ရိုဟင်ဂျာ(မူရင်း) ၁၆၀၀ ကျော်ကို အငြင်းပွားကျွန်းဆီ ဘင်္ဂလားဒေ့ရှ် ပို့ဆောင် 

ရိုဟင်ဂျာ(မူရင်း) ၁၆၀၀ ကျော်ကို အငြင်းပွားကျွန်းဆီ ဘင်္ဂလားဒေ့ရှ် ပို့ဆောင် 
Photo - AFP

ဒီဇင်ဘာ ၆ 

လူ တစ်သိန်းကို နေရာချထားပေးဖို့ စီစဉ်ထားတဲ့ မြေနိမ့်ကျွန်းဆီ ရိုဟင်ဂျာ (မူရင်း)၁၆၀၀ ကျော်ကို ပထမအသုတ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သောကြာနေ့မှာ ပို့ဆောင်ခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ သုံးနှစ်လောက်က မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်ရာကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ တစ်သန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းက လူပြည့်ကျပ်ပြီး ညစ်ပတ်တဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ 

လက်ရှိအထိ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မြန်မာနိုင်ငံဆီ ပြန်လိုကြပုံလည်း မရှိကြပါ။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ဘာရှန်ချာကျွန်းမှာ အဲဒီ ဒုက္ခသည် တစ်သိန်းလောက်ကို ရွှေ့ပြောင်းပေးချင်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာရှန်ချာကျွန်းဟာ ဆိုင်ကလုန်းမုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပြီး ရေကြီးရေလွှမ်းလေ့ရှိတဲ့ ကျွန်းဖြစ်တာကြောင့် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်ပူပန်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ 

ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက် မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ အစွန်းရောက်တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဒီ စခန်းတွေကို အစောတလျင် ရှင်းလင်းနိုင်ဖို့ စိတ်စောနေတာလည်း ဖြစ်ပါတယ်။  

ကော့ဘဇားအရပ်က ဒုက္ခသည်စခန်းတွေကနေ စစ်တကောင်းဆိပ်ကမ်းမြို့ဆီ ကြာသပတေးနေ့မှာ ဒုက္ခသည်တွေကို တင်ဆောင်ပြီး ဘတ်စ်ကားအနည်းဆုံး ၁၀ စီး ထွက်ခွာသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။  

“ကျွန်းဆီကို ပို့ဖို့အတွက် လူ ၄၀၀ လောက်ကို ကားဆယ်စီးနဲ့ တင်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။”လို့ ဌာနေရဲဌာနအကြီးအကဲ အာမတ်ဆန်ဂျာမော်ရှိက အေအက်ဖ်ပီကို ပြောပါတယ်။  

စစ်တကောင်းကနေတစ်ဆင့် ဒုက္ခသည်တွေကို စစ်တပ်ကုန်းတပ်ရေယာဉ်နဲ့ ဘာရှန်ချာကျွန်းဆီ သောကြာနေ့မှာ ပို့ဆောင်မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။  

ပထမသုတ်အနေနဲ့ မြေနိမ့် ဘာရှန်ချာကျွန်းဆီကို လူပေါင်း ၂၅၀၀ နီးပါး စေလွှတ်ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ တာဝန်ရှိသူတွေက အေအက်ဖ်ပီကို အစောပိုင်းမှာ ပြောထားပါတယ်။  

ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာ ဘတ်စ်ကား အစီး ၂၀၊ ၃၀ အသင့်ရပ်ထားကြောင်း အဲဒီမှာ ရောက်ရှိနေတဲ့ အေအက်ဖ်ပီ သတင်းထောက်က ပြောပါတယ်။  

ဘတ်စ်ကားတွေပေါ် လူတွေ ဘယ်လောက် တင်ဆောင်မယ်ဆိုတာ မသိရသလို ကျွန်းဆီ စေလွှတ်ပို့ဆောင်ဖို့အတွက် ဒုက္ခသည်အချို့ကို ကိုယ်တိုင်ဆန္ဒကြသွားရောက်ကြောင်းကို အတင်းအကျပ် ဖိအားပေးခံရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲကြပါတယ်။  

ဧက ၁၃၀၀ (စတုရန်း ကီလိုမီတာ ၅၂ ကီလိုမီတာ) ကျယ်ဝန်းတဲ့ ဘာရှန်ချာကျွန်းဟာ မကြာသေးတဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ရေမျက်နှာပြင်ပေါ် ပေါ်ထွက်လာတဲ့ နုန်းဆန်တဲ့ လွင်တီးခေါင် ကျွန်းတစ်ကျွန်းပဲ ဖြစ်ပါတယ်။  

ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းအနည်းဆုံးအတွက် ကျွန်းပေါ်မှာ ခိုလှုံရေးစခန်းတွေ တည်ဆောက်ထားသလို ရေကြီးမှုဘေးကို ကာကွယ်ဖို့အတွက် ကိုးပေအမြင့် ရေကာတာတွေကိုလည်း တည်ဆောက်ထားပါတယ်။  

ဒါပေမယ့် မကြာသေးတဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ လှိုင်းကြီးတာကြောင့် ကျွန်းမှာ ရေကြီးမှုဘေး ဖြစ်ခဲ့ပြီး ဒီအရပ်မှာ ပုံမှန်တိုက်ခတ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေကြောင့် လေးမီတာကနေ ငါးမီတာအမြင့် လှိုင်းကြီးနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly