ဖေ့ဘုတ်အား အမေရိကန်ပြည်နယ်များက တရားစွဲရန် စီစဉ်နေ

ဖေ့ဘုတ်အား အမေရိကန်ပြည်နယ်များက တရားစွဲရန် စီစဉ်နေ

ဒီဇင်ဘာ ၃ ၊ ၂၀၂၀

ဖေ့ဘုတ်ကုမ္ပဏီအား ယုံကြည်မှု ချိုးဖောက်သည်ဆိုကာ နယူးယောက်ပြည်နယ် ဦးဆောင်လျက် ပြည်နယ်များက စုံစမ်းစစ်ဆေးလျက်ရှိပြီး လာမည့် သီတင်းပတ်တွင် တရားစွဲဆိုရန် စီစဉ်နေကြောင်း ယင်းအရေးကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်လေးရပ်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ယခု တရားစွဲဆိုမှုသည် လက်ရှိနှစ်အတွင်း နည်းပညာကုမ္ပဏီတစ်ရပ်အား ဒုတိယမြောက် အကြီးစားတရားစွဲဆိုမှု ဖြစ်လာမည်။ အောက်တိုဘာလအတွင်းကလည်း တရားရေးဝန်ကြီးဌာနက Alphabet Inc ၏ ဂူဂဲလ်ကို တရားစွဲဆိုခဲ့သည်။

ယခု ဖေ့ဘုတ်အား တရားစွဲဆိုရာတွင် ပြည်နယ် ၄၀ ကျော် လက်မှတ်ထိုးရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်က ပြောပြီး မည်သည့်ပြည်နယ်များ ဖြစ်သည်ကို အမည်ထုတ်ဖော် မပြောပေ။

ဖေ့ဘုတ်ကုမ္ပဏီက ထင်မြင်ချက်ပေးရန် ငြင်းဆန်သကဲ့သို့ နယူးယောက်ရှေ့နေချုပ်ရုံး ပြောခွင့်ရှိသူတစ်ဦးကလည်း ထင်မြင်ချက်ပေးရန် ငြင်းဆိုသည်။

ပြည်နယ်တရားရုံး သို့မဟုတ် ခရိုင်တရားရုံးသို့ စွဲတင်ကြရန် ဗုဒ္ဓဟူးနေ့က ဗဟိုကုန်သွယ်ရေးကော်မရှင်မှ ကော်မရှင်နာမင်းကြီးများတွေ့ဆုံခဲ့သည်။

တရားစွဲဆိုမှုတွင် ပြည်နယ်များက မည်သည့် စွဲချက်များ တင်ရန် စီစဉ်နေသည်ကို မသိရသေးပေ။ ဖေ့ဘုတ်အား စွဲဆိုထားဖူးသည့် စွဲချက်တစ်ရပ်မှာ ယင်းသည် အသေးစား ဖြစ်နိုင်ခြေရှိသော ပြိုင်ဖက်များကို ဝယ်ယူရန် မဟာဗျူဟာကျကျ ကြိုးစားခဲ့သည်ဟု စွဲဆိုခံရဖူးသည်။ ၂၀၁၂ ခုနှစ်က Instagram နှင့် ၂၀၁၄ က WhatsApp တို့ကို ဝယ်ယူရန် ကြိုးစားခြင်းလည်း အပါအဝင် ဖြစ်သည်။

လွှတ်တော်ကြားနာမှု၌ ဖေ့ဘုတ်၏ စီအီးအို မက်ဇူကာဘတ်က စွဲချက်များကို ငြင်းဆန်ပြီး ကုမ္ပဏီသည် အခြားသော နည်းပညာကုမ္ပဏီကြီးများအပါအဝင် ပြိုင်ဖက်များနှင့် တစ်တန်းတည်းတွင် ရှိနေသည်ဟု ပြောခဲ့သည်။ ဖေ့ဘုတ်အနေဖြင့် အသေးစားနည်းပညာကုမ္ပဏီများအား ကြီးထွားအောင် ချဲ့ထွင်နိုင်ရေးအတွက် ကူညီပေးခြင်းသာဖြစ်သည်ဟု Instagram နှင့် WhatsApp တို့အား အငြင်းပွားဖွယ် ဝယ်ယူခြင်းနှင့် ပတ်သက်ကာ ခုခံကာကွယ်ပြောခဲ့သည်။

တရားရေးဝန်ကြီးဌာနနှင့် ဗဟိုကုန်သွယ်ရေးကော်မရှင်တို့က ၂၀၁၉ က စတင်ပြီး Amazom နှင့် Apple အပါအဝင် နည်းပညာကုမ္ပဏီ လေးခုကို ယုံကြည်မှု ချိုးဖောက်ခြင်းဖြင့် စတင်စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ယင်း စုံစမ်းစစ်ဆေးမှု စတင်ပြီး မကြာမီမှာပင် ဂူဂဲလ်နှင့် ဖေ့ဘုတ်တို့ကိုပါ ပြည်နယ်ရှေ့နေချုပ်များက စုံစမ်းစစ်ဆေးလာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly