ဖြူးမြို့နယ် ကိုယ်စားလှယ်လောင်း ကျန်းမာရေး အခြေနေ စိုးရိမ်ရဟု ၎င်း၏ ရှေ့နေဆို

ဖြူးမြို့နယ် ကိုယ်စားလှယ်လောင်း ကျန်းမာရေး အခြေနေ စိုးရိမ်ရဟု ၎င်း၏ ရှေ့နေဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ။           ။ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)အပါအဝင် ပုဒ်မ(၇)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဖြူးမြို့နယ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း   ဒေါက်တာမြတ်နုခိုင်မှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသဖြင့် စိုးရိမ်ရကြောင်း ၎င်း၏ ရှေ့နေ ဦးသန်းဇော်အောင်က နိုဝင်ဘာ ၁၉ရက်က ဒဂုံမြို့နယ် တရားရုံးက ၄ကြိမ်မြောက် ရုံးထုတ်အပြီး ပြောသည်။

"ကျန်းမာရေးအခြေနေ ဆိုးရွားနေတယ်ဗျ။ စိုးရိမ်ရတယ်ပေါ့နော်။ နှလုံးနဲ့ အသက်ရှူမဝတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေခံစားနေရတယ်။ လက်ရှိလည်း ထောင်ဆေးရုံမှာ  ဆေးကုသမှု ခံယူရင်း အမှုလာ ရင်ဆိုင်နေရတာပါ"ဟု ဦးသန်းဇော်အောင်က ပြောသည်။

ဒေါက်တာ မြတ်နုခိုင်အား တရားလိုပြ စစ်ဆေးမှု အဖြစ် နိုဝင်ဘာ ၁၉ရက်က ဒဂုံမြို့နယ် တရားရုံးတွင် (၄)ကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး အမှုကို နိုဝင်ဘာ ၂၇ရက်တွင် ထပ်မံ ရုံးထုတ်စစ်ဆေးရန် ချိန်းဆိုလိုက်ကြောင်း သိရသည်။

ဒေါက်တာ မြတ်နုခိုင်အား တရုတ်သံရုံးရှေ့ ဆန္ဒပြမှုတွင် ပါဝင်သည်ဟုဆိုကာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ဆင်းနေစဉ် ဖြူးမြို့နယ်အတွင်း၌ ဒဂုံမြို့နယ်ရဲစခန်းက အောက်တိုဘာ ၁၇ရက်က ဖမ်းဆီးကာ အမှုဖွင့် အရေးယူထားခြင်း ဖြစ်သည်။

တရုတ်သံရုံးရှေ့ဆန္ဒပြမှုတွင် ပါဝင်သူအဖြစ် ၎င်းအား တရားစွဲဆိုထားသည့်အတွက် အမှုရင်ဆိုင်နေရသော်လည်း သူမအနေဖြင့် ဆန္ဒပြနေစဉ် တရုတ်သံရုံးအရာရှိများသိအောင် အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ပေးခဲ့ခြင်းသာ ဖြစ်သည့်အတွက် အပြစ်မရှိကြောင်း (၄)ကြိမ်မြောက် ရုံးထုတ်ရာတွင် ဒေါက်တာ မြတ်နုခိုင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒေါက်တာမြတ်နုခိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသန်းညွန့်၊   မြန်မာနိုင်ငံ တောင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါက်တာ စန်းယု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒေါ်နန်းခင်ဦး၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်တင်မာဝင်း၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကိုကိုကျော် တိုင်နှင့် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြည်ထောင်စုကော်မရှင်၏ ခွင့်ပြုချက်ရှိထားသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly