COVID-19 ကာကွယ်ဆေး ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်ကို ဟက်ကာများ ပစ်မှတ်ထားနေဟု IBM သတိပေး 

COVID-19 ကာကွယ်ဆေး ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်ကို ဟက်ကာများ ပစ်မှတ်ထားနေဟု IBM သတိပေး 

ဒီဇင်ဘာ ၄ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ ချုပ်ကိုင်ခြင်းကို ခံနေရသည့် ကမ္ဘာတွင် ကာကွယ်ဆေးများ အသုံးပြု၍ရလာနိုင်ရန် နီးစပ်လာနေချိန် ကာကွယ်ဆေးထုတ်လုပ်သူများသည် ဟက်ကာများ၏ ပစ်မှတ် ဖြစ်လာနေခဲ့ပြီး ထိုဟက်ကာများသည် ထုတ်လုပ်မှုဆိုင်ရာ လျှို့ဝှက်ချက်များ (trade secrets) ကို ခိုးယူရန် သို့မဟုတ် ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်များ (supply chains) များကို အနှောင့်အယှက်ဖြစ်စေရန် ကြိုးပမ်းနေကြသည်။ 

ရေခဲမှတ်အောက် အပူချိန်အောက်တွင် သိုလှောင်ထားရှိရမည့် ကာကွယ်ဆေးများကို ဖြန့်ချိရန် အားထုတ်မှုတွင် ပါဝင်လုပ်ဆောင်နေသည့် ကုမ္ပဏီများအပေါ် ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်စဉ်များကို ဖော်ထုတ်သိရှိထားကြောင်းနှင့် ထိုဆိုက်ဘာတိုက်ခိုက်မှုများကို နိုင်ငံရေး သို့မဟုတ် နိုင်ငံအုပ်ချုပ်ရေးတွင် ပါဝင်ပတ်သက်သူများ (state actors) များက လုပ်ဆောင်ခဲ့ဖွယ် ရှိကြောင်း အမေရိကန်နည်းပညာကုမ္ပဏီ IBM က ဒီဇင်ဘာ ၃ ရက်တွင် သတိပေးခဲ့သည်။ 

ဥရောပကော်မရှင်၏ အခွန်စည်းကြပ်မှုနှင့် အကောက်ခွန်သမဂ္ဂ ဆိုင်ရာ အထွေထွေ ညွန်ကြားရေးမှူးရုံးသည် ဆိုက်ဘာတိုက်ခိုက်မှုများ၏ ပစ်မှတ်တစ်ခုဖြစ်ခဲ့သလို supply chain တွင် ပါဝင်ပတ်သက်နေသော အမည် မထုတ်ပြန်သည့် ဥရောပနှင့် အာရှ ကုမ္ပဏီများသည်လည်း ပစ်မှတ်များ ဖြစ်ခဲ့ကြောင်း IBM က ပြောသည်။ 

“ကိုဗစ်-၁၉ ကာကွယ်ဆေး အပူချိန်ထိန်းညှိပို့ဆောင်ရေး ကွင်းဆက်တစ်ခုနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာမှုခင်း ကမ်ပိန်းတစ်ခုကို မကြာသေးခင်က ထုတ်ဖော်ထားနိုင်ခဲ့ပါတယ်” ဟု ဆိုက်ဘာ လုံခြုံရေးအတွက် လုပ်ဆောင်နေသည့်အဖွဲ့တစ်ခုဖြစ်သည့် IBM X-Force မှ အကဲဖြတ်များဖြစ်သည့် ကလဲယာ ဇာဘိုဗာ နှင့် မက်လီဆာ ဖရိုင်ဒရိုင်ချ် တို့က ဘလော့ဂ်ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။ 

ရည်ရွယ်ချက်က ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ချိမှုနှင့် ဆက်နွယ်သည့် သတိထားဆင်ခြင်ရသော သတင်းအချက်အလက်များနှင့် ကော်ပိုရေးရှင်း ကွန်ရက်များကို ရှေ့ကာလတွင် ခွင့်ပြုချက်မရဘဲ ဝင်သုံးခွင့် ရနိုင်ရန်အတွက် အထောက်အထားများကို ရယူထားနိုင်ရန် ဖြစ်ကောင်းဖြစ်နိုင်သည်။ 

ဆိုက်ဘာ တိုက်ခိုက်မှုများ အောင်မြင်မှု ရခဲ့သလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မရှိလှကြောင်း IBM က ပြောသည်။ တစ်ချိန်တည်းမှာပင် တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ရှိနေသူများကို ခွဲခြား ဖော်ထုတ်နိုင်ခြင်း မရှိသော်လည်း လုပ်ဆောင်မှု၏ အနုစိတ်မှုက ဖြစ်နိုင်ခြေရှိ အမျိုးသားနိုင်ငံ လုပ်ဆောင်မှုအတတ်ပညာ ဝိသေသ လက္ခဏာများကို ညွန်ပြနေကြောင်း သိရသည်။ 

ဖိုက်ဇာ (Pfizer) နှင့် ဂျာမန်ုကုမ္ပဏီ ဘိုင်ရွန်တက် (BioNTech) တို့ ထုတ်လုပ်သော ကာကွယ်ဆေးသည် ဗြိတိန်တွင် ဖြန့်ဝေအသုံးပြုရန် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်က ခွင့်ပြုချက် ရထားခဲ့ပြီး ယင်းကာကွယ်ဆေးသည် ထိရောက်မှုကို သေချာထိန်းထားစေနိုင်ရန် အပူချိန် အနုတ် ၇၀ ဒီဂရီ ဆဲလ်စီယပ်အောက်တွင် သိုလှောင်ထားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly