အကြမ်းဖက်မှုတွင် သေဆုံးခဲ့ရသူများအား ဂုဏ်ပြုသောအားဖြင့် အထူးဂျာစီကို ပီအက်စ်ဂျီဝတ်ဆင်မည်

အကြမ်းဖက်မှုတွင် သေဆုံးခဲ့ရသူများအား ဂုဏ်ပြုသောအားဖြင့် အထူးဂျာစီကို ပီအက်စ်ဂျီဝတ်ဆင်မည်

ပဲရစ်၊ နိုဝင်ဘာ ၁၉ ။            ။ ပြင်သစ်လိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းသည် ပဲရစ်မြို့အကြမ်းဖက်မှုတွင် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းစွာ ဂုဏ်ပြုသောအားဖြင့် ယခုတစ်ပတ်လိဂ်ပွဲစဉ်အပါအဝင် လာမည့်ပွဲစဉ်သုံးပွဲတွင် အထူးဂျာစီများကို ဝတ်ဆင်ကစားမည်ဖြစ်သည်။

ထိုဂျာစီ၏ ထူးခြားမှုမှာ ပီအက်စ်ဂျီအသင်း၏လိုဂိုအောက်တွင် 'Je suis paris' ဟု ရေးသားထားခြင်းဖြစ်သည်။ ထိုအဓိပ္ပါယ်ကို အင်္ဂလိပ်လိုပြန်ဆိုပါက 'I am Paris' ဟု အဓိပ္ပါယ်ရမည် ဖြစ်သည်။

ယခုတစ်ပတ်တွင် ပြင်သစ်လိဂ်ပွဲစဉ်များအားလုံးကို ကစားသွားမည်ဖြစ်သော်လည်း ပရိသတ်များ အဝေးကွင်းများသို့ လိုက်လံအားပေးခြင်းကို ပိတ်ပင်ထားသည်။ ထိုကဲ့သို့ ပိတ်ပင်ထားသော်လည်း ပီအက်စ်ဂျီအသင်းပရိသတ်များအပါအဝင် အသင်းအားလုံး၏ပရိသတ်များက အဝေးကွင်းသို့ သွားရောက်ကြည့်ရှုခွင့်ရမည်ဟု မျှော်လင့်နေကြသည်။

ပြင်သစ်အားကစားဝန်ကြီး ပက်ထရစ်ကန်နာက 'ပြင်သစ်နိုင်ငံကြီး ခိုင်မာစွာရပ်တည်နေပြီး ဒီတစ်ပတ်ကစားကြမယ့် လိဂ်ပြိုင်ပွဲအားလုံးမှာ ပရိသတ်တွေ ထူးထူးခြားခြားပြည့်နှက်နေဖို့ ကျွန်တော်ပြောလိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အသက်ဝိဉာဏ်ကို ပြန်လည်ရယူမှာပါ။

ပြင်သစ်နိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့တန်ဖိုး၊ ကျွန်တော်တို့ရဲ့လွတ်လပ်မှုနဲ့ ရှင်သန်နေတဲ့ ဘဝတွေကို ဘယ်သူကမှ ရပ်တန့်လို့ မရပါဘူး။ လွတ်လပ်မှုဆိုတာ အားလုံးရဲ့အထက်မှာ ရှိပါတယ်' ဟု ပြောသည်။

ပီအက်စ်ဂျီအသင်းသည် ယခုတစ်ပတ်တွင် လိုရီယန့်အသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထို့နောက်တွင် မယ်လ်မိုအသင်းနှင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်၊ ထရွိုင်ယက်စ်အသင်းနှင့်အိမ်ကွင်းပွဲစဉ်များ ကစားရမည်ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly