Mister International 2015 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ပြိုင်မည့် ဇင်မင်းထက် ဖိလစ်ပိုင်သို့ထွက်ခွာ

Mister International 2015 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ပြိုင်မည့် ဇင်မင်းထက် ဖိလစ်ပိုင်သို့ထွက်ခွာ

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ။          ။ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် Mister International 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဇင်မင်းထက်သည် နိုဝင်ဘာ ၁၈ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။

Mister International 2015 ပြိုင်ပွဲကို နိုဝင်ဘာ (၁၈)ရက် မှ (၃၀)ရက် အထိ ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ဒုတိယအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

Miss Golden Land Myanmar Organization မှ Mister International ပြိုင်ပွဲ အတွက် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ Mister International Myanmar အဖြစ် ရွေးချယ်ပြီး ပထမဆုံး အကြိမ် ရွေးချယ်စေလွှတ်ခဲ့သည်။

ယခုနှစ်တွင် Mister International 2015 ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံ၌ Mister International Myanmar 2015 ပြိုင်ပွဲ အနေဖြင့် မကျင်းပဖြစ်ပဲ Mister International Myanmar 2014 ပြိုင်ပွဲတွင် 1st runner up ရရှိ ထားသည့် ဇင်မင်းထက်ကို စေလွှတ်ခြင်း ဖြစ်သည်။

Miss Golden Land Myanmar Organization မှ ကိုဝေယံအောင်က "ဒီနှစ်မှာတော့ Mister International Myanmar ပြိုင်ပွဲကို အကြောင်းကြောင်းကြောင့် ကြန့်ကြာမှုတွေ ရှိခဲ့တယ်။ နိုဝင်ဘာလမှာ လုပ်ဖို့ စီစဉ်ထားပေမယ့် ရွေးကောက်ပွဲ ရှိတဲ့ အတွက် ပြိုင်ပွဲကျင်းပဖို့ ဖေဖော်ဝါရီလကို ရွှေ့ဆိုင်းခဲ့ပေမယ့် ဟိုဘက်ပြိုင်ပွဲ နိုဝင်ဘာလမှာ ကျင်းပမှာဖြစ်တဲ့ အတွက် မပြုလုပ်တော့ဘဲ Mister International Myanmar 2014 မှာ 1st runner up ရရှိထားတဲ့သူကို ရွေးချယ်စေလွှတ်ဖြစ်တာပါ" ဟု ပြောသည်။

ဇင်မင်းထက်က "မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်ဖို့ Miss Golden Land Myanmar ရွေးချယ်တဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ကျွန်တော် သိလိုက်ရတဲ့ အချိန်နဲ့ ပြိုင်ပွဲသွားဖို့ရက်က အရမ်းကပ်နေတော့ ကျွန်တော့် အတွက် ကြိုတင် ပြင်ဆင်မှုက အရမ်းနည်းတယ်။ ဒါပေမယ့် ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ" ဟု ပြောသည်။

Mister International 2014 ပြိုင်ပွဲကို ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အောင်ချမ်းမြမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ Mister International 2015 ပြိုင်ပွဲကိုတော့ နိုဝင်ဘာလ (၁၈) ရက် မှ (၃၀)ရက် အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး ဖိုင်နယ်ပြိုင်ပွဲကို နိုဝင်ဘာလ (၃၀) ရက်တွင် ကျင်းပမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly