ထိုင်းဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ်လျော့ပေါ့ခံစားခွင့်ထဲတွင် ဝင်းနှင့်ဇော်တို့မပါဝင်

ထိုင်းဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ်လျော့ပေါ့ခံစားခွင့်ထဲတွင် ဝင်းနှင့်ဇော်တို့မပါဝင်
Photo - AFP

ဒီဇင်ဘာ ၆

ထိုင်းဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ်လျော့ပေါ့ခံစားခွင့်ရရှိသူများထဲတွင်  လိမ်ကျွန်းအမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့မပါဝင်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။  

ထိုင်းနိုင်ငံတွင် တစ်နှစ်တစ်ခါ လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ရှိပြီး ယခုအကြိမ်သည် နတ်ရွာစံသွားပြီဖြစ်သည့် ထိုင်းဘုရင် ဘူမိဘော၏ မွေးနေ့အထိန်းအမှတ်အဖြစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။  

“လွတ်ငြိမ်းချမ်းသာခွင့်သည် မုဒိန်းမှုနှင့်ပက်သက်သော အမှုမပါလို့ရေးထားတာတွေ့ပါတယ်ခင်ဗျ။ အခုပုံဆို ကျွန်တော်တို့ ထိုင်းရှေ့နေများကောင်စီနဲ့လည်း စကားပြောပြီးပါပြီ။ မပါဘူးလို့ပြောပါတယ်ခင်ဗျ။ ဘာလို့လည်း ဆိုတော့ သူတို့အမှုက မုဒိန်းမှုတစ်ခုပါတယ်လေ” ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။  

အကျဉ်းသား သုံးသောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အကျဉ်းသား နှစ်သောင်းကို ထောင်ဒဏ်လျော့ ပေါ့ပေးခဲ့သည့် ယခုအကြိမ်လွတ်ငြိမ်းခွင့်တွင် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ ပါ၊ မပါ ဟူသည့်ကိစ္စရပ်ကို အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်မျိုးသန့်က အတည်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။  

ပြီးခဲ့သည့် သြဂုတ်လတွင်းက ထိုင်းဘုရင်၏ မယ်တော်သီရိခက် သက်တော် (၈၈) နှစ်ပြည့်မွေးနေ့ အထိမ်း အမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်မှာတွင် လိပ်ကျွန်းလူသတ်မှုဖြင့်သေဒဏ်ချမှတ်ခံထားရသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို တသက်တကျွန်းအဖြစ် ထောင်ဒဏ်ပြောင်းလဲချမှတ်ခဲ့ဖူးသည်။  

ထိုင်းနိုင်ငံ၏ အထိမ်းအမှတ်နေ့များတွင် ပေးလေ့ရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်များတွင် ဥပဒေအရဆိုပါက သေဒဏ်မှ တသက်တကျွန်း၊ တသက်တကျွန်းမှ ထောင်ဒဏ် နှစ် ၅၀၊ နှစ် ၅၀ မှ ထောင်ဒဏ် ၁၀ နှစ်အဖြစ် လျောပေါ့ပေးလေ့ရှိခြင်းလည်း ဖြစ်သည်။  

ထို့ကြောင့် ထိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ စီစဉ်မှုဖြင့် လာမည့် ၁ ရက်၊ ၂ ရက်အတွင်း ဝင်းနှင့် ဇော်တို့ကိုအကျဉ်းချထားသည့် နွန်ထိဘူရီခရိုင်၊ ဘန်ခွမ်အကျဉ်းထောင်သို့သွားရောက်ရန်ရှိနေသည်။  

“ လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ယောက်အနေနဲ့ အဓိကပြောချင်တာက လက်ရှိအစိုးရအနေနဲ့ ဝင်းနဲ့ ဇော်ပေါ်မှာ လုပ်ပေးကိုင်ပေးမှုဟာအင်မတန်မှ လျော့ရဲတယ်။ သူတို့လိုအပ်နေတဲ့ စားရေးသောက်ရေးကိစ္စ၊ သူတို့ဖတ်ချင်တဲ့ စာအုပ်တွေကအစ သွားပေးဖို့တွေကအစ ပျက်ကွက်တာတွေရှိတယ်” ဟု လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးဆောင်ရွက်သူ ဦးထူးချစ်က ပြောဆိုထောက်ပြသည်။ 

ထို့ကြောင့် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးကို မဇ္ဈိမကဆက်သွယ်ပေမယ့် အဆက်အသွယ်မရသေးပါဘူး။  

၂၀၁၄ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ၊လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် ကော့စမွေခရိုင်တရားရုံးက ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှာ ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်းလုယက်မှု အပါအဝင် အမှု ခုနှစ်မှုနှင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။  

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာရပ်ခံမှုကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ ပထမအပတ်က ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ရိုက်ကူးထားသော ဗွီဒီယိုဖိုင်ကို ထိုင်းနိုင်ငံကပေးပို့ခဲ့ပြီး ယင်းဗွီဒီယိုဖိုင်တွင် ၎င်းတို့နှစ်ဦးက မိဘ၊ ဆွေမျိုးများနှင့်တွေ့ခွင့်ရလို၍ မြန်မာနိုင်ငံထဲက အကျဉ်းထောင်တွေဆီ ပြောင်းရွှေ့လို ကြောင်း တောင်းဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly