၂၁ ရာစုရဲ့ အကောင်းဆုံးနည်းပြ၊ ကစားသမားနဲ့ အသင်းကို ချီးမြှင့်မယ့် Globe Soccer Awards

၂၁ ရာစုရဲ့ အကောင်းဆုံးနည်းပြ၊ ကစားသမားနဲ့ အသင်းကို ချီးမြှင့်မယ့် Globe Soccer Awards

ယခုနှစ်ရဲ့ Globe Soccer Awards ဟာ ၂၀၂၀ အတွက် အကောင်းဆုံး ကစားသမားတွေနဲ့ နည်းပြတွေကိုသာမက ၂၁ ရာစုရဲ့ အကောင်းဆုံးဆုတွေကိုပါ ဂုဏ်ပြုချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဒီဆုတွေကိုတော့ ဒူဘိုင်းအားကစားကောင်စီက ကမကထပြုပြီး ဥရောပကစားသမားအေးဂျင့်များအဖွဲ့အစည်း (EFAA)၊ ဥရောပကလပ်အသင်းများအဖွဲ့အစည်း (ECA) တို့က ပူးပေါင်းချီးမြှင့်မှာပါ။ 

ဆက်လက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ဆုပေးပွဲအခမ်းအနားကို အရင်နှစ်တွေကလိုမဟုတ်ဘဲ အကျဉ်းချုံးပြုလုပ်သွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၂၇ ရက်၊ ဒူဘိုင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ 

"ဒီထူးခြားတဲ့ အစီအစဉ်က ကမ္ဘာ့ဘောလုံးလောကရဲ့ ကြယ်ပွင့်တွေအားလုံး သူတို့ကိုယ်တိုင် ဗိုင်းရပ်စ်ကြုံတွေ့ခံရတယ်။ တစ်ပတ်မှာ သုံးပွဲကစားရဖို့ သူတို့ရဲ့ အားလပ်ရက်တွေကို စွန့်ခွာရင်း ပွဲတွေကစားဖို့ ကမ္ဘာတစ်ဝန်းကို ခရီးနှင်ရပြီး သန်းနဲ့ချီတဲ့ လူတွေကို သူတို့ရဲ့ ဒုက္ခတွေကနေ အာရုံပျံ့လွင့်စေဖို့ ရည်ရွယ်ထားပါတယ်။"လို့ Dubai Globe Soccer CEO တိုမာဆို ဘင်ဒိုနီက ပြောပါတယ်။ "လက်ရှိမှာ အခက်အခဲတွေရှိပေမယ့် ဒီအခမ်းအနားကိုတော့ ကျနော်တို့ ကျင်းပဖြစ်အောင် လုပ်ဆောင်မှာပါ။"

ချီးမြှင့်မယ့် ဆုအမျိုးအစားတွေက ဘာတွေလဲ 

ချီးမြှင့်မယ့်ဆုတွေကတော့ ၂၀၂၀ အတွက် အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးကလပ်အသင်းဆု၊ အကောင်းဆုံးနည်းပြဆု၊ ရာစုနှစ်အကောင်းဆုံးကစားသမားဆု၊ ရာစုနှစ်အကောင်းဆုံးနည်းပြဆု၊ ရာစုနှစ်အကောင်းဆုံးကလပ်အသင်းဆု၊ ရာစုနှစ်အကောင်းဆုံး အေးဂျင့်ဆုနဲ့ ဂုဏ်ထူးဆောင်ကစားသမားဆုတို့ဖြစ်ပါတယ်။ 

MARCA ဟာ ယခုနှစ်ဆုပေးပွဲရဲ့ official သတင်းစာဖြစ်ပြီး ရာစုနှစ်အကောင်းဆုံးတွေ ရွေးချယ်ရာမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း အရေးကြီးတဲ့ အချက်အလက်တွေကို ပိုင်းခြားအကဲဖြတ်ပေးမှာဖြစ်ပါတယ်။ 

နောက်တစ်ချက်က ပြီးခဲတဲ့ www.vote.globesoccer.com မှာ ရွေးချယ်ခံခဲ့ရတဲ့ ရာစုနှစ်အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်း ၂၈ ဦးကို ရွေးချယ်ရာမှာ ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်တွေကို ပါဝင်ခွင့်ပြုတာဖြစ်ပါတယ်။ အဆိုပါဆန္ဒမဲတွေကို အဖွဲ့ဝင် ၂၅ ဦးပါဝင်တဲ့ အဖွဲ့လည်း ထည့်သွင်းမှာဖြစ်ပါတယ်။

အကောင်းဆုံးဆု ဆန်ခါတင်စာရင်းများ

၂၀၂၀ အကောင်းဆုံးကစားဆု ဆန်ခါတင်စာရင်း 

စီရော်နယ်လ်ဒို၊ မက်ဆီ၊ လီဝန်ဒေါစကီး၊ နာဘရီ၊ အီမိုဘီလီ၊ ဘန်ဇီမာ၊ မာနေ၊ မာကင်ဟို့စ် 

၂၀၂၀ အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်း 

ယာဂန်ကလော့ပ်၊ ဂတ်စ်ပါရီနီ၊ ဟန်ဆီဖလစ်ခ်၊ လိုယ်တယ်ဟီ၊ တူချယ်လ် 

၂၀၂၀ အကောင်းဆုံးကလပ်အသင်းဆု ဆန်ခါတင်စာရင်း 

ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ ရီးယဲလ်မက်ဒရစ်၊ ဆီဗီလာ၊ လီဗာပူးလ် 

ရာစုနှစ်အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်း 

စီရော်နယ်လ်ဒို၊ မက်ဆီ၊ အင်နီယေစတာ၊ ရော်ဘင်၊ ဘက်ခမ်၊ ကန်နာဗာရို၊ တော့တီ၊ လမ်းပတ်၊ ဘူဖွန်၊ ကာဆီးလက်စ်၊ ကာကာ၊ ဘာပေ၊ ဖီဂို၊ မိုဒရစ်၊ နော်ယာ၊ ဆာလာ၊ နေမာ၊ ဂျရတ်၊ ဇာဗီ၊ အီဘရာဟီမိုဗစ်၊ ဇီဒန်း၊ ဖိလစ်လမ်း၊ လီဝန်ဒေါစကီး၊ ပီယာလို၊ ရှက်ဗ်ချင်ကို၊ ရော်နယ်လ်ဒင်ဟို၊ ရော်နယ်လ်ဒို၊ ရာမို့စ် 

ရာစုနှစ်အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်း 

ဖာဂူဆန်၊ အန်ဆယ်လော့တီ၊ ဒက်စ်ချမ့်စ်၊ ဂျိုချင်အာလို၊ မော်ရင်ဟို၊ ဂွာဒီယိုလာ၊ စကိုလာရီ၊ လစ်ပီ၊ ဒဲလ်ဘော့စ်၊ ဇီဒန်း 

ရာစုနှစ်အကောင်းဆုံးကလပ်အသင်းဆု ဆန်ခါတင်စာရင်း 

ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ လီဗာပူးလ်၊ မန်ယူ၊ ပီအက်စ်ဂျီ၊ ရီးယဲလ်မက်ဒရစ် 

ရာစုနှစ်အကောင်းဆုံး အေးဂျင့်ဆု ဆန်ခါတင်စာရင်း 

ဂျော့ချ်မန်ဒက်စ်၊ ရွိုင်အိုလာ၊ ဂျော်နသန် ဘားနက်၊ ပီနီ ဇဟာဘီ၊ ဂျီယိုဗန်နီ ဘရန်ချီနီ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly