ဂြိုဟ်သိမ်မှ မြေမှုန် နမူနာများ ဂျပန်အာကာသယာဉ် သယ်ဆောင်လာ 

ဂြိုဟ်သိမ်မှ မြေမှုန် နမူနာများ ဂျပန်အာကာသယာဉ် သယ်ဆောင်လာ 
Photo - AFP

ဒီဇင်ဘာ ၆ 

ဂျပန်အာကာသစူးစမ်းရေးယာဉ် ဟာယာဘူဆာ ၂ ဟာ ဂြိုဟ်သိမ်တစ်ခုဆီက မြေမှုန်နမူနာတွေကို သယ်ဆောင်ပြီး ကမ္ဘာမြေဆီ တနင်္ဂနွေနေ့မှာ ပြန်လည်ဆင်းသက် ရောက်ရှိလာခဲ့ပါတယ်။ 

အခု သယ်ဆောင်လာတဲ့ မြေမှုန်နမူနာဟာ သက်ရှိရဲ့ မူလရင်းမြစ်နဲ့ စကြဝဠာ ဖွဲ့တည်မှုကို စူးစမ်းရှာဖွေမှု အကူအညီ ဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားပါတယ်။ 

နမူနာတွေ အာကာသယာဉ်ဟာ ဂျပန်စံတော်ချိန် နံနက် ၂ နာရီ မခွဲခင်မှာ ကမ္ဘာလေထုထဲ ဝင်ရောက်လာတာဖြစ်ပြီး လေထုနဲ့ ပွတ်သပ်မှုကြောင့် မီးအလင်းတန်းတွေ ထွက်ပေါ်ပြီး သြစတြေးလျမှာ ဆင်းသက်ခဲ့တာပါ။ 

"ခြောက်နှစ်အကြာမှာ နောက်ဆုံးတော့ အာကာသယာဉ်ဟာ ကမ္ဘာမြေဆီ ပြန်ရောက်လာပါပြီ။"လို့ အာကာသယာဉ် မြေပေါ် ဆင်းသက်တာကို တိုက်ရိုက်ရုပ်သံ ထုတ်လွှင့်ရာမှာ တာဝန်ရှိသူတစ်ဦးက ကြေညာပါတယ်။ ဂျပန်အာကာသအေဂျင်စီ JAXA ကလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဓာတ်ပုံတွေ ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။ 

စနေနေ့မှာ ဟာယာဘူဆာ ၂ အာကာသယာဉ်ကနေ ခွဲထွက်လာတဲ့ အာကာသယာဉ်အခန်းငယ်ကို ဂြိုဟ်သိမ်နမူနာတွေနဲ့အတူ ရှာဖွေတွေ့ရှိတယ်လို့ JAXA က နောက်နာရီ အနည်းငယ်အကြာမှာ အတည်ပြုကြေညာပါတယ်။ အာကာသစူးစမ်းရေးယာဉ်ကိုတော့ မိုင် ၁၃၇၀၀၀ အကွာမှာ သီးခြားတွေ့ရှိတာ ဖြစ်ပါတယ်။ 

"အာကာသယာဉ်အခန်းငယ်ကို လေထီးနဲ့အတူ ကျွန်တော်တို့ တွေ့ရှိပါတယ်။"လို့ မစ်ရှင်ရဲ့ တွစ်တာအကောင့်မှာ ရေးသားဖော်ပြပါတယ်။ 

ညသန်းခေါင်ကျော်မှာ ဖြစ်ပေမယ့်လည်း JAXA ရုံးနားမှာ ပြည်သူတွေ စုရုံးလာရောက်ကြပြီး ကောင်းချီးပေးကြပါတယ်။ 

"ကျွန်တော် အရမ်းပျော်တာပဲ။ အာကာသယာဉ်အခန်းဟာ ဘေးကင်းချောမွေ့စွာ ကမ္ဘာဆီ ပြန်ရောက်လာခဲ့တယ်။ ဟာယာဘူဆာ ၂ ဟာ အကြီးကျယ်ဆုံးအလုပ်ကို လုပ်နိုင်ခဲ့တယ်။"လို့ ကျောင်းသားကလေးငယ်တစ်ဦးက ပြောပါတယ်။ 

ဒီ အာကာသအခန်းငယ်ကို သြစတြေးလျတောက်ပိုင်း ကန္တာရအတွင်းမှာ တွေ့ရှိတာဖြစ်ပြီး သိပ္ပံပညာရှင်တွေက ဂတ်စ်ထုတ်လွှတ်မှု စစ်ဆေးတာအပါအဝင် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီနောက်မှ ဂျပန်နိုင်ငံဆီ ပို့ဆောင်မှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly