့်ထိုက်တန်အောင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ အသင်း၏ကစားသမားမဖြစ်ထိုက်ကြောင်း ဗန်ဟားလ်ကိုယ်တိုင်ကပင် ပြန်လည်ဝေဖန်ခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly