ကိုဗစ်ပိုးတွေ့ လူနာ ၁ ဦးကြောင့် အုန်းဖြန် ဒုက္ခသည်စခန်းတွင် ဆေးစစ်ပေးနေ 

ကိုဗစ်ပိုးတွေ့ လူနာ ၁ ဦးကြောင့် အုန်းဖြန် ဒုက္ခသည်စခန်းတွင် ဆေးစစ်ပေးနေ 

နိုဝင်ဘာ ၂၄၊ ၂၀၂၀ 

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ပုပ္ဖရရှိ မြန်မာဒုက္ခသည်စခန်း တစ်ခုဖြစ်သည့် အုန်းဖြန်တွင် မြန်မာတစ်ဦး ကိုဗစ်ရောဂါပိုးတွေ့ပြီးနောက် ဒုက္ခသည်စခန်းအတွင်း ထိုင်း ကျန်းမာရေး တာဝန်ရှိသူများက ဆေးစစ်မှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။ 

မြန်မာနိုင်ငံဘက်ကို ခိုးပြန်ပြီးနောက် ဒုက္ခသည်စခန်းအတွင်း ပြန်ဝင်လာသည်ဟု သံသယရှိသည့် အသက် ၄၈ နှစ်အရွယ်အမျိုးသားတွင် နိုဝင်ဘာလ ၂၁ ရက်နေ့က ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

ထို့အပြင် အသက် ၁၇ နှစ်အရွယ် ထိုင်း-မြန်မာ ကျောင်းသူတစ်ဦးတွင်လည်း ကိုဗစ်ရောဂါပိုး ကူးစက်ကြောင်း တွေ့ရှိရသည်ဟု ထိုင်း ရောဂါထိန်းချုပ်ရေးဌာန (DDC) ညွှန်ကြားရေးမှူး ဒေါက်တာ အိုပတ်စ်က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောသည်။ 

ထိုင်း-မြန်မာ နယ်စပ်အနီး ယင်းသို့ နှစ်ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိရခြင်းကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဒုတိယလှိုင်းဟု ယူဆ၍ မရနိုင်ကြောင်းလည်း ဒေါက်တာ အိုပတ်စ်က ပြောသည်။ 

ကိုဗစ်ရောဂါ ကူးစက်သူ နှစ်ဦးကို ဆေးစစ်ခြင်း၊ ကွာရန်တင်းထားခြင်း၊ ဆေးကုသခြင်းများ ပြုလုပ်ထားပြီဖြစ်ကြောင်း သိရသည်။ 

ဒုက္ခသည် ၉၅၀၀ ရှိသည့် အုန်းဖြန် ဒုက္ခသည်စခန်းတွင် ဆေးစစ်မှုများ လုပ်နေရာ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ စစ်ဆေးပြီးသူ ၉၅၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ 

ဒုက္ခသည်စခန်းအတွင်းနှင့် ပြင်ပတွင် ကိုဗစ်ရောဂါ အများအပြား ကူးစက်မှု ဖြစ်လိမ့်မည်ဟု မယူဆကြောင်း ဒေါက်တာ အိုပတ်စ်က ပြောသည်။ 

အုန်းဖြန် ဒုက္ခသည်စခန်းသည် သစ်တောများ ဝန်းရံနေပြီး ပြင်ပမှလူများ အတွင်းသို့ ဝင်ခွင့်မပြုထားခြင်းကြောင့် ဖြစ်ကြောင်း၊ အဝင်အထွက် ပိတ်ပင်ထားသောကြောင့် ဗိုင်းရပ်စ် ကူးစက်ရန် မလွယ်ခြင်းဖြစ်ကြောင်း ဒေါက်တာ အိုပတ်စ်က ဘန်ကောက်ပို့စ်သို့ ပြောထားသည်။ 

ထိုင်းရှိ ဒုက္ခသည်စခန်းများအနက် အုန်းဖြန် ဒုက္ခသည်စခန်းတွင် ကိုဗစ်ကူးစက်မှု တွေ့ရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကိုဗစ်ကူးစက်သူနှင့် ထိတွေ့ခဲ့သူ လူ ၉၉ ဦးကို ဆေးစစ်ခဲ့ရာ ကူးစက်မှု မတွေ့ရှိကြောင်းလည်း သိရသည်။    

ကိုဗစ်ကူးစက်ထားသည့် မြန်မာလူနာမှာ ရောဂါ ပြင်းထန်ခြင်း မရှိကြောင်း ဓာတ်ခွဲစစ်ဆေးမှုအရ သိရသဖြင့် အခြားသူများသို့ ကူးစက်နိုင်သည့် အခွင့်အလမ်း နည်းပါးခြင်းဖြစ်ကြောင်းလည်း ဒေါက်တာ အိုပတ်စ်က ပြောသည်။ 

DDC က အဆိုပါ ဒုက္ခသည် အမျိုးသား မည်သို့ ကူးစက်သည်ကို ခြေရာခံခဲ့ရာ ၎င်းသည် ဒုက္ခသည်စခန်းမှ ခိုးထွက်ကာ မြန်မာနိုင်ငံသို့ သွားခဲ့ပြီး ထိုင်းနိုင်ငံဘက် ပြန်လာခြင်းဖြစ်သည်ဟု သံသယရှိနေသည်။ သို့သော် အဆိုပါ လူနာသည် ထိုင်းတွင်ပင် ကူးစက်ခြင်းလည်း ဖြစ်နိုင်ခြေရှိကြောင်း ဒေါက်တာ အိုပတ်စ်က ပြောသည်။ 

ကိုဗစ်ရောဂါ ကူးစက်မှု မရှိစေရေး ထိုင်း-မြန်မာ နယ်စပ်ကို လပေါင်းများစွာ ပိတ်ထားခဲ့သော်လည်း ယခု ကိုဗစ်လူနာ နှစ်ဦး တွေ့ရှိခြင်းကြောင့် နယ်စပ်ထိန်းချုပ်နိုင်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်နေကြောင်းလည်း သိရသည်။ 

ဆယ်ကျော်သက် မိန်းကလေးမှာ နယ်စပ်ပိတ်ထားသော်လည်း မြန်မာနိုင်ငံဘက်သွားပြီး ထိုင်းသို့ ပြန်ဝင်လာခြင်းဖြစ်၍ မြန်မာနိုင်ငံရှိ ၎င်း၏ ဆွေးမျိုးများထံမှ ကူးစက်ခဲ့ခြင်း ဖြစ်သည်။ ထိုမိန်းကလေးနှင့် ထိတွေ့ခဲ့သူများကို ဆေးစစ်ခဲ့ပြီး ကိုဗစ်ကူးစက်မှု မရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံဘက်မှ မယ့်ရာမတ်မြို့နယ်၊ ဘန်းဝမ်ပါ နယ်စပ်မှတစ်ဆင့် ထိုင်းသို့ ကားဖြင့် ပြန်လာသော ဆယ်ကျော်သက် မိန်းကလေးသည် လေးရက်ကြာပြီးနောက် နိုဝင်ဘာလ ၁၆ ရက်တွင် အပြင်းဖျားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် တာ့ခ်ခရိုင်ရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံသို့ သွားခဲ့ရာ ပုဂ္ဂလိက ဆေးရုံက တာ့ခ်ဆေးရုံသို့ ချက်ချင်း လွှဲပြောင်းပေးခဲ့သည်။    

ထိုင်းနှင့်မြန်မာ သွေးစပ်သူ အဆိုပါ မိန်းကလေးသည် ယခုအခါ ပြန်လည် သက်သာလာပြီး နောက်ဆုံးအကြိမ် အဆုတ်ကို ဓာတ်မှန်ရိုက်ကြည့်ရာတွင် ရောဂါပိုး ဆက်ရှိသည့် လက္ခဏာ မတွေ့ရကြောင်း သိရသည်။ 

လက်ရှိတွင် ထိုင်းတာဝန်ရှိသူများက မိန်းကလေး၏ မိခင်နှင့် အခြားဆွေမျိုးများ၊ ၎င်းသွားရောက်ခဲ့သည့် ပုဂ္ဂလိက ဆေးရုံမှ ဝန်ထမ်း ၁၀ ဦးတို့ကိုလည်း ဆေးစစ်ခဲ့ပြီး ရလဒ်များကို မသိရသေးပေ။ ထိုင်းတာဝန်ရှိသူများက မိန်းကလေးကို ကားမောင်းပို့ခဲ့သည့် ယာဉ်မောင်းကိုလည်း ဆေးစစ်ရန် လိုက်လံ ခြေရာခံလျက် ရှိကြောင်း သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly