မြစ်ရေစည်းချက် ဧရာဝတီ - ၂၁

မြစ်ရေစည်းချက် ဧရာဝတီ - ၂၁

သန့်ဇော်(သန်လျင်) 

ရာသီဥတု ပြောင်းလဲမှုတွေကြောင့် မြစ်ချောင်းတွေဟာ ယိုယွင်းပျက်စီးသလို မြစ်ချောင်းတွေ ယိုယွင်း ပျက်စီးတာ ကြောင့် ပတ်ဝန်းကျင် ပျက်စီးပြောင်းလဲသွားတာလည်း ရှိနေပါတယ်။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာဆိုရင် ဒီလိုမျိုးတွေကို မမြင်ချင် မကြားချင်အဆုံး စိတ်မသက်မသာနဲ့ မြင်နေကြားနေရပါ တယ်။ သဘာဝသစ်တောတွေ အဆင်ခြင်မဲ့ ခုတ်ပစ်လို့၊ မြေသယံဇာတတွေကို စည်းကမ်းမဲ့ တူးဖော်လို့ မြစ်ရေနဲ့ မြစ်တွေဟာ ပျက်စီးတာပဲ ဖြစ်ပါတယ်။  

အဲဒီလို မြစ်ကြောင်းတွေ ပျက်စီးနေတာကို နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ် တစ် လျှောက်မှာ တွေ့နေရတာပဲ ဖြစ်ပါတယ်။ အဓိက ထင်သာမြင်သာရှိတာကတော့ မြစ်ရေတိုက်စားမှုနဲ့ မြစ်ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြစ်ပြင်ကျယ်ပြန့်လာပြီး နွေအခါ သောင်တွေထွန်းလာတာပဲ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ဟာ သေချာလေ့လာပြီး အချိန်မီ ပြုပြင်ရမှာပဲ ဖြစ်ပါတယ်။  

မြစ်ချောင်းတွေကို လေ့လာဆည်းပူးတဲ့  Potamology  ဆိုတာ ရေသယံဇာတဖြစ်တဲ့ မြစ်တွေ ‌ချောင်းတွေရဲ့ သဘာဝတွေနဲ့ ရေစီးဆင်းမှု၊ ရေတည်ရှိမှုတွေကို လေ့လာပြီး ပတ်ဝန်းကျင်နဲ့ လူသားတွေကို ဘယ်လို ဘယ်လောက် အကျိုးပြုနိုင်သလဲဆိုတာကို အဓိက လေ့လာတဲ့ ဘာသာရပ် ဖြစ်လို့ ပညာရှင်တွေက လေ့လာပြီး ဧရာဝတီကို ကယ်တင်စေချင်ပါတယ်။ 

ကျွန်တော် အရင်အပတ်တွေက ရေးလာလိုက်တာ သဖန်းဒေါက်ရွာကိုကျာ်လာြပီး ကုန်းတန်းရွာစတဲ့ ရွာတွေ အများကြီးတွေ့ရပါတယ်။ ဧရာဝတီမြစ်ပြင် ဟာလည်းကျယ်လာပြီး သောင်တွေကျွန်းတွေ ကိုလည်း တွေ့ရပါတယ်။ ခဏကြာတော့ မင်းကွန်းမြို့ကို ရောက်တော့မှာဖြစ်ပြီး သဲသောင်တွေကို ရေကြောင်းရှာပြီး ဖြတ်ရပါတယ်။ ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ကမ်းမှာရှိတဲ့ သမိုင်းဝင် အထင်ကရ မင်းကွန်းမြို့ ပုထိုးတော်ကြီးကိုလည်း လှမ်းမြင်နေရပါတယ်။ 

မင်းကွန်းမြို့ကနေ အရှေ့ဖက်ဝန်းကျင်က ဧရာဝတီမြစ်ကို ကြည့်လိုက်ရင်ဖြင့် သဲသောင်ကြီးတွေကို အံ့မခန်း တွေ့ရမှာပဲ ဖြစ်ပါတယ်။ မင်းကွန်းရောက်ခါနီး သဖန်းဒေါက်ရွာကြီးရဲ့ ရှေ့က ကျွန်းကြီးဆို ဘယ်နှစ်ခုနှစ်က ဖြစ်ပေါ်သလဲဆိုတာတော့ မသိပါဘူး၊ တော်တော်ကိုကြီးမားပြီး စိုက်ပျိုးရေး လုပ်နေ ကြတဲ့ အိမ်ခြေ ၅၀ လောက်ရှိတယ်လို့ သိရပါတယ်။ ကျွန်းပေါ်မှာတော့ မြစ်ကျိုးအင်းတွေလည်းရှိ တယ်လို့ သိရပါတယ်။ သဲသောင်လွင်တီးခေါင်တွေကိုလည်း ကန္တရလိုမျိုးတွေ့ရပါတယ်။ တချို့သောင် တွေဟာ နွေအခါမှာသိသိသာသာပေါ်လာကြပြီး မိုးတွင်းရေတက်ချိန်မှာတော့ မြုပ်သွားကြောင်းလည်း သိရပါတယ်။ အကယ်၍ ကျွန်တော်တို့ဟာ မြစ်ရေစီးကြောင်းတွေကို ပညာရှင်တွေနဲ့ ငွေကြေးအကုန် အကျခံကာ ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် မြစ်ဟာ အဲဒီလောက်ကြီး ပြန့်ကားမထွက်တာတော့ အသေအချာ ပဲဖြစ်ပါတယ်။  

 မင်းကွန်းမြိုဟာ ရှေးဟောင်းမြို့လို့သိရပြီး စစ်ကိုင်းတိုင်းတွင်းမှာပါဝင်ပါတယ်။ ဘိုးတော်ဘုရား လက်ထက် ဘာသာ သာသနာထွန်းကားခဲ့တယ်လို့လည်း သိရပါတယ်။ ကမ္ဘာပေါ်မှာ တတိယ အကြီးဆုံးခေါင်းလောင်းဖြစ်တဲ့ မင်းကွန်းခေါင်းလောင်း၊ မင်းကွန်းပုထိုးတော်ကြီး၊ မြသိန်းတန် စေတီနဲ့ ဒေါ်ဦးဇွန်းရဲ့ လူအိုရုံတို့ဟာ မင်းကွန်းမြို့ ရဲ့ အထင်ကရနေရာများပဲဖြစ်ပါတယ်။ 

မင်းကွန်းမြို့ ပုထိုးတော်ကြီးပေါ်ကနေ ဧရာဝတီမြစ်တည့်တည့်ကိုကြည့်ရင် ရေကျချိန်ဆို သဲသောင်ကြီး နှစ်ခုလောက်ကို မြင်ရမှာဖြစ်ပြီး မိုးတွင်းရေများတဲ့အခါ သဲသောင်ပြင်မရှိတော့ဘဲ ရေပြင်ကျယ်ကြီး ဖြစ်သွားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ တစ်ဖက်ကမ်းမှာတော့ မြစ်ကျိုးအင်းကြီးတစ်ခု ဖြစ်ပေါ်နေပြီး ဧရာဝတီမြစ်သေးသေးလေးက ကွေ့ဝိုက်စီးဆင်းသွားပြီး ကျွန်းကြီးဖြစ်နေတယ်လို့ လည်း ပြောပါတယ်။  

မင်းကွန်းပုထိုးတော်ကြီးရဲ့ အပေါ်ကိုရောက်တော့ စိတ်ဝင်စားတာနဲ့ ပုထိုးတော်ကြီးရဲ့ ရာဇဝင်ကိုလည်း လေ့လာလိုက်ပါသေးတယ်။ ဘိုးတော်ဘုရားခေတ် ခရစ်နှစ် ၁၇၉၀ ပြည့်က အလည်ရောက်လာတဲ့ စိနတိုင်း (တရုတ်ပြည်) ဘုရင် ကိုယ်စားလှယ်တော် သံတမန်အဖွဲ့က လက်ဆောင်ပေးလိုက်တဲ့ ဗုဒ္ဓစွယ် တော် တစ်ဆူ ဌာပနာဖို့ ကမ္ဘာ့အကြီးဆုံး ပုထိုးတစ်ဆူ တည်တော်မူရန် ဘိုးတော်ဘုရားအား ရည်ရွယ်ခဲ့ တယ်လို့ သိရပါတယ်။ ရည်ရွယ်ရင်းက သူမည်မျှ ဘုန်းတန်ခိုး အာနုဘော် တော်တော်တန်တန်မျှ မဟုတ်ကြောင်း ပြသဖို့ ဖြစ်တယ်လို့ သိရပါတယ်။  

ဘိုးတော်ဘုရားနန်းတက်ပြီး ၉ နှစ်အကြာ ခရစ်နှစ် ၁၇၉၀ ခုနှစ်မှာ မန္တရာကြီး သို့မဟုတ် မင်းကွန်း ပုထိုးတော်ကြီးကို စတင် တည်ဆောက်ပါတယ်။ ကိုယ်တိုင် ကြီးကြပ်တည်ဆောက်နိုင်ဖို့ စံနန်းမှ ဧရာဝတီ မြစ်အတွင်း ကျွန်းတစ်ခုပေါ် မှာ ၁၇၉၇ ခုနှစ်ထိ တိုင်အောင် ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဲဒီ အချိန်မှာ ငွေကုန်လူပန်းဖြစ်ပြီး ပုထိုးတည်တဲ့အလုပ်ကို ဆက်လုပ်ဖို့ ခက်ခဲလာပါတယ်။ 

အမြင့်ပေ ၅၀၀အထိတည်ထားရန် ရည်ရွယ်သော်လည်း ပထမပစ္စယံ ၁၆၅ ပေအပြီးမှာ “ဘုရားလည်း ပြီး ပြည်လည်းပျက်လတ္တံ့”ဆိုတဲ့ တဘောင်  စနည်းတို့အား မလွန်ဆန်ရဲဟုဆိုကာ ဘုရားတည်ခြင်းကို ရပ်ဆိုင်းလိုက်တယ်လို့ အဆိုရှိပါတယ်။ ပုထိုးတော်ကြီးရဲ့လုံးပတ်က စတုရန်းပေ ၄၅၀ တိတိ ကြီးမား ကျယ်ဝန်းပြီး အရပ်လေးဖက်မျက်နှာမှာ မုဒ်ပေါက်ငယ် တစ်ခုစီ ပြုလုပ်ထားပါတယ်။ 

ဘိုးတော်ဘုရားဟာ အဆိုပါ ပုထိုးတော်ကို ၁၅၂ မီတာ သို့မဟုတ် ၄၉၉ ပေ အမြင့် ဆောက်ရန် ရည်ရွယ် ထားပေမယ့် ပုထိုးတော်တည်ဆောက်မှု ရပ်ဆိုင်းလိုက်ရတဲ့အခါ တည်ဆောက်လက်စမှာ ဉာဏ်တော် မီတာ ၆၀ သို့မဟုတ် ၁၉၈ ပေသာ ရှိပါတယ်။ အောက်ဆုံးအဆင့် စင်္ကြန်ဟာ ပေ ၄၅၀ သို့မဟုတ် ၁၃၇ မီတာစတုရန်း အရွယ်ရှိတယ်လို့ သိရပါတယ်။ အလျား ၄ ရပ် တစ်ဖက်စီမှ မုခ်ဦးဆောက်လုပ်ကာ ဘုရားဆောင်တွေကို ခဲနားသတ်ပြီး အတွင်းမှာ ရွှေဆင်းတု ၁၅၀၀ ဆူ၊ ငွေဆင်းတု ၂၅၃၄ ဆူအပြင် အခြား ဌာပနာ ၃၇၀၀၀ ကိုသွတ်သွင်းထားပါတယ်။ ဘိုးတော်ဘုရားရဲ့ နန်းတော်ကို ဗြိတိသျှသံအရာရှိ ဟီရန်ကောက်စ် ဆိုသူရောက်တုန်းက ထိုစဉ်ကာလက တီထွင်ထားတဲ့ ဖောက်စက် နမူနာတစ်လုံး ကိုတောင် တွေ့ခဲ့သေးတယ်လို့ ထူးထူးဆန်းဆန်းပြောခဲ့ဖူးတယ်ဆိုတာလည်း မှတ်တမ်းတွေထဲမှာ ရေးသားထားတယ်လို့လည်း သိရပါတယ်။ 

မြန်မာသက္ကရာဇ် ၁၁၈၁-ခု (ခရစ်နှစ်-၁၈၁၉)ခုနှစ်မှာတော့ ဘိုးတော်ဘုရား နတ်ရွာစံလို့ ဘုရားကြီးမှာ လည်း ဒီနေ့တိုင် အပြီးမသတ်နိုင် ဖြစ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ တကယ်လို့သာ  ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် ပုထိုးတော်ကြီးဟာ မြန်မာပြည်မှာ အမြင့်ဆုံး ဘုရားတစ်ဆူ ဖြစ်မှာ ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် နှင့် ၁၃၁၈ ခုနှစ် တို့မှာ လှုပ်ခဲ့တဲ့ မြေငလျင်ဒဏ်များ ကြောင့် ကွဲအက်ပျက်စီးနေတာလည်း တွေ့ခဲ့ရပါတယ်။  

ခရစ်နှစ် ၁၈၃၈ ခုမှာ ငလျင်ဒဏ် ထပ်မံခံရပြီး ပုထိုးတော်ကြီးရဲ့ ပထမအဆစ်ဟာ အောက်ဘုရား ဆောင်အတွင်း ပြိုလဲပြီး မြစ်မျက်နှာပြင်ကို တင်ကြိုကာကွယ်ထားတဲ့ ခြင်္သေ့ကိုယ်ထည်၊ ဂဠုန် နှုတ်သီးနဲ့ ဂဠုန်တောင်ပံကြီးတစ်စုံလည်း ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ ၁၈၁၉ ခုနှစ် ဘိုးတော်ဘုရား အနိစ္စရောက် ပြီးတဲ့နောက် မည်သည့်သားမြေးဆက်ကမှ ဒီကနေ့ထိ ဆက်လက်ဆောက်လုပ်ခြင်း မရှိကြတော့ဘဲ၊ အပျက်အစီး အပုံကြီးဟာ ၃၂၈ ပေအထိ ယခုတိုင် ခန့်ခန့်ထည်ထည်ဖြင့် ပြည်တွင်း ဘုရားဖူးတွေ နိုင်ငံခြားဧည့်သည်တွေနဲ့ စည်ကားနေတာ တွေ့ရပါတယ်။ မင်းကွန်းကိုရောက်ရင် ဘိုးတော်ဘုရား လက်ထက် ၁၇၉၀ ခုနှစ်က သွန်းလုပ်ခဲ့တဲ့ မင်းကွန်း ခေါင်းလောင်းကြီးကိုလည်း သွားကြည့်ပါမှ မင်းကွန်းကို ရောက်ရကျိူးနပ်မှာ ဖြစ်ပါတယ်။ ခေါင်းလောင်းကြီးရဲ့အလေးချိန်က မြန်မာအချိန်အတွယ် ၅၅၅၅၅ ပိဿာရှိပြီး၊ တန်ချိန် အားဖြင့် ၉၀.၅၂ တန် ရှိတယ်လို့ သိရပါတယ်။  

မင်းကွန်းကနေ ထွက်လာတဲ့အခါ ဧရာဝတီမြစ် အရှေ့ဖက်ကမ်းနဲ့ အနောက်ဖက်ကမ်းဟာ တော်တော် ကို ကျယ်ဝန်းပြီး ရေလယ်မှာတော့ ကျွန်းကြီးတွေတွေ့ရပါတယ်။ ကျွန်းကြီးတွေကို ငေးမောလို့ သမိုင်းဝင် မန္တလေးမြို့ကိုလည်း ဝင်ဦးမှာမို့ ကျွန်တော်တို့ဟာ မြစ်ရဲ့ အနောက်ဖက်ကမ်းကနေ သွားရ ပါတယ်။ ရေလယ်ကျွန်းကြီးတွေရဲ့ အလယ်မှာလည်း ရေလမ်းကြောင်းတွေရှိတာလည်း တွေ့ရပါ တယ်။ ခဏလောက်ပဲ သင်္ဘောစီးရပြီး မန္တလေး မြို့ကိုရာက်ပါတော့တယ်။   ။ 

(ဆက်လက်ဖော်ပြပါမည်) 

သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly