ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ မင်းသားကြီး ရှောင်ကွန်နရီ ကိုင်ခဲ့တဲ့ သေနတ် လေလံတင်ရောင်းချမည် 

ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ မင်းသားကြီး ရှောင်ကွန်နရီ ကိုင်ခဲ့တဲ့ သေနတ် လေလံတင်ရောင်းချမည် 
Photo - AFP

နိုဝင်ဘာ ၂၅

ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး ရှောင်ကွန်နရီ ပထမဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားထဲမှာ အသုံးပြုကိုင်ဆောင်ခဲ့တဲ့ Walther PP ပစ္စတိုသေနတ်ကို လာမယ့်လကျရင် လော့စ်အိန်ဂျလိစ်မှာ လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ 

အဲဒီ သေနတ်ကိုတော့ လေလံပွဲမှာ ဒေါ်လာ ၁၅၀,၀၀၀ ကနေ အများဆုံး ဒေါ်လာ ၂၀၀,၀၀၀ အထိ စျေးရလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ 

ပြီးခဲ့တဲ့လက ဘဟားမားစ်က ၎င်းရဲ့ နေအိမ်မှာ အသက် ၉၀ နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့တဲ့ စကော့တစ်ရှ်လူမျိုး မင်းသားကြီး ရှောင်ကွန်နရီကတော့ ၁၉၆၂ ခုနှစ် ဂျိမ်းစ်ဘွန်းရုပ်ရှင် “Dr. No” မှာ အဲဒီသေနတ်ကို ကိုင်ဆောင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 

“ဒီ သေနတ်ကို ကိုင်ဆောင်ထားတဲ့ ၀၀၇ ရဲ့ ပုံရိပ်မည်းကတော့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အထင်ကရအဖြစ်ဆုံး ပုံရိပ်တစ်ခု ဖြစ်လာဖို့ ရှိသလို အသိအမှတ်ပြုခံရဆုံး ပေါ့ပ် ယဉ်ကျေးမှု အကိုးအကားတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်” လို့ လေလံကုမ္ပဏီ Julien’s Auctions ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး မာတင် နိုလန်က ပြောပါတယ်။ 

“Dr. No” ဇာတ်ကားထဲမှာတော့ ဘွန်းကို ၎င်းရဲ့ Beretta သေနတ်အစား Walther နဲ့ အစားထိုးဖို့ ၎င်းရဲ့ ဗြိတိန်လျှို့ဝှက်ထောက်လှမ်းရေး အကြီးအကဲတွေက ညွန်ကြားခဲ့တာ ဖြစ်ပါတယ်။ 

Walther ရဲ့ ဗားရှင်းတွေကတော့ နောက် ဇာတ်ကားတွေထဲမှာလည်း 007 ရဲ့ အမှတ်အသား သေနတ်အဖြစ် ဆက်ရှိနေခဲ့ပါတယ်။ 

ရှောင်ကွန်နရီရဲ့ ပွဲဦးထွက် ရုပ်ရှင်မှာ အသုံးပြုခဲ့တဲ့ သေနတ် နှစ်လက်ထဲက တစ်လက်ဖြစ်တဲ့ ပစ်ခတ်လို့မရအောင် လုပ်ထားတဲ့ အဲဒီသေနတ်ကတော့ ၂၀၀၆ ခုနှစ် ပထမဆုံး လေလံပစ်မှု မတိုင်ခင်က မူလရုပ်ရှင်ရဲ့ လက်နက်ပြင်ဆင်သူတွေ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ယင်းကတော့ ဒီဇင်ဘာ ၃ ရက်မှာ ဘီဗာလီ ဟေး မှာ အွန်လိုင်းကနေ ကျင်းပမယ့် “Icons & Idols TRILOGY: Hollywood” ဆိုတဲ့ လေလံပွဲမှာ လေလံပစ္စည်း ၅၀၀ အနက် တစ်ခုအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။ 

အဲဒီ လေလံပွဲမှာ အခြား အမှတ်တရ ပစ္စည်းတွေအဖြစ် “Top Gun” ဇာတ်ကားမှာ တွမ်ခရုစ် ဆောင်းခဲ့တဲ့ ဦးထုပ်နဲ့ “Terminator 2 : Judgment Day” ဇာတ်ကားမှာ အာနိုး ရှာဝါဇနက်ဂါရဲ့ သားရေ မော်တော်ဆိုင်ကယ် အင်္ကျီလည်း ပါဝင်မှာဖြစ်ပါတယ်။ 

လက်ရှိ 007 မင်းသား ဒန်နီယယ် ခရိတ်ချ် အတွက် နောက်ဆုံးပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားဖြစ်မယ်လို့ ယုံကြည်ရတဲ့ လာမယ့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားရဲ့ ရုံတင်ရက်ကိုတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားရပါတယ်။ 

“No Time To Die” ဇာတ်ကားကိုတော့ ဧပြီလမှာ ထုတ်လွှင့်ဖို့ လက်ရှိမှာ စီစဉ်ထားပါတယ်။ 

ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး ရှောင်ကွန်နရီကတော့ ယောက်ျားပီသပြီး အပြောညက်ညောတဲ့ သူလျှိုဇာတ်ကောင်အဖြစ် သရုပ်ဆောင်မှုအတွက် ပရိသတ်တွေရဲ့ ချစ်ခင်မှုနဲ့အတူ ကျော်ကြားမှုကို ရရှိထားခဲ့ပါတယ်။ မမေ့နိုင်စရာဖြစ်တဲ့ “ဘွန်း..ဂျိမ်းစ်ဘွန်း” ဘွန်းဇာတ်ကောင်ကို ဖွင့်ဟပြခဲ့တဲ့ ပထမဆုံး မင်းသား ရှောင်ကွန်နရီကတော့ စာရေးဆရာ အိုင်ယန် ဖလီးမင်းရဲ့ ဖန်တီးမှုကို အကောင်းဆုံး ပုံဖော်သရုပ်ဆောင်ပြနိုင်တယ်လို့ ပရိသတ်အများအပြားက ရှုမြင်ကြပါတယ်။ 

ကွန်နရီကတော့ ၎င်းရဲ့ နောက်ဆုံးနှစ်တွေမှာ မှတ်ဉာဏ် ချို့ယွင်းမှုကို ခံစားခဲ့ရတယ်လို့ ဇနီးဖြစ်တဲ့ မစ်ချယ်လင်း ရိုကွီဘရွန်းက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly