၂၀၂၁ တွင် စီးပွားရေးလုပ်ငန်းများ အဓိက ထားရမည့်ကဏ္ဍ ၃ ခု ရှိကြောင်း Facebook ပြော 

၂၀၂၁ တွင် စီးပွားရေးလုပ်ငန်းများ အဓိက ထားရမည့်ကဏ္ဍ ၃ ခု ရှိကြောင်း Facebook ပြော 
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ဒီဇင်ဘာ ၈၊ ၂၀၂၀ 

၂၀၂၀ ခုနှစ်သည် COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ရိုက်ခတ်မှုများရှိခဲ့သည့်အတွက် လာမည့် ၂၀၂၁ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများ အနေဖြင့် Facebook တွင် နယ်ပယ်ကဏ္ဍ သုံးခုအား အဓိကထားရမည်ဟု Facebook ၏ အာရှ ပစိဖိတ်ဆိုင်ရာဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဒန် နီယာရီက ပြောသည်။ 

ထိုကဏ္ဍသုံးခုမှာ မိုဘိုင်းနှင့် ဗီဒီယိုအတိုပုံစံ၊ ရှာဖွေရလွယ်ကူသည့် ရောင်းဝယ်ဖောက်ကားမှုပုံစံနှင့် စကားဝိုင်းဖန်တီးပြီး တစ်နေရာနှင့်တစ်နေရာ ချိတ်ဆက် ရောင်းဝယ်ဖောက်ကားမှု ပုံစံတို့ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်နေ့က Zoom မှတစ်ဆင့် ပြုလုပ်သည့် Facebook ၏ အာရှ ပစိဖိတ်ဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။  

Facebook သည် လူမှုအသိုင်းအဝိုင်းနှင့် ရောင်းဝယ်ဖောက်ကားမှုများ၏ ဆုံမှတ်နေရာ တစ်ခုအဖြစ်ရှိပြီး မိုဘိုင်းနှင့် ဗီဒီယိုအတိုလေးများသည် ကိုယ်ဆိုလိုချင်သည်များကို ဖော်ပြရန်နှင့် ဖျော်ဖြေရေးအတွက် မရှိမဖြစ် လိုအပ်သည့် အရာတစ်ခုအဖြစ် အသုံးများလာကြောင်း သိရသည်။  

ထို့ကြောင့် ဖျော်ဖြေရေးနှင့် အရောင်းအဝယ် ကဏ္ဍနှစ်ခု ပေါင်းစပ်ထားသည့် အွန်လိုင်းစျေးဝယ် ပုံစံသစ်တမျိုးသည် ဆက်ပြီး ခေတ်စားနေဦးမည်ဟု ခန့်မှန်းထားကြောင်း မစ္စတာ ဒန် နီယာရီက ပြောသည်။  

COVID-19 ကြောင့် လူများ အိမ်တွင်နေရသောအချိန် များလာသည့်အတွက် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလ အတွင်းတွင် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ၄၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်းနှင့် ယခုအခါတွင် အာရှ ပစိဖိတ်ဒေသတွင် အင်တာနက်သုံးစွဲသူများထဲမှ ဗီဒီယိုကြည့်ရှုသူပေါင်း ၇၇ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ 

ရှာဖွေရလွယ်ကူသော ရောင်းဝယ်ဖောက်ကားမှုပုံစံမှာ အွန်လိုင်းတွင် တိုက်ရိုက်စျေးဝယ်ခြင်း၊ စျေးရောင်းခြင်းအပြင် ၃၆၀ ဒီဂရီ ဗီဒီယိုများသုံးကာ အရောင်းဆိုင်များ မိတ်ဆက်ပေးခြင်း၊ စာသားများ၊ ရုပ်ပုံများနှင့် ဗီဒီယိုများကို ရုပ်ဝတ္ထုများပေါ်တွင် ဖုံးအုပ်ထားသော ဒီဂျစ်တယ်နည်းပညာ AR filters သုံးပြီး ပစ္စည်းများအား နေအိမ်မှ စမ်းကြည့်နိုင်ခြင်း၊ ဂိမ်းဆော့၍ရသည့် ကြော်ငြာများ အသုံးပြုခြင်း စသည်တို့ ဖြစ်သည်။  

နောက်ဆုံးအချက်ဖြစ်သည့် စကားဝိုင်းဖန်တီးပြီး တစ်နေရာနှင့်တစ်နေရာ ချိတ်ဆက် ရောင်းဝယ်ဖောက်ကားမှု ပုံစံသည် စီးပွားရေးလုပ်ငန်းအကြောင်း ပြောပြရန် လူအများကြားတွင် မက်ဆေ့ချ်ပို့သည့် ပုံစံသည် အများဆုံး အသုံးပြုလာကြသည့် ပုံစံများထဲတွင် တစ်ခုဖြစ်ကြောင်း သိရသည်။  

Messanger နှင့် Instagram တို့တွင် လူများနှင့် စီးပွားရေးလုပ်ငန်းများ အကြားတွင် နေ့စဉ် စကားဝိုင်းသည် ပြီးခဲ့သည့် နှစ်ကထက် ၄၀ ရာခိုင်နှုန်းကျော် တိုးလာကြောင်း မစ္စတာ ဒန် နီယာရီက ဆိုသည်။  

Facebook သည် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ခေတ်ရေစီးကြောင်းတွင် ၎င်းတို့ လုပ်ငန်းများအတွက် မည်ကဲ့သို့ ထူးထူးခြားခြား ဆောင်ရွက်နိုင်သနည်း ဆိုသည်ကို လေ့လာနိုင်သည့် နေရာဖြစ်ကြောင်းနှင့် လက်ရှိတွင် လူများသည် အွန်လိုင်းပေါ်တွင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန်၊ အလုပ်လုပ်ရန်၊ စျေးဝယ်ရန်၊ ဂိမ်းဆော့ရန်အပြင် အခြားကိစ္စများ အတွက်ပါ ယခင်ကထက် ပို၍ အချိန်ဖြုန်းလာကြောင်း သိရသည်။  

လှုမှုမီဒီယာ အချက်အလက်များကို စောင့်ကြည့်လေ့လာ ထုတ်ပြန်သည့် NapoleonCat.com ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူမှာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ၂၈ သန်းခွဲ ရှိကြောင်း သိရသည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly