နိုင်ဂျီးရီးယားစျေးကို အသေခံဗုံးခွဲသူနှစ်ယောက်စလုံးမှာ ၁၁နှစ်နှင့် ၁၈နှစ်အရွယ် မိန်းကလေးများဖြစ်နေဟုဆို

နိုင်ဂျီးရီးယားစျေးကို အသေခံဗုံးခွဲသူနှစ်ယောက်စလုံးမှာ ၁၁နှစ်နှင့် ၁၈နှစ်အရွယ် မိန်းကလေးများဖြစ်နေဟုဆို

လာဂေါ့စ်၊ နိုင်ဂျီးရီးယား၊ နိုဝင်ဘာ - ၁၉ ။           ။ အာဏာပိုင်များ၏ ပြောကြားချက်အရ နိုင်ဂျီးရီးယား ယိုလာနှင့် ကာနိုမြို့များတွင် ၂၄နာရီအတွင်း လူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ၁၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုနှစ်ခုတွင် အသက် ၁၁နှစ်အရွယ် မိန်းခလေး အသေခံဗုံးခွဲသမားတစ်ဦးလည်း ပါဝင်နေသည်ဟု ဆိုသည်။

ဒေသခံကြက်ခြေနီအရာရှိ အလီယူ မယ်ကာနို၏ ပြောကြားချက်အရ အင်္ဂါနေ့ညနေက နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမြို့ ယိုလာတွင် ဖြစ်ပွားခဲ့သည့် ဗုံးဖာက်ခွဲမှုတစ်ခုတွင် အနည်းဆုံး လူ ၃၁ဦး သေဆုံးခဲ့ပြီး ၇၂ယောက် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် ဗုံးပေါက်ကွဲမှုမှာ ထောင်ဗုံးကြောင့်လော၊ အသေခံဗုံးခွဲသမားကြောင့်လောဆိုသည်ကို ကွဲကွဲပြားပြားမသိရပေ။

တစ်ချိန်တည်းမှာပင် နိုင်ငံအနောက်မြောက်ပိုင်း မိုင်၄၀၀အကွာရှိ ကာနိုမြို့ရှိ မိုဘိုင်းဖုန်းဈေးတစ်ခုတွင် အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားရာ လူ ၁၅ဦး သေဆုံးခဲ့ရပြီး အနည်းဆုံး ၁၂၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကာနိုပြည်နယ် ရဲတပ်ဖွဲ့ကော်မရှင်နာ မူဟမ်မတ် မူဆာ ကတ်ဆီနာက ပြောကြားခဲ့သည်။

အသေခံဗုံးခွဲသူနှစ်ဦးမှာ ၁၁နှစ်နှင့် ၁၈နှစ်အရွယ် မိန်းခလေးနှစ်ယောက်ဖြစ်ပြီး အရောင်းအဝယ်စကားပြောရင်း အရှိန်ရလာချိန်တွင် သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အသေခံဗုံးခွဲသမားများဖြစ်ပုံရသည့် ကလေးများကို တင်ဆောင်လာသည့် ဗန်ကားငယ်တစ်စင်းက မိန်းခလေးများကို ဈေးတွင် ချပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဗုံးခွဲတိုက်ခိုက်မှုများအတွက် မည်သည့်အုပ်စုကမျှ ၎င်းတို့၏လက်ချက်ဟု ကြေညာလာခြင်းမရှိသော်လည်း ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စုကို အဓိက သံသယဝင်နေသည်ဟု ဆိုသည်။ ၂၀၁၂ခုနှစ် ဇန်နဝါရီလကလည်း ထိုဈေးတွင်ပင် အကြမ်းဖက်သမားများက ဗုံးများ၊ သေနတ်များဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၁၈၅ဦး သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly