မလေးရှားမှာ ကပ်ရောဂါကာလအတွင်း ရွှေဝယ်လိုအား မြင့်တက်  

မလေးရှားမှာ ကပ်ရောဂါကာလအတွင်း ရွှေဝယ်လိုအား မြင့်တက်  
Photo - AFP

ဒီဇင်ဘာ ၅  

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလအတွင်း ရွှေဝယ်လိုအားတွေမြင့်တက်လာနေပြီး ကျွမ်းကျင်ရင်းနှီးမြှုပ်နှံသူတွေသာမက လုပ်ငန်းငယ်လေးတွေကပါ စိတ်ချရတဲ့လူသုံးကုန်ပစ္စည်းအနေနဲ့ ရွှေကို စုဆောင်းနေကြတာဖြစ်ပါတယ်။ 

 ကိုတာဘာရူးမြို့ ရွှေဆိုင်တစ်ဆိုင်က ပန်းထိမ်အလုပ်ရုံတစ်ခုမှာလည်း ပန်းထိမ်ပညာရှင်တွေက ရွှေကိုအရည်ကျို ပုံသွင်းပြီး လှပတဲ့လက်ဝတ်တန်ဆာတွေအဖြစ် ပုံဖော်လျက်ရှိပါတယ်။  

အရှေ့တောင်အာရှနိုင်ငံတွေရဲ့စီးပွားရေး ကျဆင်းနေချိန်မှာ မက်ခ်မာ (Makmur Gold )  ရွှေကုမ္ပဏီဟာ ဒီနှစ်အတွင်းမှာ စီးပွားရေးကောင်းလို့နေပါတယ်။ 

ကုမ္ပဏီပိုင်ရှင် မူဟာမက် နာဟစ်ရမ်က “စီးပွားရေးကမတည်ငြိမ်ဘူးဆိုတာ တစ်ကမ္ဘာလုံးသိလာပြီး  ကိုဗစ်-၁၉ ဖြစ်ပြီးတဲ့နောက်မှာ  ရွှေလုပ်ငန်းက ပိုပြီးအားကောင်းလာတယ်” လို့ ဆိုပါတယ်။  

ရွှေဝယ်သူတစ်ဦးဖြစ်တဲ့ နော်ဖာဇီလာ ဆိုသူကတော့ “ အမျိုးသမီးတွေက အလှအပအတွက် ရွှေဝယ်ကြပါတယ်။  ဒါပေမယ့် တကယ်တော့ ရွှေကိုဝယ်ထားတာဟာ အနာဂတ် ရင်းနှီးမြှုပ်နှံဖို့အတွက် အကျိုးရှိပါတယ်” လို့ပြောပါတယ်။  

ဒီနှစ်မှာ ကပ်ရောဂါအရှိန်ရလာပြီး စတော့ဈေးကွက်တွေ ထိုးကျသွားချိန်မှာ ရွှေဈေးဟာ မြင့်တက်လာခဲ့ပြီး ဩဂုတ်လတုန်းက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂ ၀၀၀ အထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။  

ဝယ်သူတွေက သူတို့ငွေကြေးတွေကို လုံခြုံတဲ့နေရာမှာ မြှုပ်နှံထားချင်နေကြတာကြောင့် ပြီးခဲ့တဲ့ရှစ်လအတွင်းက မက်ခ်မာရွှေကုမ္ပဏီဟာ မလေးရှားရင်းဂစ် သန်း ၈၀ (အမေရိကန်ဒေါ်လာ ၁၉.၅) သန်းဖိုးအထိ စံချိန်တင်ရောင်းခဲ့ရပါတယ်။  

လက်ကောက်၊ လက်စွပ်ကနေ ရွှေချောင်း အထိ ပုံစံမျိုးစံကို အွန်လိုင်းနဲ့ လက်ခွဲရွှေဆိုင်တွေကနေ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly