ဖိလစ်ပိုင်တွင် အစ္စလာမ်စစ်သွေးကြွများက မလေးရှားဓားစာခံကို ခေါင်းဖြတ်ကွက်မျက်

ဖိလစ်ပိုင်တွင် အစ္စလာမ်စစ်သွေးကြွများက မလေးရှားဓားစာခံကို ခေါင်းဖြတ်ကွက်မျက်

ကွာလာလမ်ပူ၊ နိုဝင်ဘာ-၁၈။              ။ ပြီးခဲ့သည့်မေလကတည်းက ဖိလစ်ပိုင်တောင်ပိုင်း ဂျိုလိုကျွန်းပေါ်တွင် သုံ့ပန်းအဖြစ် ဖမ်းဆီးထားသည့် မလေးရှားစီးပွားရေးလုပ်ငန်း ရှင်တစ်ယောက်ကို အယ်လ်ခိုင်ဒါနှင့် အဆက်အသွယ်ရှိသည့် စစ်သွေးကြွအုပ်စုငယ်တစ်ခုက ကွက်မျက်သုတ်သင်လိုက်ပြီဖြစ်ကြောင်း မလေးရှားအစိုးရက နိုဝင်ဘာလ ၁၈ရက်နေ့တွင် ပြောကြားခဲ့သည်။

အဘူ ဆေယက်စစ်သွေးကြွများက မလေးရှားနိုင်ငံသား ဘားနတ် သန်းကို ခေါင်းဖြတ်ကွက်မျက်လိုက်သည့် ယုံကြည်လောက်သော ထောက်လှမ်းရေးသတင်းများကို စုံစမ်းစစ်ဆေးနေသည်ဟု ဖိလစ်ပိုင်စစ်တပ်က အစောပိုင်းကပင် ပြောကြားခဲ့သည်။

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်က သတ်ဖြတ်မှုသတင်းကြောင့် တုန်လှုပ်ခြောက်ခြားရကြောင်းနှင့် ကျူးလွန်သူများကို တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်ပေးရန် တောင်းဆိုကြောင်း   ဖေ့စ်ဘုတ်စာမျက်နှာတွင် ပြောကြားခဲ့သည်။

ခေါင်းဖြတ်အသတ်ခံရသည်ဆိုလျှငက် သေဆုံးမှုမှာ ပြင်းထန်ကြမ်းတမ်းလှကြောင်း ဒုတိယပြည်ထဲရေးဝန်ကြီး နာ ဂျက်ဇလန်က ရိုက်တာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ မလေးရှားနိုင်ငံသားကို အင်ဒါနန်မြို့တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျိုလိုမှ တပ်မှူး ဗိုလ်မှူးချုပ် အလန် အာရိုဂျာဒိုက ပြောကြားခဲ့သည်။

ကွက်မျက်မှုမှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ ညီလာခံကျင်းပနေရာ မနီလာမြို့တော်၏ တောင်ဘက် ဝေးလှမ်းသောနေရာတွင်   ဖြစ်ပွားခဲ့ခြင်း   ဖြစ်သော်လည်း သေးငယ်သော အစ္စလာမ်အုပ်စုငယ်ကလေးများကပင် ဖိလစ်ပိုင်ကို ခြိမ်းခြောက်နိုင်ကြောင်း သတိပေးလိုက်ခြင်းပင်ဖြစ်သည်။

ဂျိုလိုမှာ ဗုံးခွဲတိုက်ခိုက်မှု၊ ပြန်ပေးဆွဲမှု၊ ခေါင်းဖြတ်မှုများဖြင့် လူသိများသည့် အစ္စလာမ်စစ်သွေးကြွအုပ်စု အဘူ ဆေယက်အခြေစိုက်ရာဒေသဖြစ်သည်။ ထိုအုပ်စုက မကြာခဏဆိုသလို ဓားစာခံများကို   ပြန်လွှတ်ပေးရန် ရွေးကြေးများလည်း တောင်းဆိုလေ့ရှိခဲ့သည်။

စီးပွားရေးသမားတစ်ယောက်နှင့် မလေးရှားအမျိုးသမီးတစ်ယောက်ကို မေလက ဘော်နီယိုကျွန်းပေါ်ရှိ မလေးရှားအရှေ့ပိုင်း ဆာဘားပြည်နယ် ကမ်းရိုးတန်းမြို့ တရုတ်ပင်လယ်စာ စားသောက်ဆိုင် တစ်ဆိုင်မှ ဂျိုလိုသို့ အဓမ္မခေါ်ဆောင်လာခဲ့ဲခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်သတ္တပတ်က ရွေးကြေးရရှိသည့်အတွက် အဘူဆေယက် စစ်သွေးကြွများက အမျိုးသမီးကို ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly