ကြွေလွင့် ဘောလုံးငွေကြယ်ပွင့် မာရာဒိုနာကို နောက်ဆုံးနှုတ်ဆက်ကြကာ မြေချ 

ကြွေလွင့် ဘောလုံးငွေကြယ်ပွင့် မာရာဒိုနာကို နောက်ဆုံးနှုတ်ဆက်ကြကာ မြေချ 

နိုဝင်ဘာ ၂၇

ပူဆွေးဝမ်းနည်းစိတ်တွေနဲ့ လူအုပ်ကြီးဟာ အာဂျင်တီးနားနိုင်ငံရဲ့ ရင်နှစ်သည်းချာလို တင်စားခံရတဲ့ ဒီယေဂို မာရာဒိုနာကို ကြာသပတေးနေ့မှာ နောက်ဆုံး နှုတ်ဆက်ကြရပြီ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ တိမ်းပါးကြွေလွင့်ခဲ့ရတဲ့ ဂန္ဓဝင်ဘောလုံးသမား မာရာဒိုနာဟာ ခုဆိုရင် မြို့တော် ဗျူနိုအေရိစ်မြို့ပြင်က သုဿန်မှာ နောက်ဆုံး ခေါင်းချခဲ့ပါပြီ။ 

မာရာဒိုနာရဲ့ နောက်ဆုံးခရီးမှာ စိတ်မထိန်းနိုင်ကြတဲ့ ချစ်ခင်ကြတဲ့ ပရိသတ်တွေကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တာမျိုးတွေတော့ ရှိခဲ့ပေမယ့် သစ်ပင်တွေ အုပ်ဆိုင်းနေတဲ့ ဘယ်လာဗီစတာသုဿန်မှာ မိသားစုတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေဟာ သူရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ခဲ့ကြပြီး မှောင်ရိပ်သန်းလာချိန်မှာပဲ မြေမြုပ်သင်္ဂြိုလ်ခဲ့တာ ဖြစ်ပါတယ်။ 

ရာသက်ပန် အကောင်းဆုံး ဘောလုံးသမား၊ ကမ္ဘာ့ဖလား အနိုင်ရသူ မာရာဒိုနာဟာ အသက် ၆၀ အရွယ်မှာ ကွယ်လွန်ခဲ့တာအတွက် ကမ္ဘာနဲ့တစ်ဝန်း စိတ်မကောင်း ဝမ်းနည်းဖြစ်ကြရပါတယ်။ 

“ဒီယေဂိုဟာ ထာဝရအမြုတေပဲလို့ ကျွန်တော် ထင်တယ်။ သူဟာ ကျွန်တော်တို့အတွက် ဘယ်တော့မှ သေဆုံးမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်မိတယ်။ ကျွန်တော်တို့ကို အရမ်းအရမ်းကို စိတ်အားရပျော်ရွှင်မှုတွေ ပေးခဲ့တဲ့ သူ့အတွက် အရမ်းပဲ ဝမ်းနည်းတယ်။”ဟု အသက် ၆၃ နှစ်အရွယ် ဘတ်စ်ကားဒရိုင်ဘာ အန်တိုနီယိုအေဗီလာက သုဿန်အပြင်ဖက်မှာ ပြောပါတယ်။ 

မာရာဒိုနာဟာ နိုဝင်ဘာအစောပိုင်းကစပြီး ဦးနှောက်သွေးခဲမှုကြောင့် ခွဲစိတ်ကုသခံခဲ့ရတာဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက် ညပိုင်းမှာ နှလုံးဖောက်ပြီး ရုတ်တရက် သေဆုံးခဲ့တာပါ။ 

၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားမှာ အင်္ဂလန်ကို အနိုင်ရဗိုလ်စွဲခဲ့တဲ့ ပွဲမှာ လက်မောင်းနဲ့ ခက်ရာခက်ဆစ် ဂိုးသွင်းယူသွားနိုင်တာကစပြီး သူ့ကို ဘုရားပေးတဲ့ လက်တစ်စုံလို့ ရည်ညွှန်းခေါ်ဝေါ်ခြင်း ခံယူခဲ့ရသူပါ။ 

သူ့ သက်တမ်းတစ်လျှောက်မှာ ကိုကင်းနဲ့ အရက်စွဲတာတွေနဲ့ နပမ်းလုံးခဲ့ရပြီး ဘဝအတက်အကျများစွာ ကြုံဆုံခဲ့ရပေမယ့် ဘောလုံးလောကမှာတော့ ထာဝရအကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ကမ္ဗည်းထိုးသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly