အမျိုးသားလုံခြုံရေးခြိမ်းခြောက်တယ်ဆိုတဲ့ အမေရိကန်ရဲ့စွပ်စွဲချက်တွေကို  တရုတ် ပြစ်တင်ဝေဖန် 

အမျိုးသားလုံခြုံရေးခြိမ်းခြောက်တယ်ဆိုတဲ့ အမေရိကန်ရဲ့စွပ်စွဲချက်တွေကို  တရုတ် ပြစ်တင်ဝေဖန် 

ဒီဇင်ဘာ ၅  

တရုတ်ဟာ ကမ္ဘာတစ်ဝန်းမှာ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်တယ်ဆိုတဲ့ အမေရိကန်ထောက်လှမ်းရေးအကြီးအကဲရဲ့ပြောဆိုချက်ဟာ အလိမ်အညာတွေသာဖြစ်တယ်လို့ တရုတ်က သောကြာနေ့မှာ ဒေါသတကြီးနဲ့ တုံ့ပြန်လိုက်ပါတယ်။  

အမေရိကန်နဲ့တရုတ်တို့ရဲ့ဆက်ဆံရေးဟာ ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီး အမေရိကန်က တရုတ်ကွန်မြူနစ်ပါတီဝင်တွေအပေါ် ခရီးသွားလာခွင့်ကန့်သတ်ခဲ့တာကြောင့် ခုလို စကားစစ်ထိုးပွဲတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။  

အမေရိကန်အမျိုးသားထောက်လှမ်းရေးဒါရိုက်တာ ဂျွန်ရတ်ကလစ်ဖ်က တရုတ်သူလျှိုတွေဟာ စီးပွားရေးဖိအားတွေသုံးပြီး အမေရိကန်လွှတ်တော်အမတ်တွေကို လွှမ်းမိုးနိုင်အောင် ဒါမှမဟုတ် အနှောင့်အယှက်ဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ ပြောကြားချက်ကို  ကြာသပတေးနေ့ထုတ် Wall Street Journal မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။  

ရက်ကလစ်ဖ်ဟာ တရုတ်ကို သိက္ခာချဖို့အတွက် အလိမ်အညာနဲ့ ကောလာဟလတွေ ထပ်တလဲလဲပြောနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်းက သောကြာနေ့မှာ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။  

အမေရိကန်ဟာ အဓိအားအင်အားကြီးနိုင်ငံတွေကို အားပေးအားမြှောက်လုပ်နေပြီး နျူကလီးလက်နက်တွေ တိုးချဲ့ထုတ်လုပ်နေကာ စစ်အေးတိုက်ပွဲစိတ်ကူးတွေ ကြံစည်နေတယ်လို့လည်း ဟွာက စွပ်စွဲပြောဆိုခဲ့ပါတယ်။  

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၊ ကုန်သွယ်ရေးနဲ့ နည်းပညာပြိုင်ဆိုင်မှု၊ သူလျှိုလုပ်ထောက်လှမ်းခြင်း၊  လူ့အခွင့်အရေးနဲ့ မီဒီယာလွတ်လပ်ခွင့် စတဲ့ကိစ္စရပ်တွေမှာ အပြန်အလှန်ထိုးနှက်နေကြတာဖြစ်ပါတယ်။  

တရုတ်ဟာ အမျိုးသားလုံခြုံရေးနဲ့ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီစံနှုန်းတွေအတွက်  စိုးရိမ်ဖွယ်ခြိမ်းခြောက်မှုကြီးဖြစ်ကြောင်း အမေရိကန်က ထပ်တလဲလဲပြောဆိုခဲ့သလို တရုတ်ကလည်း အမေရိကန်ဟာ တရားမဝင်တဲ့နည်းလမ်းတွေနဲ့ တရုတ်ရဲ့ တိုးတက်မှုကိုဟန့်တားဖို့ကြိုးစားနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

အမေရိကန်ရဲ့ ခရီးသွားလာခွင့်ဆိုင်ရာစည်းမျဉ်းသစ်အရ  တရုတ်ကွန်မြူနစ်ပါတီဝင်တွေနဲ့ ၎င်းတို့ရဲ့အရင်းအချာ မိသားစုဝင်တွေကို တစ်ကြိမ်ဝင်ခွင့်ပြုတဲ့ဗီဇာသာထုတ်ပေးတော့မှာဖြစ်ပြီး ဗီဇာသက်တမ်းကလည်း တစ်လပဲရတော့မှာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ အကန့်အသတ်မရှိတဲ့ ပြည်ဝင်ခွင့်နဲ့ ၁၀ နှစ်ဗီဇာသက်တမ်း ထုတ်ပေးခဲ့တာပါ။ 

အမေရိကန်ဟာ ဇူလိုင်လတုန်းကလည်း ဟူစတန်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ခဲ့ပြီး အဆိုပါရုံးဟာ အမေရိကန်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့ သူလျှိုလုပ်မှုနဲ့နှောင့်ယှက်မှု ဗဟိုချက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

တရုတ်ကလည်း အပြန်အလှန်အနေနဲ့ ချန်ဒူးက အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ 

အမေရိကန်အနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ပျက်စီးအောင်လုပ်နေတာတွေကို ရပ်ဖို့နဲ့ အပြန်အလှန် ယုံကြည်ပြီးပူးပေါင်းဆောင်ရွက်ဖို့ ဟွာက သောကြာနေ့မှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly