လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကို တိုင်ကြားသည့်အမှု ရဲစခန်းက တရားဝင်လက်ခံလိုက်ပြီ

လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကို တိုင်ကြားသည့်အမှု ရဲစခန်းက တရားဝင်လက်ခံလိုက်ပြီ
ဒက္ခိဏသီရိမြို့နယ်က ဝင်ပြိုင်ခဲ့သည့် လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်။ (ဓာတ်ပုံ-မင်းမင်း၊မဇ္ဈိမ)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ။ ။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးမြင့်လှိုင်အား တိုင်ကြားသည့်အမှုကို ဒက္ခိဏသီရိမြို့နယ် ရဲတပ်ဖွဲ့က တရားဝင်လက်ခံခဲ့သည်ဟု တိုင်ကြားသူ ဦးသန့်ဇင်ထွန်းက နိုဝင်ဘာ ၁၈ရက်တွင် မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

ဦးမြင့်လှိုင်ကို ၂၀၁၅ခုနှစ်ရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံးရေးကာလအတွင်း မလျော်သြဇာသုံးမဲဆွယ်ခြင်းနှင့် လာဘ်လာဘပေးကာ မဲဆွယ်မှုတို့ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် အနိုင်ရရှိခဲ့သည့် ဦးသန့်ဇင်ထွန်းက အမှုဖွင့်တိုင်ကြားခြင်းဖြစ်သည်။

"မနေ့က ညပိုင်းမှာ ရဲကအမှုကိုလက်ခံပါမယ့်ဆိုပြီး ဖုန်းဆက်တယ်။ ဒီနေ့ ၁၈ရက် ၁၀နာရီလောက်မှာ အမှုသွားတင်တယ်။ နက်ဖြန် "ပ"နံပါတ်ရမယ်ပြောတယ်။ အရင် ၁၆ရက်နေ့ကရဲမှာသွားတိုင်တော့ ရဲအရေးပိုင်တဲ့အမှု မဟုတ်ဘူးဆိုပြီး အဲဒီတုန်းကငြင်းလိုက်တာ။ ဒီနေ့မှတရားဝင်လက်ခံလိုက်တာ" ဟု ၎င်းကဆိုသည်။

တိုင်ကြားခံရသူ ဦးမြင့်လှိုင်သည် မဲဆွယ်စည်းရုံးရေးရက်မဟုတ်သည့် နိုဝင်ဘာ ၄ရက်တွင် မဲဆန္ဒရှင် ၄၂၅ဦးရှိသည့် သီရိမင်္ဂလာ ကျူးကျော်နေထိုင်သည်ဟု ယူဆရသော ရပ်ကွက်အတွင်း ၎င်းကို မဲပေးရေး ယင်းရပ်ကွက် ရပ်မိရပ်ဖများဖြင့်တွေ့ဆုံကာ မဲပေးပါက ရွာအမည်ပေါက်နှင့် လမ်း၊ မီးစသည်များရရှိရေး ဆောင်ရွက်ပေးမည်ဟု မဲဆွယ်စည်းရုံးခဲ့သည်ဟု ဦးသန့်ဇင်ထွန်းက စွပ်စွဲတိုင်ကြားထားသည်။

"ကျွန်တော့်ဆီမှာ အမှုနဲ့ပက်သက်တဲ့ ဗီဒီယိုဖိုင်တွေရှိတယ်၊ အထောက်အထားတွေလည်းရှိတယ်။ အဲဒီအမှုနဲ့ပက်သက်ပြီး ပုဒ်မတွေဘာတွေက၊ နက်ဖြန်၈နာရီမှာသိရမယ်လို့ ရဲစခန်းကဒီနေ့ပြောလိုက်တယ်။" ဟု ဦးသန့်ဇင်ထွန်းကဆိုသည်။

ယင်းအပြင် မဲဆွယ်စည်းရုံးကာလမဟုတ်သည့် စက်တင်ဘာ ၂၁ရက်တွင်လည်း သက်ကြီးပူဇော်ပွဲဟုဆိုကာ၊ ဘိုးဘွားများကို ရန်အောင်မြင်ရပ်ကွက်အတွင်း ခေါ်ယူပြီးတန်ဖိုးငါးသောင်းရှိ ပစ္စည်းများနှင့်အတူ၊ မဲဆွယ်သည့် လက်ကမ်းစာစောင်များ ကိုပေးအပ်ခဲ့သဖြင့် ဒက္ခိဏသီရိရဲစခန်းသို့ အမှုဖွင့်တိုင်ကြားသည်ဟုလည်း ဦးသန့်ဇင်ထွန်းက ပြောသည်။

"ကျွန်တော်တို့ကတော့ မတိုင်ထားဘူး။ ဒါပေမယ့်မဲရုံမှူးကတော့ ရဲကိုတိုင်ထားတယ်၊ မဲပေးတဲ့နေရာ၊ မဲဆန္ဒရှင်တွေမဲပေးမှုကို အနှောင့်အယှက်ပေးသလို ဖြစ်သွားတဲ့အတွက်ဆိုပြီးတိုင်ထားတာကြားတယ်။"  ဟု ဒက္ခိဏသီရိမြို့နယ်အတွင်း ပြိုင်ဖက်ပါတီနှစ်ခုမှ တရားစွဲတိုင်ကြားမှုများအပေါ် ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စု နယ်မြေအောင်နိုင်ရေးအဖွဲ့ဝင် ဦးခင်မောင်ဌေးက မဇ္ဈိမကိုဖြေကြားသည်။

ဦးသန့်ဇင်ထွန်းကိုလည်း မဲရုံမှူးကတိုင်ကြားသဖြင့် ဝတ္တရားနှောင့်ယှက်မှုအပြင်၊ မဲရုံအတွင်းမဲပေးသူများ စိတ်အနှောင့်အယှက်ဖြစ်စေမှု ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၀ ဖြင့်အမှုဖွင့်ထားသည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီမှ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်နှင့် NLD မှ ဦးသန့်ဇင်ထွန်းတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဦးသန့်ဇင်ထွန်းက ထောက်ခံမဲ ၉၄၂၁မဲဖြင့်အနိုင်ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly