တရုတ်ရဲ့ ကမ္ဘာလုံးနဲ့ တစ်ယောက် ဖြစ်ရတဲ့အဖြစ်

By မောင်မြသာ
07 December 2020
တရုတ်ရဲ့ ကမ္ဘာလုံးနဲ့ တစ်ယောက် ဖြစ်ရတဲ့အဖြစ်

ဒီဇင်ဘာ ၇ ၊ ၂၀၂၀

တရုတ်က သြဂုတ် ၂၆ ရက်နေ့မှာ တောင်တရုတ်ပင်လယ်ထဲက ပရာဆယ်လ်ကျွန်းတွေနားမှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်ပြီး တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် လေးစင်းကို ပစ်လွှတ်တာကိုကြည့်ရင် ကမ္ဘာနဲ့ တစ်ဝှမ်း အထူးသဖြင့်တော့ တောင်တရုတ်ပင်လယ်မှာ သူရဲ့ အင်အားကိုပြသလိုက်တာပဲဖြစ်ပါတယ်။ ပေကျင်းဟာ တောင်တရုတ်ပင်လယ်ထဲမှာ နယ်မြေချဲ့ထွင် တောင်းဆိုမှုတွေလည်း လုပ်ပါတယ်။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်နဲ့ အင်ဒိုနီးရှားတို့မှာ ပင်လယ်ရေကြောင်းဆိုင်ရာပိုင်နက် တောင်းဆိုမှုတွေရှိနေပါတယ်။ ရေလမ်းကြောင်း ၉၀ရာခိုင်နှုန်းနီးပါးလောက်ကိုတောင်းဆိုနိုင်ဖို့အတွက် Nine-dash မျဉ်းကို တရုတ်က အသုံးပြုနေပါတယ်။ သူလိုချင်တဲ့  Nine-dash မျဉ်းဟာ တခြားနိုင်ငံတွေရဲ့ အထူးစီးပွားရေးဇုံနဲ့ စွမ်းအင်ကြွယ်ဝတဲ့နေရာတွေကို ဖြတ်သန်းနေ အထူးစီးပွားရေးဇုန်နှင့် စွမ်းအင်ကြွယ်ဝသော နေရာများသို့ ဖြတ်နေတာက ပြဿနာအရင်းခံပဲဖြစ်ပါတယ်။  

အမေရိကန်ကတော့ ပရာဆယ်လ်နားမှာ တရုတ်ရဲ့ ဩဂုတ် ၂၃ ရက်ကနေ ၂၉ ရက်နေ့အထိ စစ်ရေးလေ့ကျင့်တာကို  အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံတွေထဲ တရုတ်ရဲ့ တရားမဝင် ရေကြောင်းဆိုင်ရာကျူးကျော်မှုရဲ့ နောက်ဆက်တွဲ နောက်ဆုံးလုပ်ထုံးလုပ်နည်းလို့ သတ်မှတ်ခဲ့ပါတယ်။

တကယ်တော့ ဒေသတွင်းမှာ သူ့ဆန္ဒအတိုင်း တဘက်သတ်လုပ်ဖို့ တရုတ်ကို နိုင်ငံတကာ ဥပဒေက ခွင့်ပြုထားတာ မဟုတ်ပါဘူး။ ၂၀၂၀ ခုနှစ် ဇူလိုင် ၁ ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံနိုင်ငံတွေဟာ ၁၉၈၂ UNCLOS ကို အခြေခံပြီး တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရဲ့ အပြုအမူတွေကို ငြင်းဆန်ထားပြီး ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ သဘောထားတူ ပူးပေါင်းခဲ့ကြပါတယ်။ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ဟာ ပရာဆယ်လ်ကျွန်းတွေနား ရေပြင်မှာ တရုတ်ရဲ့ ရေကြောင်းလေ့ကျင့်မှုတွေကို ဝေဖန်မှုတွေ အသီးသီးပြုခဲ့ကြပါတယ်။ ဒီနိုင်ငံတွေရဲ့ ပေကျင်းနဲ့ ဆက်ဆံရေးပေါ်လည်း သက်ရောက်မှုတွေရှိခဲ့ပြီး တရုတ်ဟာ ဒေသတွင်း တင်းမာမှုဖန်တီးနေခြင်းအတွက် သတိပေးစကားတွေပြောခဲ့ကြပါတယ်။ ဖိလစ်ပိုင်က ဒီ လေ့ကျင်းမှုဟာ “အလွန်အမင်း ရန်စတာ”လို့ ဝေဖန်ခဲ့ပြီး ဗီယက်နမ်က “ဗီယက်နမ်၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်တာ” လို့ ဆိုခဲ့ပါတယ်။

ဇူလိုင်လ ၃ရက်နေ့မှာ ဖိလစ်ပိုင်က တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဖိလစ်ပိုင် ပိုင်နက်ထဲကို ဝင်ရောက်လာခဲ့ရင် ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ သတိပေးခဲ့ပါတယ်။

ဇူလိုင် ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သုံးနိုင်ငံကာကွယ်ရေးဝန်ကြီးအစည်းအဝေးမှာ အမေရိကန်၊ ဂျပန်နဲ့ ဩစတြေးလျတို့ဟာ အင်ဒို-ပစိဖိတ်ဒေသထဲမှာ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ပေါကြွယ်ဝမှုတို့တွေကို မြှင့်တင်ဖို့ ကတိကဝတ်တွေ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။  အရှေ့နဲ့ တောင်တရုတ်ပင်လယ်တွေမှာ ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတွေ၊ ရေကြောင်း ပြည်သူ့စစ်တွေ နိုင်ထက်စီးနင်း အသုံးပြုတာတွေနဲ့ တခြားနိုင်ငံတွေရဲ့ အရင်းအမြစ်တွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ အပြုအမူတွေနဲ့ နှောက်ယှက်ဖို့ကြိုးစားတာတွေအပါအဝင် တင်းမားမှုတွေ တိုးပွားလာစေခဲ့တဲ့အတွက် ဝေဖန်ခဲ့ပါတယ်။

မကြာသေးခင်က တရုတ်ကမ်းခြေစောင့်အဖွဲ့ဟာ  Bajo de Masinloc နေရာဟာ သူတို့ရဲ့ ရေပိုင်နက်လို့ဆိုပြီး ဖိလစ်ပိုင်ငါးဖမ်းသမားတွေရဲ့ ငါးဖမ်းကိရိယာတွေကို သိမ်းဆည်းခဲ့ပါတယ်။ တရုတ်ဟာ ဖိလစ်ပိုင်အနောက်ဘက်ပင်လယ်ပြင်မှာ ပုံမှန်ရေကြောင်းကင်းလှည့်မှုတွေလုပ်နေခဲ့တဲ့  ဖိလစ်ပိုင်လေယာဉ်တွေကို   ရေဒီယိုကြားဖြတ်နှောက်ယှက်တာတွေလည်း လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။  

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရဲ့ ချိုးဖောက်မှုတွေဖြစ်လာပြီးတဲ့နောက် အမေရိကန်အနေနဲ့ အမေရိကန် ရေတပ် လေယာဉ်တင်သင်္ဘော USS Ronald Reagan နဲ့ USS Nimitz တို့ကို တောင်တရုတ်ပင်လယ်ကိုမသွားခင် ထိုင်ဝမ်တောင်ပိုင်း ဘရှီ ရေလက်ကြားမှာ စစ်ဆင်ရေးလုပ်ဖို့ ရွှေ့ပြောင်းစေခဲ့ပါတယ်။ အမေရိကန်ဟာ အဲဒီဒေသမှာ လေယာဉ်တင်သင်္ဘော USS Theodore Roosevelt ကို နေရာတပ်စွဲထားပြီးလည်းဖြစ်ပါတယ်။ အငြင်းပွားနေတဲ့ ကျွန်းနားက တရုတ်ရေကြောင်း လေ့ကျင့်မှုတွေအပြီးမှာ အမေရိကန် လေယာဉ်တင် သင်္ဘောတွေ ရောက်လာခဲ့ပါတယ်။ အမေရိကန်ဟာ  ဘရှီချန်နယ်မှာ  ဆီဖြည့် ရေနံတင် သင်္ဘောနှစ်စီးနဲ့ ကင်းထောက်လေယာဉ်ခြောက်စီးကို စေလွှတ်ထားခဲ့ပါတယ်။
 
တရုတ်က DF-21D နဲ့ DF-26 လို တာဝေး လေယာဉ်တင်သင်္ဘောဖျက် လက်နက်တွေဟာ “လေယာဉ်တင်သင်္ဘောဖျက် ဒုံးကျည်များ” ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် ထောက်လှမ်းရေးလေယာဉ် U-2 ဟာ တရုတ် “မပျံသန်းရဇုန်” ကို ဝင်ရောက်ပြီးတဲ့နောက် ဩဂုတ်လ ၂၇ရက်နေ့က တရုတ်နိုင်ငံ  ထင်ဟိုင်း ပြည်နယ်မှာ တာလတ် DF-26B ပဲ့ထိန်းဒုံးကျည်(ဩဂုတ်လတွင် တရားဝင် ပြသခဲ့တာ) နဲ့ ဂျီဂျန် ပြည်နယ်ကနေ တာလတ် DF 21D ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပြန်ပါတယ်။ ဒါတွေဟာ ကွန်မြူနစ်ပါတီ CPP ထဲမှာ ကမ္ဘာနဲ့တစ်ဝှမ်း တရုတ်အပေါ် တုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီး မလုံမခြုံဖြစ်နေတာကို ပြသနေပါတယ်။ တရုတ်ဟာ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေနဲ့ သန္တာကျောက်တန်းတွေမှာ စစ်ဘက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေတပ်စွဲပြီး ပစ္စည်းကိရိယာတွေ အခြေချဖို့ အလုပ်များနေပါတယ်။ တရုတ်ရဲ့ တောင်တရုတ်ပင်လယ်ထဲမှာ နိုင်ငံတကာစည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဟာ ဟိမဝန္တာတောင်တန်းတွေရှိရာ အိန္ဒိယနဲ့ နယ်စပ်ဘက်မှာ တရားမဝင်ကျူးကျော်မှုတာတွေနဲ့ နှိုင်းယှဉ်လို့ရပါတယ်။
 
အဆုံးမှာတော့ အမေရိကန်ဟာ တရုတ်ကို ပြင်းထန်စွာ အရေးယူဆောင်ရွက်မှုတွေ စတင်လုပ်လာခဲ့ပြီး  တောင်တရုတ်ပင်လယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်ကုမ္ပဏီ ၂၄ ခုကို ပိတ်ဆိုမှု့ ပြုလုပ်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ တရုတ်ဆက်သွယ်ရေးဆောက်လုပ်ရေးကုမ္ပဏီ (CCCC) ရဲ့ ကုမ္ပဏီခွဲတွေလည်း ပါပါတယ်။ CCCC ဟာ တရုတ်ရဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း `One Belt One Road’ မဟာဗျူဟာအတွက် အသုံးပြုနေတဲ့ ထိပ်တန်းကန်ထရိုက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အမေရိကန်ဟာ CCCC နဲ့ သူ့ရဲ့ ကုမ္ပဏီခွဲတွေကို အကျင့်ပျက်ခြစားတာ၊ ခေါင်းပုံဖြတ် ငွေချေးတာ၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတာနဲ့ ကမ္ဘာတစ်ဝှမ်း တခြား ဖောက်ဖျက်မှုတွေမှာ ပါဝင်နေတယ်လို့ စွပ်စွဲထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုက CCCC နဲ့ သူ့ရဲ့ ကမ္ပဏီခွဲတွေ ချဲ့ထွင်ရေးအစီအမံတွေ ဆောင်ရွက်တာကို ခွင့်မပြုဖို့ ကမ္ဘာကို ပန်ကြားထားပါတယ်။
 
တစ်ချိန်တည်းမှာပဲ အမေရိကကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ မျက်မမြင် တရုတ် အတိုက်အခံနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ချန် ဂွမ်ချန် ဟာ ဩဂုတ်လ ၂၆ ရက်နေ့က ရီပတ်ပလစ်ကန် အမျိုးသား ကွန်ဗန်းရှင်း ထုတ်လွှင့်မှုမှာ တရုတ်အစိုးရကိုကို ဆန့်ကျင်ပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ တရုတ်ကွန်မြူနစ်ပါတီ၊ ပြည်သူ့လွတ်မြောက်ရေးပါတီနဲ့ တောင်တရုတ်ပင်လယ်ထဲက ကျူးကျော်တာနဲ့ စစ်အင်အားတိုးချဲ့တာတွေအတွက် တာဝန်ရှိတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေက အဖွဲ့ဝင်တွေကို ဗီဇာပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်အရေး၊ အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေး၊ ဟောင်ကောင်လူ့အခွင့်အရေး၊ ကိုဗစ်-၁၉ ရောဂါ ကိုင်တွယ်ပုံနဲ့  တရုတ်နည်းပညာ ကုမ္ပဏီတွေနဲ့  ပွင့်လင်းမြင်သာမှုမရှိတာတွေက တင်းမာမှုကို ပိုကြီးထွားလာနေပါတယ်။  တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရဲ့ ရန်လိုတဲ့ လှုပ်ရှားမှုတွေ၊ အိန္ဒိယနဲ့ နယ်စပ် ပဋိပက္ခ၊ အမေရိကန်နဲ့ ကုန်သွယ်ရေး စစ်ပွဲ၊ ဩစတြေးလျ၊ ဥရောပနိုင်ငံတွေအပေါ် နိုင့်ထက်စီးနင်း သံတမန်ရေးရှိတဲ့ လက်ရှိအနေအထားတွေကြောင့် တရုတ်ဟာ တကမ္ဘာလုံးနဲ့ တစ်ယောက် ပဋိပက္ခလိုဖြစ်လာနေပါတယ်။  
 
ကမ္ဘောဒီးယားက သီဟာနုဗေးလ်ကမ်းခြေကိုကြည့်လိုက်ရင် တရုတ်ဆောက်လုပ်ရေးအလုပ်သမားတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ လောင်းကစားရုံ လည်ပတ်သူ ၈၀၀၀ လောက်ရှိတဲ့ လောင်းကစားရုံတွေ တွေ့နိုင်ပါတယ်။ ၂၀၁၉ ခုနှစ်မှာအထပ်မြင့် ပြိုကျမှုတာကနေ  ဆောက်လုပ်ရေးအလုပ်သမား ၂၈ ယောက်  သေဆုံးခဲ့ပါတယ်။  ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အထပ်သားကာရံထားတဲ့ အဆောင်တွေဟာ ပြည့်တန်ဆာခန်းတွေအဖြစ် ပြောင်းလာခဲ့ပါတယ်။ လူဆိုးဂိုဏ်းအချင်းချင်း ပြိုင်ဘက်တွေကို သတ်ဖြတ်တာတွေကနေ  ရာဇဝတ်မှုနှုန်းတွေ မြင့်လာခဲ့ပြီး သီဟာနုဗေးလ် ကမ်းခြေဟာ ကျုးကျော်မှုနဲ့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေ စုပုံစရာဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကမ္ဘောဒီးယားအစိုးရဟာ လောင်းကစားရုံတွေကို ပိတ်ပစ်ခဲ့ရပါတယ်။

BRI စီမံကိန်းတွေကို ငွေကြေးထောက်ပံ့တာတွေကလည်း ၂၀၁၆ က စလို့ နှေးကွေးလာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးအငြင်းပွားတာ၊ ကပ်ရောဂါကူးစက်မှု၊ စီးပွားရေးနှေးကွေးတာ၊ ရှင်ကျန်းမှာ လူမျိုးရေးမတည်ငြိမ်တာ၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်မှာ ဆက်ဆံရေးဆိုးရွားဆုတ်ယုတ်လာခဲ့တာတွေကြောင့် ဒီမဟာစီမံကိန်းကြီးကို ငွေကြေးပံံပိုးနိုင်တဲ့ အလားအလာက မှေးမှိန်လာနေပါတယ်။
 
သီရိလင်္ကာက ဟမ်ဘန်တိုတာဆိပ်ကမ်းဟာသီရိလင်္ကာစီးပွားရေး တိုးတက်ဖို့ ဘယ်လိုဘယ်ပုံနည်းနဲ့ ကူညီနိုင်လိမ့်မယ်လို့ တရုတ်က ပုံဖော်နေတုံးမှာပဲ ၂၀၁၇ ခုနှစ်မှာ ဆိပ်ကမ်းကို သင်္ဘော ၁၇၅ စင်းပဲ ဆိုက်ကပ်ခဲ့ပါတယ်။ ဆိပ်ကမ်းကရတဲ့ဝင်ငွေနဲ့ တိုင်းပြည် အခွန်ဘဏ္ဍာငွေလျော့နည်းလာတော့ ကျွန်းနိုင်ငံဟာ တရုတ်အကြွေးတွေ ပြန်မဆပ်နိုင်တော့ဘဲ ဆိပ်ကမ်းကို ပိုင်ဆိုင်ထိန်းချုပ်ခွင့်ကို တရုတ်ကို ထိုးအပ်ပေးလိုက်ရပါတယ်။  သီရိလင်္ကာဟာ ဆိပ်ကမ်းနဲ့ပတ်သက်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့် လက်လွတ်ဆုံးရှုံးခဲ့ရပြီးဒေသတွင်း လုံခြုံရေး စိုးရိမ်ပူပန်မှုတွေ တိုးစေခဲ့ပါတယ်။ တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာဒေသထဲ သူ့ရဲ့ ကျူးကျော်မှုတွေကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အစပြုလုပ်ဆောင်တာပါဆိုပြီး မိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာသလို ဘယ်လိုပဲ ကာကွယ်ပြောဆိုနေပေမယ့် သူ့ရဲ့အခြေခံအဆောက်အဦ ရင်းနှီးမြုပ်နှံမှုတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေကို မဟာဗျူဟာကျကျ စစ်ရေးအတွက်  ခေါင်းပုံဖြတ်အမြတ်ထုတ်နေတာကို တွေ့ရပါတယ်။ သီရိလင်္ကာကနေ တရုတ်ကို လက်လွှဲပေးလိုက်ရတဲ့အဖြစ်မတိုင်ခင်မှာ ရှင်ဟွာ သတင်းဌာနက ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးရဲ့ အောင်ပွဲရယ်လို့ ခေါ်ဆိုခဲ့ပါတယ်။ ဒါတွေဟာ တရုတ်အပေါ် စွပ်စွဲချက်တွေကို ပိုအားကောင်းလာစေခဲ့ပါတယ်။

 ပါကစ္စတန်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ သီရိလင်္ကာမှာ တရုတ်ရဲ့ လုပ်ရပ်တွေဟာ သင်ခန်းစာယူစရာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly