တံတားဦး ကျောက္ကံကျေးရွာပိုင် အများသုံး ရေကန်အား ရေဖောက်ချရန် စာထုတ်မှုကို ရွာသားများ ကန့်ကွက်

တံတားဦး ကျောက္ကံကျေးရွာပိုင် အများသုံး ရေကန်အား ရေဖောက်ချရန် စာထုတ်မှုကို ရွာသားများ ကန့်ကွက်

တံတားဦး၊ နိုဝင်ဘာ ၁၉ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ကျောက္ကံကျေးရွာပိုင် အများသုံးဖွံ့ဖြိုးရေး ရေကန်အား ပိုင်ရှင်ရှိသည်ဟုဆိုကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးမှ ရေများဖောက်ချရန် စာထုတ်ပေးမှုနှင့် ပတ်သက်၍ ရွာသူရွာသားများက နိုဝင်ဘာလ ၁၉ ရက်တွင် ကန့်ကွက်ခဲ့ကြသည်။

အဆိုပါအများသုံးရေကန်သည် ဘိုစဉ်ဘောင်ဆက် သောက်သုံးရေနှင့် စိုက်ပျိုးမွေးမြူရေးအတွက် အသုံးပြုခဲ့သောရေကန်ဖြစ်ပြီး တစ်ရွာလုံးအားထား အသုံးပြုနေသော ရေကန်လည်းဖြစ်သည် ဟု ဒေသခံများကဆိုသည်။

အသက်၆၉နှစ်အရွယ်ရှိ ဦးလှစိန်က “ဒီကန်က အဘတို့မမွေးခင်ကတည်းက ရှိနေတဲ့ကန်ပါ။ တစ်ရွာလုံးဒီကန်ကိုပဲ တစ်နှစ်ပတ်လုံးအသုံးပြုနေရတယ်။ ဒါကို ဖောက်ချမယ်ဆိုတော့ ဘယ်လက်ခံမလဲ။ အဘတို့ ရေဘယ်သုံးရမလဲ။လယ်ဘယ်လိုစိုက်ရမလဲ။ ဒီဘက်မှာရေရှားတယ်ဆိုတာ အားလုံးသိတယ်။" ဟု ပြောသည်။

အဆိုပါအများသုံးရေကန်အား ဖောက်ချရန် မြို့နယ်ထွေအုပ်မှ နိုဝင်ဘာလ ၁၈ ရက်တွင် ကျေးရွာသို့ အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ကျောက္ကံကျေးရွာ ရာအိမ်မှူး ဦးသိန်းဦးက ဆိုသည်။

“ဒီကန်ဟာ ပုံစံ ၇ ပေါက် ပိုင်ရှင်ရှိတယ်။ ဒီကန်ထဲမှာ ပိုင်ရှင်က စိုက်ပျိုးတော့မယ်။ ဒါကြောင့် ရေကိုဖောက်ထုတ်ရမယ်ဆိုပြီးပါတယ်။ ဒါဟာ ဘယ်လိုမှ အဓိပ္ပါယ်မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကန်ပတ်ပတ်လည်မှာစိုက်နေတဲ့ တောင်သူတွေတောင် ပုံစံ ၇ မရဘူး။ ပုံစံ ၁၀၅ တောင်မကျဘူးဗျာ။

ဒါကိုရေရှိတဲ့နေရာက ပုံစံ ၇ ပေါက်နေတယ်။ ပိုင်ရှင်ရှိတယ်ဆိုတော့ မရိုးမသားလုပ်တာပဲ။ ဒီရေမရှိရင် ဘာနဲ့စိုက်မလဲ။ ဘာရေကိုသုံးရမှာလဲ။ကျွန်တော်တို့ကတော့ လုံးဝဖောက်ချမခံနိုင်ဘူး။ ကြိုက်တဲ့ သူလာဖောက် ရအောင်တားမယ်။" ဟု ဦးသိန်းဦး က ပြောသည်။

အဆိုပါကျောက္ကံကျေးရွာသည် အိမ်ခြေ ၃၄ အိမ်ရှိပြီး လူဦးရေ ၁၅၀ ရှိကာ တောင်သူလုပ်ငန်းဖြင့် အသက်မွေးနေကြပြီး လယ်ယာမြေ ဧက ၄၀ ကျော်ရှိသည်။ ထိုလယ်ယာမြေများသည် အများသုံးရေကန်တွင်ရှိသော ရေဖြင့်သာ စိုက်ပျိုးနေရခြင်းဖြစ်ကာ တစ်နှစ်ပတ်လုံးအသုံးပြုနိုင်ရန် မိုးရေကိုစုထားရသည်ဟု ဒေသခံများကဆိုသည်။

ဒေသခံများသည် အများသုံးရေကန်အား ပုံစံ ၇ ချထားပေးခဲ့သူများကို အရေးယူပေးနိုင်ရန် သက်ဆိုင်ရာအဆင့်ဆင့်ကို တိုင်ကြားသွားမှာဖြစ်ပြီး ကန်အတွင်းမှ ရေများဖောက်မချရန်အတွက်လည်း တင်ပြသွားမည်ဟု ဆိုကြသည်။

အဆိုပါကိစ္စကို ကူညီဆောင်ရွက်ပေးနေသော တံတားဦးမြို့နယ်၊ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဒေါ်ဖြူဖြူက “ကျွန်မတို့ မြို့နယ်ထွေအုပ်နဲ့လည်းတွေ့နေတယ်။ မြေစာရင်းနဲ့လည်းတွေ့နေတယ်။ ကျွန်မတို့ကန်ကိုကြည့်ပြီးပါပြီ။ ဒီကန်ကို ပုံစံ ၇ ချပေးထားတာဟာ မရိုးသားမှုတွေပါတယ်။ ဒါကိုဖော်ထုတ်အရေးယူပေးဖို့တိုင်ကြားမယ်။" ဟုပြောသည်။

တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့ဇော်က “ရေဖောက်ခိုင်းတာက ဟုတ်ပါတယ်။ ပိုင်ရှင်ကတင်ပြလာလို့ပါ။ သူတို့ပိုင်တဲ့လယ် ငါးဧက က အဲဒီကန်ထဲမှာရှိတယ်လို့တင်ပြလာလို့ပါ။ သူတို့မှာ ပုံစံ ၇ ရှိပြီးသားဆိုတော့ သူတို့ကပိုင်နေတယ်လေ။ ဒါကြောင့်ညှိနေပါတယ်။ အဲဒီရွာရေရှားတာလည်း ကျွန်တော်သိတယ်။ ဒီရေကိုပဲ သုံးနေရတယ်ဆိုတလည်း ကျွန်တော်သိတယ်။

ဒါကြောင့်ရေကို အကုန်မထုတ်ခိုင်းဘူး။ ပြီး ကျွန်တော်တို့ထုတ်မှာလည်း မဟုတ်ပါဘူး။ သူတို့တင်ပြတဲ့အပေါ်မှာ ကျွန်တော်က ဆည်မြောင်းကို ညွှန်ကြားလိုက်တာပါ။ ကျွန်တော့်အနေနဲ့ကတော့ နှစ်ဖက် စလုံးကို မနှစ်နာစေချင်ဘူး။ အဆင်ပြေတဲ့နည်းလမ်းနဲ့ပဲသွားမှာပါ။ ပုံစံ ၇ ကိစ္စကတော့ မြေစာရင်းနဲ့ ရှင်းရပါလိမ့်မယ်။ မဟုတ်ဘဲနဲ့ ထုတ်ပေးထားတယ်ဆိုရင်တော့ ပါဝင်ခဲ့တဲ့သူတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူသွားပါမယ်။" ဟုပြောသည်။

တံတားဦးမြို့နယ်မြေစာရင်း ဦးစီးမှူး ဦးထွန်းနောင်ဝင်းကလည်း “ပုံစံ ၇ ကိစ္စက သူတို့တိုင်ရင် ကျွန်တော်တို့ပြန်စစ်မယ်။တင်ပြသလိုဟုတ်တယ်ဆိုရင်တော့ လုပ်တဲ့သူခံပေါ့။ ကျွန်တော်တောင်ပါ ချင်ပါနေမှာ ကျွန်တော့်လက်မှတ်ထိုးလည်း ပါချင်ပါနေမှာလေ။ ပြောလို့တော့မရဘူး။ တိုင်ရင်တော့ ပြန်စစ်ဆေးမှာပေါ့။လက်ရှိအနေအထားကတော့ ရေဖောက်ဖို့ထုတ်ဖို့ ညွှန်ကြားထားတာရှိတယ်။" ဟု ပြောသည်။

ဒေသခံများအနေဖြင့် ရေလာရောက်ဖောက်မည့် အဖွဲ့များကို တစ်ရွာလုံးက တားမြစ်သွားမှာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့ထားသောစာများ ပြန်စာမရမချင်း ဖောက်ချရန်လာရောက်သူများကို နည်းမျိုးစုံဖြင့် တားဆီးသွားမည်ဖြစ်ဟုဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly