ဦးဖြိုးမင်းသိန်းအလွန် ရန်ကုန်ဝန်ကြီးချုပ်

 ဦးဖြိုးမင်းသိန်းအလွန် ရန်ကုန်ဝန်ကြီးချုပ်

နိုဝင်ဘာ ၂၄ ၊ ၂၀၂၀

ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကား လာမည့်အစိုးသက်တမ်းတွင် ဆက်လက်ပါဝင်လာတော့မည် မဟုတ်။ ကျန်းမာရေးကြောင့် ရွေးကောက်ပွဲအား မယှဉ်ပြိုင်ခြင်းဟု အစောပိုင်းတည်းက သူပြောထားသည်။ သို့ဖြင့် လာမည့် တတိယမြောက် ရန်ကုန်ဝန်ကြီးချုပ် မည်သူဖြစ်လာမလဲဆိုသော မေးခွန်းအပေါ် ရန်ကုန်လူထု စိတ်ဝင်စားလျက် ရှိသည်။

NLD ၏ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ၂၀၁၂ ခုနှစ်တည်းက သူ့ပါတီဖြစ်သော ပြည်ထောင်စုဒီမိုကရက်တစ်ပါတီ(UDP) အား စွန့်ခွာပြီး NLD နှင့် ပူးပေါင်းခဲ့တာပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ လှည်းကူးမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံပြီး လွှတ်တော်ကိုယ်စာလှယ်တစ်ဦး ဖြစ်လာခဲ့သူပါ။ သူ ဒီလို ပါတီအကူးအပြောင်း မြန်ဆန်ခဲ့ပုံနှင့် ပတ်သက်ပြီး နိုင်ငံရေးသမား အတော်များများက ဆွေးနွေးငြင်းခုန်မှုများ၊ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။ ယင်းနောက် ၂၀၁၅ အထွေထွေရွေးကောက်တွင် လှည်းကူးမဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ပြိုင်ခဲ့ကာ ဒုတိယမြောက် ရန်ကုန်ဝန်ကြီးချုပ် ဖြစ်လာတော့သည်။

လက်ရှိ ဒုသမ္မတဦးမြင့်ဆွေ တာဝန်ယူခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာအား NLD က ယုံယုံကြည်ကြည်ဖြင့် ဦးဖြိုးမင်းသိန်အား လက်ခံစေခဲ့သည်။ နိုင်ငံရေးသမား အတော်များများနှင့် သတင်းစာဆရာများက ယခုလို ဖြစ်လာမည်ဟု ထင်မထားကြ။ ဘွဲ့ရ ပုဂ္ဂိုလ်တစ်ဦးမဟုတ်သော ဦးဖြိုးမင်းသိန်းကို ရန်ကုန်ဝန်ကြီးချုပ်နေရာ ပေးခဲ့သည့်အတွက် NLD နောင်တရမည်တော့ မဟုတ်။ နိုင်ငံရေးသမိုင်းရှိသူတစ်ဦးကို NLD က ရန်ကုန်ဝန်ကြီးချုပ်ရာထူးပေးဖို့ လက်မတွန့်ခဲ့ပေ။ ပေးထိုက်သူတစ်ဦးဟု ယူဆခဲ့သည်။ နိုင်ငံရေးပုံရိပ်ကောင်းခဲ့သော သူလိုလူတစ်ဦးကို ဤနေရာမျိုးတွင် ရှိနေဖို့ လိုအပ်သည်ဟု NLD က သုံးသပ်ခဲ့ပုံရသည်။

ဦးဖြိုးမင်းသိန်းဟာ ရှစ်လေးလုံးကာလမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ABSFU) အဖွဲ့၏ သန်လျင်မြို့နယ်ဆိုင်ရာ အတွင်းရေးမှူးတစ်ဦးဖြစ်သည်။ ယင်းနှစ်တွင် သူဟာ ဒုတိယနှစ် ရူပဗေဒ ကျောင်သားတစ်ဦး ဖြစ်သည်။ ယင်းကာလမှာပင် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) တွင် ပါဝင်လှုပ်ရှားခဲ့သည်။  ယင်းလှုပ်ရှားမှုကြောင့် ၁၉၉၁ မတ်လမှာ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ခုနှစ် နှစ် ကျခံခဲ့ရသည်။

အကျဉ်းကျခံနေစဉ် ၁၉၉၅ မှာဘဲ နောက်ထပ်ထောင်ဒဏ် ခုနှစ် နှစ် ကျခံခဲ့ရပြန်သည်။ ထောင်တွင်းနိုင်ငံရေးကြောင့်ဟု ဆိုရမည်။ ၂၀၀၁ ခုနှစ်မှာပဲ တတိယအကြိမ် ထောင်ဒဏ် ခုနှစ် နှစ် ထပ်မံချမှတ်ခဲ့ပြန်သည်။  စုစုပေါင်း ၂၁ နှစ် ချမှတ်ခံခဲ့ရပြီး ထောင်ထဲတွင် ၁၄ နှစ်ခန့် နေခဲ့ရသူတစ်ဦး ဖြစ်သည်။ ထို့နောက်မှာတော့ ၂၀၀၅ တွင် ပြန်လည်လွတ်မြောက်လာသည်။ လွတ်မြောက်လာပြီး လေးနှစ်အကြာမှာ သူ အိမ်ထောင်ကျသည်။ ဇနီး ဒေါ်ခင်မိမိကြွယ်မှာ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဌေးကြွယ်၏ ညီမတစ်ဦး ဖြစ်သည်။ ထို့နောက် ၂၀၁၀ တွင် ပြည်သူ့ဒီမိုကရေစီပါတီ(PDP) ကို တည်ထောင်သည်။ အကြောင်းကြောင်းကြောင့် ထိုပါတီ ပျက်သွားကာ ပြည်ထောင်စုဒီမိုကရက်တစ်ပါတီ(UDP) ကို ဆက်တည်ထောင်ခဲ့သည်။

UDP ကနေ NLD သို့ ၂၀၁၂ တွင် ဝင်ရောက်ကာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအား ဝင်ပြိုင်၍ ပြည်သူ့လွှတ်တော်အမတ်တစ်ဦး ဖြစ်လာခဲ့သည်။ ဒီနောက်တော့ ၂၀၁၅ တွင် NLD အစိုးရ၏ ပထမဆုံးသော ရန်ကုန်ဝန်ကြီးချုပ် ဖြစ်လာတော့သည်။ သို့သော် လက်ရှိအစိုးရသက်တမ်း ကုန်ဆုံးရန် နီးကပ်လာသည်နှင့်အမျှ ဦးဖြိုးမင်းသိန်းအပေါ် ဝေဖန်မှုများ မရှိသလောက် နည်းလာသည်ကို တွေ့ရသည်။ ဝန်ကြီးချုပ်အဖြစ်ကနေ အနားယူတော့မည်ကို သူ့အားထောက်ခံသူများက စိတ်တော့မကောင်းကြရှာ။

ဦးဖြိုးမင်းသိန်း ဝန်ကြီးချုပ်တာဝန် စတင်ချိန် ၂၀၁၆ ခုနှစ် ပထမသတ်တမ်းတွင် သင်္ကြန်သံချပ် ဆင်ဆာဖြတ်မှုကြောင့် နာမည်ထိခိုက်ခဲ့ရသည်။ နိုင်ငံရေးသမားကောင်းတစ်ဦးလည်းဖြစ်၊ ဒီမိုလိုလားသူတစ်ဦးလည်းဖြစ်သော သူလိုပုဂ္ဂိုလ်က ယခုလိုတားမြစ်လိမ့်မည်ဟု မထင်ထားကြ။ ထို့နောက် သိန်းရာကျော် လက်ပတ်နာရီကိစ္စကြောင့် Eleven Media Group နှင့် ထိပ်တိုက်တွေ့ခဲ့ပြီး EMG တောင်းပန်ခြင်းဖြင့် ကိစ္စပြီးသွားကြသည်။ ၂၀၁၇ တွင် မြို့တော်ရန်ကုန်အတွက် YBS/WBS စနစ် အကောင်အထည် ဖော်ပေးခဲ့သည်။ ဤစနစ်ကို အကောင်းမြင်သူ ရှိသလို၊ မကောင်းမြင်သူများလည်း ရှိသည်။ သို့သော် ဤပြောင်းလဲမှုအပေါ် လူအများက ချီးမွှမ်းကြသည်က ပိုများခဲ့သည်။ အားလုံးသဘောကျခဲ့သည်။

ထို့နောက် တပ်ချုပ်နှင့် ထိပ်တိုက်တွေ့သည်။ ဒီမိုကရေစီနိုင်ငံတစ်ခုတွင် တပ်ချုပ်အဆင့်မှာ ညွှန်ကြားရေးမှူးချုပ်လယ်ဘယ်သာ ရှိသည်ဟု ပြောဆိုခဲ့သည်။ ဤပြောဆိုမှုက သူအား ရန်ကုန်ဝန်ကြီးချုပ်ရာထူး အပြောင်းအလဲဖြစ်နိုင်သည့်အထိ ခြိန်းခြောက်စေခဲ့သည်။ သို့သော် ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေခဲ့သည်။ ဒီမိုပြည်သူများက ဦးဖြိုးမင်းသိန်း ပြောဆိုမှုကို သဘောတွေ့ခဲ့ကြသည်ဆိုလျှင် လွန်အံမထင်။ သူပြောတာလည်း မှန်သည်မဟုတ်ပါလား။

၂၀၁၈ အတွင်း စာပေသက်ကြီး ပူဇော်ပွဲတွင် ဦးခင်ညွန့်အား ကန်တော့ခံစာရေးဆရာအဖြစ် တက်ရောက်ဂါဝရပြုခဲ့မှုအပေါ် ဝေဖန်မှုများ ထွက်ခဲ့ပြန်သည်။ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် မန်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဦးဖြိုးမင်းသိန်းတို့ ငါမြို့သာသည်၊ သူ့မြို့သာသည်ဆိုသော စကားစစ်ထိုးပွဲကို မြို့ခံပြည်သူများက ဟာသနှော်ကာ စနောက်ခဲ့ကြသေးသည်။ လက်ရှိ ၂၀၂၀ တွင်တော့ ကိုဗစ်က သူအား အလုပ်ရှုတ်နေစေသည်ကို တွေ့ရသည်။

ဘာပဲပြောပြော ဦးဖြိုးမင်းသိန်းကား အခြေခံအလုပ်သမားများကို ကြည့်ပေးခဲ့သည်။ သူ့ကြောင့် ရန်ကုန်လမ်းလျှောက်သင်္ကြန်အား ပျော်ရွှင်စွာ ကစားခဲ့ရသည်။ မြို့တော်အတွက် အန္တရာယ်ရှိသော ဆောက်လုပ်ရေစီမံကိန်းများကို ရပ်ပစ်ခဲ့သည်။ ကျူးကျော်များအတွက် စနစ်တကျအိမ်ယာကို ဖော်ဆောင်ပေးခဲ့သည်။ ယင်းက သူ၏ အုပ်ချုပ်ရေးကောင်းကွက်များပေ။ ဘွဲ့မရရှိခဲ့သော ဝန်ကြးချုပ်အား ဥရောပနိုင်ငံတစ်ခုက သူအား စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ကို ချီးမြှင့်ပေးခဲ့သည်။ လက်ရှိအချိန်မှာတော့ ကိုဗစ်ထိန်းချုပ်မှုများကို တာဝန်ယူရင်း လာမည့်အစိုးရသစ် မတိုင်မိထိ သူစီမံနေရပါသည်။

ကျင်းပပြီးစီးခဲ့သော ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် NLD က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်လောင်းအတွက် နေရာပေါင်း ၉၂ နေရာဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားခဲ့သည်။ ထိုကိုယ်စာလှယ်များထဲတွင် လက်ရှိ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ပြည်သူ့လွှတ်တော်အမတ် ဦးပြုံးချိုနှင့် အမျိုးသားလွှတ်တော်အမတ် နော်စူစန်နာလှလှစိုးတို့မှာ လူသိများသူများဖြစ်ကာ သက်ဆိုင်ရာမဲဆန္ဒနယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင် သွားကြသည်။ သို့သော်လည်း ဒေါ်စူစန်နာလှလှစိုးမှာ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှ ဝင်ပြိုင်ခဲ့သည့်အတွက် ဝန်ကြီးချုပ်နေရာအတွက် ထည့်စဉ်းစားစရာ မလိုတော့။ နောက်တစ်ဦးမှာ ဒဂုံမဲဆန္ဒနယ်မြေ အမှတ် (၁) ကနေ ယှဉ်ပြိုင်ခဲ့သော ဦးရဲမင်းဦးဖြစ်သည်။ သို့သော် သူ့အား ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ဖို့လမ်းနည်းသွားပြီဟု ယူဆသည်။ သူ၏ နိုင်ငံရေးက အထက်ပါ ပုဂ္ဂိုလ်များလောက် မရိုးရှင်းပေ။ သို့အတွက် ဦးနိုင်ငံလင်းနှင့် ၈၈ မျိုးဆက် ဦးပြုံးချိုနှစ်ဦးသာ ရန်ကုန်ဝန်ကြီးချုပ် နေရာအတွက် တစ်ပြေးလာနိုင်သည်။ ဦးနိုင်ငံလင်းမှာ မူလယှဉ်ပြိုင်ခဲ့သော သာကေတမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြန်လည်အရွေးခံခဲ့သည်။ ဦးပြုံးချိုမှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ်အဖြစ် ဒေါပုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြောင်းလဲယှဉ်ပြိုင်သွားခဲ့သည်။ လက်ရှိ အစိုးရသက်တမ်းကာလအတွင်း နာမည်ကြီးလာသော တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်စန္ဒာမင်းနှင့် ဦးနေဘုန်းလတ်တို့မှာ ရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက် ယှဉ်မပြိုင်ခဲ့ကြတော့ပေ။

ဦးဖြိုးမင်းသိန်းကဲ့သို့ နိုင်ငံရေးကောင်းကွက်များစွာရှိသော ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးပြုံးချိုမှာ လက်ရှိပြည်သူလွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ရန်ကုန်အစိုးရပိုင်းစီမံခန့်ခွဲရေး အတွေ့အကြုံတော့ မရှိပေ။ သို့သော် ဦးဖြိုးမင်းသိန်းသည်လည်း ထို့အတွေ့မကြုံမရှိဘဲ ၂၀၁၅ တွင် NLD ၏ ရန်ကုန်ဝန်ကြီးချုပ် ဖြစ်လာသည်ကို ထည့်တွက်ဖို့ လိုအုံးမည်။ ဦးဖြိုးမင်းသိန်းမှာ အုပ်ချုပ်ရေးပိုင်း အတွေ့အကြုံ မရှိခဲ့သော်လည်း ပထမဆုံး NLD ၏ ဝန်ကြီးချုပ် ဖြစ်လာသူ ဖြစ်သည်။ ဦးနိုင်ငံလင်းမှာတော့ လက်ရှိရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည့်အတွက် ရန်ကုန်အစိုးရအတွေ့အကြုံ ရှိထားနှင့်ပြီးသား ဖြစ်သည်ကို တွေ့ရသည်။ သို့သော် လေဒီ ဘယ်အကွက်ဖြင့် ကစားမည်ကို မည်သူမှ မသိနိုင်ပေ။ ဦးနိုင်ငံလင်းက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ဓားထိုးခံရမှု ဖြစ်ခဲ့ဖူးသည်။ ဒါက သူအားအလေး ပိုသာစေလိမ့်မည်လား။ ဒေါ်အောင်ဆန်းစုကြည်သည် သူတို့ထဲက ဦးဖြိုးမင်းသိန်းအလွန် NLD ၏ ဒုတိယမြောက် ရန်ကုန်ဝန်ကြီးချုပ်အဖြစ် မည်သူ့ကို တာဝန်ထမ်းဆောင်ခိုင်းမည်နည်းဆိုသည်က စိတ်ဝင်စားစရာ။ သို့တည်းမဟုတ် ရန်ကုန်ဝန်ကြီးချုပ်အဖြစ် ယခုခန့်မှန်းသူ နှစ်ဦးထက်ပို၍ ထပ်ရှိနေအုံးမည်လား။

မည်သူ တက်တက်၊ တက်လာမည့် ရန်ကုန်ဝန်ကြီးချုပ်သစ်တွင် ဖြေရှင်းစရာများစွာ ရှိနေသည်။ ကိုဗစ်ကို ကျော်လွှားရအုံးမည်။ ရန်ကုန်မြို့သစ်စီမံကိန်းအား အကောင်အထည် ဖော်ရအုံးမည်။ မိုးပျံလမ်းစီမံကိန်းအား ဆောင်ရွက်ရပါအုံးမည်။ မိုးရာသီ ရေလျှံမှုကို ဖြေရှင်းရအုံးမည်။ အလုပ်သမားပြဿနာများကို ကိုင်တွယ်ရအုံးမည်။ ကျူးကျော်ကိစ္စအား စီမံပေးရအုံးမည် ဖြစ်သည်။ ဤပြဿနာများက ရန်ကုန်ဝန်ကြီးချုပ်အသစ်အား စောင့်မျှော်နေပါသည်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly