ပြည်နယ်တွေမှာ ကိုဗစ် ကူးစက်တာ ဘာကြာင့်နည်းလဲ

ဒီဇင်ဘာ ၅ရက်

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးများသည် ယေဘုယျအားဖြင့် COVID-19 ကူးစက်မှုနှုန်းမှာ မြင့်နေသော်လည်း ပြည်နယ်အများစုတွင် ကူးစက်မှုနှုန်း နည်းသည်ကို တွေ့ရသည်။

ကိုဗစ်စတင် ကူးစက်ချိန်မှစ၍ ရန်ကုန်တိုင်းသည် ကူးစက်မှုနှုန်းမှာ ဆက်တိုက်မြင့်တက်နေခဲ့ပြီး ကျန်တိုင်းဒေသကြီးများတွင်မူ နိုဝင်ဘာလမှစတင်ကာ ကူးစက်မှုနှုံးတက်လာသည်။

လက်ရှိတွင် တိုင်းဒေသကြီးများထဲမှ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့သည် ကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်နေသည်။

ပြည်နယ်များထဲတွင် ရခိုင်မှအပ ကျန်ပြည်နယ်များတွင် ကူးစက်မှုနှုန်းနည်းသည်။

ထိုပြည်နယ်များထဲကမှ ကယား၊ ချင်း၊ ကချင်နှင့် ရှမ်းတို့ဆိုလျှင် အတည်ပြုလူနာဦးရေမှာ ၅၀၀ အောက်တွင်သာ ရှိသည်။

ပြည်နယ်များတွင် ကူးစက်မှုနှုန်းနည်းရခြင်းမှာ လူဦးရေထူထပ်သိပ်သည်းမှု နည်းပါးခြင်းကြောင့်ဖြစ်သည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

“ဘာကြောင့်ပြည်နယ်တွေမှာ ကူးစက်မှုနှုန်းနည်းရသလဲဆိုရင် နံပါတ်တစ်က လူဦးရေထူထပ်သိပ်သည်းမှုပေါ့။ လူဦးရေကြဲတယ်။ စက်ရုံအလုပ်ရုံတွေ မများဘူး။ နောက်တစ်ခါကျတော့ အခုနောက်ပိုင်းက ကျွန်တော်တို့က ခရီးသွားတွေကို ပိတ်ထားတဲ့အခါကျတော့ ဒီဥစ္စာက လူတစ်ယောက်ကနေ တစ်ယောက်ကိုကူးတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုနည်းရင် ကူးစက်မှုနည်းတာပါပဲ။ အဓိကကတော့ အဲ့ဒါပါပဲ” လို့ ကယားပြည်နယ်မှ ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်က ဆိုသည်။

ပြည်နယ်များထဲတွင် ကယားပြည်နယ်သည် ကူးစက်မှုအနည်းဆုံးဖြစ်ပြီး အတည်ပြုလူနာ ၂၁ ဦးသာရှိသည်။

မြို့နယ် ၇ မြို့နယ်နှင့် လူဦးရေ  ၃သိန်းနီးပါးသာရှိပြီး လူစုလူဝေးလည်း မလုပ်သည့်အတွက် ကူးစက်မှုနည်းခြင်းဖြစ်ကြောင်း ကယားပြည်နယ်၏ ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်က ပြောသည်။

“စားသောက်ဆိုင်အကြီးကြီးတွေမရှိဘူး။ လူအများစုဝေးနိုင်တဲ့နေရာတွေအများကြီးမရှိဘူး။ လည်စရာပတ်စရာတွေကရှိတော့ရှိသော်ငြားလည်းပဲ အခုလည်စရာပတ်စရာတွေက ပိတ်ထားတဲ့အခါမှာ လူတွေတစ်ယောက်နဲ့တစ်ယောက်ထိတွေ့မယ့်လူစုလူဝေးလည်းမရှိဘူး။ နောက်တစ်ခုက လူစုလူဝေးလုပ်တဲ့ ကိစ္စတွေမှာ ရွေးကောက်ပွဲပြီးတုန်းက အကြီးအကျယ်အောင်ပွဲခံတာလည်း ကျွန်တော်တို့ပြည်နယ်က မလုပ်ခဲ့ကြဘူး။ ကျွန်တော်တို့ဆီမှာဖြစ်တာက ပြည်နယ်အတွင်းကို ပြန်လာတဲ့ တိုင်းရင်းသားတွေ ရန်ကုန်ကလူတွေများပါတယ်။ ကုန်ကားမောင်းတဲ့ကားသမားတွေဆီကပဲတွေ့တာဖြစ်ပါတယ်”  ဟု ၎င်းကဆိုသည်။

ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်တို့သည် ကူးစက်မှုနှုန်းများသည့် ပြည်နယ်များဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အတည်ပြုလူနာ ၃၇၇၈ ဦး၊ မွန်ပြည်နယ်တွင် ၁၅၆၈ ဦးနှင့် ကရင်ပြည်နယ်တွင် ၆၈၂ ဦးရှိပြီး ချင်းပြည်နယ်တွင် ၁၀၉ ဦး၊ ကချင်ပြည်နယ်တွင် ၂၄၇ ဦး၊ ရှမ်းပြည်နယ်တွင် ၄၆၂ဦးတို့ရှိသည်။

ကိုဗစ်ပိုးတွေ့လူနာများပြားသည့် နေရာများတွင် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း မလုံလောက်ခြင်းများ၊ ပိုးတွေ့လူနာများထားရန် နေရာအခက်အခဲများအပြင် ကုသရေးပိုင်းတွင် ငွေကြေးကလည်း ဝန်ထုတ်ဖြစ်လာနေသည်။

ကိုဗစ်အတည်ပြု လူနာတစ်ဦးလျှင် ကုသစရိတ် အနိမ့်ဆုံး ကျပ် ၁၅ သိန်းခန့်ကုန်ကျသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၄ ရက်က ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ တစ်ယောက်က ကိုဗစ်ရောဂါပိုးဝင်သွားပြီ။ အဲဒီဟာကို ကုပေးရတယ်ဆိုရင် ရောဂါမပြင်းထန်ရင်တောင်မှ တစ်ယောက်အတွက် ကုန်ကျစရိတ်က ၁၅ သိန်းနဲ့ သိန်း ၂၀ ကြားဖြစ်ပါတယ်။ အဲဒါတိုက်ရိုက် ကုန်ကျစရိတ်လည်း ပါတယ်။ သွယ်ဝိုက်ကုန်ကျစရိတ်လည်းပါတယ်။ ဒါတစ်ယောက်ကိုပါ။ ပြင်းထန်တဲ့အဆင့် ရောက်သွားပြီဆိုရင် တစ်ယောက်အတွက်၂၅ သိန်းနဲ့ သိန်း ၅၀ ကြား အကုန်ကျခံရပါတယ်။ တိုက်ရိုက်ကော၊ သွယ်ဝိုက်သောစရိတ်ရော အားလုံးပေါင်းလိုက်မယ်ဆိုရင်ပေါ့၊ အဲဒီတော့စဉ်းစားကြည့်ပါ၊ ကျွန်မတို့နိုင်ငံမှာဆိုရင် အခုဒီလို ကိုးသောင်းကျော်လို့ တစ်သိန်းနီးပါးရောဂါပိုးတွေ့ရှိတဲ့ သူတွေရှိခဲ့ပြီဆိုတော့ ဘယ်လောက် ကျွန်မတို့ ပြုစုကုသမှုဘက်မှာ သုံးခဲ့ရလဲဆိုတော့ ၁၅ သိန်းနဲ့ သိန်း ၂၀ ကြား ရောဂါမပြင်းထန်သူ တစ်ယောက်အတွက် သုံးရတယ်ဆိုရင် ဒါဟာ ဘာနဲ့ညီမျှသလဲဆိုတော့ ကျွန်မတို့ ရောဂါကာကွယ်ဆေးရတဲ့အခါကျရင် ဒီကာကွယ်ဆေးလူ ၃၀၀ ကိုထိုးပေးနိုင်တဲ့ ငွေပမာဏနဲ့ ညီမျှပါတယ်” လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် ပြင်းထန်သည့် ကိုဗစ်အတည်ပြုလူနာအတွက် ကုန်ကျသည့် ပမာဏမှာ လူအယောက်တစ်ထောင်အထိ ကာကွယ်ဆေးထိုးပေးနိုင်သည့် အတိုင်းအတာရှိကြောင်းနှင့် ကွာရန်တင်း ဝင်ရသည့် လူတစ်ဦးလျှင် ခြောက်သိန်းခန့် ကုန်သည်ဟု ၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly