အမေရိကန်သမ္မတ နှင့် သြစတြေးလျဝန်ကြီးချုပ်တို့ တွေ့ဆုံ

အမေရိကန်သမ္မတ နှင့် သြစတြေးလျဝန်ကြီးချုပ်တို့ တွေ့ဆုံ

အမေရိကန်သမ္မတအိုဘားမားနှင့် သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်းတန်ဘဲလ်တို့ အပြန်အလှန်တွေ့ဆုံခဲ့ကြရာ ကမ္ဘာ့အရေးအရာ ကိစ္စရပ် တော်တော်များများကို မှတ်ချက်ပြုပြောကြားခဲ့ကြသည်။

အမေရိကန်သမ္မတ အိုဘားမားက တန်ဘဲလ်နှင့် အဖွဲ့အား ကြာမြင့်စွာ တွေ့ဆုံခွင့်ရဆွေးနွေးရခြင်းသည် အံ့ဖွယ်အခွင့်အရေးဖြစ်ကြောင်း ပြောသည်။

နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံရေးကလည်း ခိုင်မာကြောင်း၊ အထူးအားဖြင့် လုံခြုံရေးမျက်နှာစာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြကြောင်း၊ သြစတြေးလျသည် အိုင်အက်စ်တို့အား ချေမှုန်းစစ်တွင် ဒုတိယအကြီးဆုံးပါဝင်သူဖြစ်သကဲ့သို့ အာဖဂန်နစ္စတန်၏ နိုင်ငံရေးတွင်လည်း ပြည်သူများ လုံခြုံမှုရှိအောင် တည်ငြိမ်ရေးကြိုးစားမှုများတွင် များစွာ ပါဝင်ခဲ့ပါကြောင်း အိုဘားမားက ပြောသည်။

စီးပွားရေးအားဖြင့်လည်း ခိုင်မာသည့် ကုန်သွယ်ဖက်ဖြစ်ကြောင်၊ အာရှပစိဖိတ်ဒေသတွင် ကမ္ဘာ GDP ၏ ၄၀ ရာခိုင်နှုန်း ရရှိထားသည့် ကုန်သွယ်ကုန်ကူးမှုဖြစ်ကြောင်း ၎င်းကဆိုသည်။

နှစ်နိုင်ငံအနေဖြင့် အိုင်အက်စ်တို့အား တိုက်ခိုက်ရေးဆက်လက်လုပ်ဆောင်ရန် အကြောင်းချင်းရာများနှင့် မွတ်စလင်ကမ္ဘာကပါ ပူးပေါင်းပါဝင်ရေးတို့သာမက မွတ်စလင်အသိုင်းအဝိုင်းအနေဖြင့်လည်း အမေရိကန်နှင့် သြစတြေးလျ၏ ဒီမိုကရေစီစနစ်က ၎င်းတို့အတွက်ပါ လုံခြုံသေချာစေမည်ဟု နားလည်ခံယူထားတတ်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်းလည်း အိုဘားမားက ဆိုသည်။

တောင်တရုတ်ပင်လယ် အရေးပတ်သက်ပြီးလည်း နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးခဲ့သည်။

သြစတြေးလျဝန်ကြီးချုပ်၏ ပြောစကားတွင်လည်း သမ္မတအိုဘားမားအား အထူးတလည်ကျေးဇူးတင်ကြောင်းပြောဆိုလျက် ကောင်းမွန်သည့် ဆွေးနွေးမှုဖြစ်ခဲ့ကြောင်း ဆိုသည်။

ဆွေးနွေးပွဲတွင် အရှေ့အလယ်ပိုင်းစိန်ခေါ်မှုများအရေး အဓိကထာကာ လက်ရှိဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ရာ တူရကီတွင် ကျင်းပသည့် ဂျီ ၂၀ ဆွေးနွေးပွဲများတွင် အကြီးမားဆုံးအဖြစ် နှစ်နိုင်ငံပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

အိုင်အက်စ်ချေမှုန်းရေးတွင် ဒုတိယအကြီးဆုံးပါဝင်သူအဖြစ် အိုဘားမားက ပြောထားသလို အစွန်းရောက်အကြမ်းဖက်များ ချေမှုန်းရေးတွင် အမေရိကန်များနှင့် မဟာမိတ်များနှင့်အတူ   ရေရှည်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်းလည်း တန်ဘဲလ်က ဆိုသည်။

သမ္မတအိုဘားမားနှင့် ဒေသတွင်းရေးရာများလည်း ဆွေးနွေးခဲ့ရာတွင် အမြင်သဘောထားချင်းများစွာ ကိုက်ညီမှုရှိခဲ့သည်ဟုလည်း တန်ဘဲလ်ကပြောသည်။

 ယခု တူရကီတွင် အောင်မြင်သည့် ဂျီ၂၀ အစည်းအဝေးတက်ရောက်ရာမှ သမ္မတအိုဘားမားနှင့် နှစ်ဦးအပြန်အလှန် တွေ့ဆုံမှု ထွက်ပေါ်လာခြင်းဖြစ်ပြီး မနီလာတွင် ကျင်းပမည့် နိုင်ငံတကာဆွေးနွေးပွဲသို့လည်း တက်ရောက်ကြမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly