ပင်စင်စာအုပ်ပေါင်ထား‌ရသော စစ်သားဟောင်းကြီး

ပင်စင်စာအုပ်ပေါင်ထား‌ရသော စစ်သားဟောင်းကြီး

နိုဝင်ဘာ ၂၄ ၊ ၂၀၂၀

အသက် ၆၈ နှစ်ရှိပြီဖြစ်သည့် ဦးအောင်မြိုင်ဟာ ဇနီးနှင့်အတူ လှည်ကူးမြို့နယ်၊ ဝါးတောင်စခန်းနားတွင် လင်မယားနှစ်ဦးတည်း နေထိုင်လျက်ရှိသည်။ သူ့အမျိုးသမီး ဒေါ်ခင်မြင့်မှာ အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။ အသက်ကြီးကြီး လင်မယားနှစ်ဦးတည်း သစ်၊ ဝါးခုတ်သည့်လူကလွဲ၍  ဤလိုနေရာမျိုးတွင် နေထိုင်ကာ ဘဝကို ရုန်းကန်ရပ်တည်နေရသည်။ မိုးတွင်းဆို စခန်းတွင် လူ လေး၊ငါးဦးကလွဲပြီး မည်သူမျှ မရှိကြ။

တပ်မတော်သို့ ၁၅ ရက် ၇ လ ၁၉၇၄ ခုနှစ်တွင် ဝင်ရောက်ခဲ့သော ကိုယ်ပိုင်အမှတ် - ၄၂၂၂၁၀ ဖြစ်သူ စစ်သားဟောင်းကြီး ဦးအောင်မြိုင်မှာ လှည်းကူးမြို့နယ်၊ မင်းကုန်းရှိ အမှတ်(၁) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် လက်ဖြောက်ထူးချွန်အဖြစ် သုံး နှစ် တာဝန်ထမ်းဆောင်ခြင်းဖြင့် တပ်မတော်ထဲသို့ စတင်ရောက်ရှိခဲ့သည်။ 

အမှတ်(၁)တပ်မတော်လေ့ကျင့်ရေးသင်တန်းတွင် စစ်ပညာသင်ရင်း သေနက်ပစ် ထူးချွန်သည့်အတွက် တပ်မတော် ကြည်း၊ ရေ၊ လေပြိုင်ပွဲအတွက် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်တည်းက ဦးအောင်မြိုင်နှင့် ဒေါ်ခင်မြင့်မှာ အိမ်ထောင်ကျနေလေပြီ ဖြစ်သည်။ ထိုသင်တန်းကျောင်းတွင်  တာဝန်ထမ်းဆောင်ပြီးနောက် ပြည်မြို့ရှိ ၆၆ တပ်မလက်အောက်ခံ ခလရ(၇၅) သို့ ပြောင်းရွေ့တာဝန် ထမ်းဆောင်ခဲ့ရသည်။ ဦးအောင်မြိုင်မှာ တာဝန်ချိန်တွင် တိတိကျကျ ထမ်းဆောင်သူတစ်ဦးပေမယ့် တာဝန်ပြီးချိန်တွင် လွတ်လွတ်လပ်လပ် နေတက်သည်။ ရှမ်းပြည်တိုက်ပွဲအတွင်း ထူးချွန်ဆုပင် ချီးမြှင့်ခံခဲ့ရသည်။ ထို့နောက် ဒုတပ်ကြပ်ရာထူး တိုးခဲ့သည်။ သို့သော် ကြာကြာမခံ ကျောပိုးအိတ်တွင် ဖဲထုတ်တွေ့၍ ပေးထားသောအဆင့်အား ပြန်ဖြုတ်ခြင်း ခံခဲ့ရသည်။

ထိုတပ်တွင် တာဝန်ထမ်းဆောင်ရင်း ကရင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာ တစ်ခုတွင် 79 လက်နက်ပစ်ခက်မှု ခံခဲ့ရသဖြင့် ဘယ်ဖက် လက်တစ်ဖက်မှာ ကျိုးကြေနေလေပြီ။ ကျဉ်ဆံအစများပင် ကျန်နေသေး‌ကြောင်း ဦးအောင်မြိုင်က ဆိုသည်။ မှောင်ခိုလမ်းအား လုံခြုံရေးပေးမည့် တာဝန်ကျဝန်ထမ်း ငါးဦးအား သူ့တပည့်နှစ်ဦးနှင်အတူ လိုက်ပို့ရာမှ 79 လက်နက်ကျကာ ယခုလို ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ကျဉ်ဆံမှာ ဦးခေါင်းတည့်တည့်သို့ ကျလာသော်လည်း ခေါင်းပေါ်ရှိ ချုံပင်များကြောင့်သာ ဦးအောင်မြိုင် အသက်မသေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူလိုက်ပို့သူ ငါးဦးလုံး သေနက်ထိမှန်ကာ ယင်းနေရာတွင်ပင် သေဆုံးခဲ့ရသည်။ ခေါင်းတစ်ခေါင်းလုံး သွေးများကြောင့် ပတ်ဝန်းကျင်အား မမြင်နိုင်တော့သည့် ဦးအောင်မြိုင်ကို ကျန်တပည့်နှစ်ဦးက ခေါ်ထုတ်သွားရသည်။

ထို့နောက် နောက်တန်းတပ်ရင်း ခလရ ၇၅ သို့ ပြန်ရောက်လာကာ  နှစ် နှစ်ထိ ဆေးကုသရသည်။ “ ပြည်မှာ လိုင်းစစ်သဘောမျိုးနဲ့ပြတယ်။ ထုတ်မပေးဘူး။ လက်ကဟာလည်း ကိုယ့်ကိုစွဲထုတ်ရတယ်။ ဒီမှာ တစကျန်ခဲ့သေးတယ်။ ဒီမှာခေါင်း သူဟာသူထွက်လာပြီးမှ စွဲထုတ်တာ။ အစတစ်စကျန်သေးတယ်။ သူက တစ်ခုပြီးမှ တစ်ခုလုပ်မှာ ” ဟု သူ့လက်နှင့် ဦး‌ခေါင်းကိုကိုင်ကာ ကျဉ်ဆန်စများ သူကိုယ်တိုင် ထုတ်ခဲ့ရမှုကို ပြောပြသည်။

လက်တစ်ဖက် မသန်စွမ်းဖြစ်သွားသဖြင့် နောက်တန်းတွင် ဟိုလုပ်ခိုင်း၊ ဒီလုပ်ခိုင်းမှုများအား ဦးအောင်မြိုင် မနှစ်သက်တော့။ သူက ရှေ့တန်းသာ လိုက်ချင်ခဲ့သည့် စစ်သားဟောင်းကြီးတစ်ဦးပေ။ ထို့ကြောင့် ဆေးဘုတ်ယူကာ ၁၉၈၆ ခုနှစ်တွင် တပ်က ထွက်ခဲ့သည်။ “Gunshot နဲ့နောက်တန်းမှာ နှစ်နှစ်လောက်နေခဲ့တယ်။ မနေချင်ဘူးတဲ့။  RP (တပ်ရဲ)လုပ်ရတယ်။ ကင်းစောင့်ရတယ်တဲ့။ ငါ့က ရှေ့တန်းသွားချင်တာတဲ့။ အဲ့တော့ ဆေးဘုတ်ယူပြီးတော့ ထွက်တော့မယ်တဲ့ ” ဟု ရှေ့တန်းမလိုက်ရ၍ ငြီးငွေ့လာသော စာသားဟောင်းကြီး၏ ခံစားချက်ကို သူ့ဇနီး ဒေါ်ခင်မြင့်က ပြောပြသည်။

တပ်မတော်ထဲတွင် ၁၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း သားသမီးလေးဦးလုံး သေဆုံးခဲ့ရသည်။ ဒုတိယသားမှာ အသက် ၂၀ တွင် ဆုံးသည်။ တတိယသမီးမှာ ရှစ် နှစ်တွင် ဆုံးသည်။ လေးယောက်မြောက် သမီးမှာ အသက် သုံး နှစ်တွင် ဆုံးသည်။ အငယ်ဆုံးသားလေးမှာ ခုနှစ် နှစ်တွင် ဆုံးခဲ့ရသည်။ “ နင်သေရမှာ နင်ကလူမိုက်ကြီး။ ငါ့သားလေးမှသေတယ်။ ငါ့လက်မောင်းတစ်ဖက် ပြုတ်တယ် ” ဒေါ်ခင်မြင့်က သားလက်သေဆုံးခဲ့ချိန်က သူ့ယောင်္ကျားအား ပြောသောစကားအား ပြန်ပြောပြသည်။

တပ်က ထွက်ပြီး လှည်းကူးမြို့နယ်၊ မင်းကုန်းအမှတ်(၂) ရှိ မိဘများဆီသို့ ပြန်လာကာ ယောက်ခမအိမ်တွင် နေထိုင်ခဲ့သည်။ ထိုအချိန်က ဝါးတောင်သစ်စခန်းတွင် ဝါးခုတ်၊ သစ်ခုတ်အလုပ်များ ပေါသဖြင့် ထိုနေရာသို့တက်ကာ ဈေးရောင်းရန် စီစဉ်သည်။ ယောက်ခမက သူ၏လက်တစ်ဖက်မကောင်းသဖြင့် သဘောမတူခဲ့ပါ။ ၁၉၉၀ ခုနှစ်လောက်မှသာ ယင်းစခန်းသို့ ဈေးရောင်းရန် လင်မယားနှစ်ယောက် ရောက်လာကြသည်။

“လှည်းနဲ့ မုန့်၊ ပဲ၊ သရေစာ၊ အရက်လာရောင်းတယ်။ နားတာပြုတာနဲ့ဆို ဒီကို ညနေမှ ရောက်တယ်။ မနက်ပိုင်းထွက်လာတော့ လမ်းမှာ တစ်ဝတ်နားတယ်။ ဒီကို ၄ နာရီ ၅ နာရီလောက် ရောက်တယ်။ ကျားခြေယာကို။ အခုတော့ ရေမြုပ်သွားပြီ ”ဟု မဟူရာဆည်ထဲတွင် လင်မယားနှစ်ယောက် ဈေးလာရောင်းချမှုကို ရှင်းပြသည်။ လက်ရှိ ဆည်ဖို့လိုက်သည့်အတွက် ထိုနေရာများမှာ ရေဖုံးလွှမ်းလျက် ရှိနေပါပြီ။ ဈေးရောင်းရသည်မှာလည်း သူတို့လင်မယားအတွက် ထူးမရှားလှ။“ မစုမိဘူး(ရယ်လျက်)ရောင်းလိုက် ဈေးပြန်ဝယ်လိုက်။ စားလိုက်ပေါ့။ မိုးကျစဆို လုပ်ငန်းဘာမှ မရှိဘူး။ ထိုင်စားဖြစ်တာပေါ့။ တစ်နွေလုံးရောင်းပြီးမှ လေး၊ ငါး သောင်း ရတယ်(၁၉၉၂ကငွေ)။ ငါက ငြိမ်ငြိမ်မှ မနေဘဲ။ အခုလိုမျိုး ” ဟု ဒေါ်ခင်မြင့်က ပြောပြသည်။

ထိုအချိန်က ဦးအောင်မြိုင်နှင့် ဒေါ်ခင်မြင့်တို့တွင် အကြီးဆုံး သမီးတစ်ယောက်သာ ရှိတော့သည်။ သမီးကြီးမှာလည်း အငယ်က တင်ပါးရှိ အနားများကြောင့် လမ်းမလျှောက်နိုင်သည်အထိ ဖြစ်ခဲ့ဖူးသည်။ ဝီးချဲဖြင့် ရှင်သန်ခဲ့ရပြီးနောက် မိတ္ထီလာဆေးရုံတွင် ကုသရာမှ လမ်းပြန်လျှောက်လာနိုင်လာသည်။ သို့သော်လည်း ယခင်လို ခြေထောက်မျိုးမဟုတ်တော့။ တစ်ဖက်နိမ့်၊ တစ်ဖက်မြင့်‌ခြေထောက်ဖြင့် လမ်းလျှောက်ရသောဘဝ ဖြစ်သွားရသည်။

ဝါးတောင်စခန်းအနီး မဟူရာဆည်၏ ကျားခြေယာနေရာတွင် စားသောက်ကုန်နှင့် အရက်ရောင်းကာ လင်မယားနှစ်ယောက် ဘဝကို ကြိုးကြိုးစားစား ကျော်ဖြတ်နေစဉ် ဦးအောင်မြိုင်အား ဆည်လူကြီးမှ ဆည်စောင့်အလုပ် ပေးခဲ့သည်။ ထို့နောက် ဆည်တည်ဆောက်ရေးတွင် ငါး နှစ်၊ ဆည်ထိန်းသိမ်းရေးတွင် လေးနှစ် လုပ်ကိုင်သည်။ ထို့အချိန်က ဦးအောင်မြိုင်တို့ မိသားစုသုံးဦး အဆင်ပြေသည်။ ရွှေတွဲလဲ၊ ငွေတွဲဖြင့် နေခဲ့ရသည်။ ထိုကာလက သိပ်မကြာပါ။ ဦးအောင်မြိုင်၏ သမီးအိမ်ထောင်ကျ၍ သူ့သားမက်အလုပ်အရင်းအနှီးအတွက် ငွေများမတည်ပေးခဲ့ရမှ တဖြည်းဖြည်း အဆင်မပြေဖြစ်ပြီး နောက်ဆုံး ဆင်ထားသမျှရွှေများ ကုန်ခဲ့သည်။ ထို့နောက် ဆည်အလုပ်မှနားကာ လံထင်း(ထင်းအားအလံဖြင့်တိုင်းကာရောင်းခြင်း)နှင့် မီးသွေးဖုတ်ရောင်းသည့်အလုပ်ကို ဆက်လုပ်သည်။ ထိုအလုပ်လုပ်ရန် အရင်းအနှီးအဖြစ် ပင်စင်စာအုပ်အား နှစ်သိန်းဖြင့် စပေါင်ရတော့သည်။ ထိုငွေဖြင့် အလုပ်လုပ်သည်။ ထိုအချိန်က ပင်စင်လစာမှာ တစ်လနှစ်သောင်းရသဖြင့် နှစ်သိန်းဖြင့် ပေါင်ခဲ့ရသည်။။ ပင်စင်လစာ တစ်သောင်းဆိုလျှင် တစ်သိန်းနှုန်းဖြင့် အပေါင်ခံရသည့်သဘော ဖြစ်သည်။ ထိုလုပ်ငန်းလည်း သစ်တောဌာန၏ ဖမ်းစီးခြင်းကြောင့် အရင်းပြုတ်သွားသည်။

“အဲ့တာ လုပ်လိုက်တာလည်း ဒီစာအုပ်ကြီး ပေါင်လိုက်တာပေါ့။ လံထင်းတွေလုပ်တယ်။ ဈေးရောင်းတယ်။ မီးသွေးလုပ်တယ်။ စာအုပ်ကြီးပေါင်းပြီးတော့။ ဈေးအရင်းအနှီး လုပ်လိုက်တာပေါ့။ လံထင်းကို သစ်တောက ဖမ်းသွားရော။ ကျန်တဲ့ ပိုက်ဆံလေးနဲ့ မီးသွေး အရောင်းအဝယ်လုပ်တယ်။ နှစ်သိန်းနဲ့ ပေါင်လိုက်တယ်။ မီးသွေးလုပ်တာ သူများတွေ ခိုးကုန်ရော”ဟု စစ်သားဟောင်းကြီးက ဆိုသည်။

ထိုကြောင့် အလုပ်အခက်အခဲကြောင့် လက်ရှိ ဝါးတောင်စခန်းအနီးသို့ ပြောင်းလာတော့သည်။ ထို့အတောအတွင်း ဆည်နားတွင် အလုပ်ပြန်ရသဖြင့် ပြန်လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါ။ ဦးအောင်မြိုင်မှာ ဤဝါးတောင်စခန်းနားရောက်ပြီး သိပ်မကြာခင် ဥတိုသီရိမင်္ဂလာပန်းခြံတွင် အလုပ်ရ‌ခဲ့သော်လည်း တစ်လမပြည်ခင်မှာဘဲ ပန်းဥယျာဉ် မီးလောင်ခဲ့သဖြင့် အလုပ်မရှိ ဖြစ်ခဲ့ရပြန်သည်။ အရက်နှင့် ဆေးလိတ်ကြိုက်တက်သော စစ်သားဟောင်းကြီး ဦးအောင်မြိုင်ဟာ ယခင်တည်းက သောက်ခဲ့သော ဆေးလိတ်နှင့် အရက်ဒဏ်များကြောင့် အဆုတ်ရောဂါစွဲကပ်နေရာ မောပန်းမှုဝေဒနာကို အချိန်အတော်ကြာ ခံစားလာရသည်။ ကျန်လက်တဖက်က အကောင်းအတိုင်း ရှိပေမယ့် အမောမခံနိုင်ခြင်းများကြောင့် အိမ်လုပ်ငန်းကို ဦးဆောင်မလုပ်နိုင်တော့။

“အမောလည်း မခံနိုင်ဘူး။ လုပ်လည်း မလုပ်နိုင်ဘူး။ လက်ကလည်း မသန်တော့။ မလုပ်နိုင်တော့ဘူးလေ။ ခုတ်တဲ့အခါကျတော့လည်း ဒီလက်က ဆွဲမှ မဆွဲနိုင်တာ”ဟု မောမောနှင့် ပြောနေသော စစ်သားဟောင်းကြီး ဦးအောင်မြိုင်က ဆိုသည်။ ထို့ကြောင့် ဇနီးဖြစ်သူ ဒေါ်ခင်မြင့်သာ ယောင်္ကျားလုပ်ရသည့်အလုပ်များ လုပ်နေရသည်။ ဝါးခုတ်၊ ဝဥတူး၊ အမိုးခုတ်အလုပ်များသာ လုပ်ခဲ့တော့သည်။ “သူများ ၁၀ စီးရရင် ငါ လေး စီး၊ ငါး စီးပဲ ရတာပေါ့ ” ဟု မိန်းမသာတန်မယ့် အားမမျှဘဲ လုပ်ခဲ့ရသည့်အပေါ် စစ်သားဟောင်းကြီးဇနီး ဒေါ်ခင်မြင့်က ရင်ဖွင့်ပြောပြသည်။ အမိုးရက်ပြီးရောင်းရန် ဆူးများပါသော လက်မည်းရွက်များအားခူး၍ သက်ကယ်ထိုးကာ အိမ်ရှေ့တွင် ပုံထားရသည်။ သစ်၊ ဝါးသယ်သော ကားများက ဝယ်သဖြင့် ရောင်းရသော်လည်း လက်ရှိအသက်အရွယ်ကြောင့် ယခင်လို ဒေါ်ခင်မြင့် မထိုးနိုင်တော့ပါဘူး။

လက်ရှိဝင်ငွေက လင်မယားနှစ်ယောက်စာ မလောက်ငှသဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့ကနေ နှစ်စဉ်ချေးကာ စားသောက်နေရသည်။ နှစ်သိန်း နှစ်ကြိမ်နှင့် ယခုလက်ရှိ သုံးသိန်းတစ်ကြိမ် ချေးထားသည်။ လေးကျပ်တိုး ဖြစ်သည်။ တစ်သိန်းယူလျှင် တစ်နှစ်ပြည့်လျှင် တစ်သိန်းလေးသောင်း ပြန်ဆပ်ရသည်။ စစ်မှုထမ်း ၁၂ နှစ်စာအတွက် ရခဲ့သော ပင်စင်မှာလည်း လံထင်းအရင်းအနှီးငွေအတွက် ပေါင်ထားခဲ့ရပြီးနောက် သုံး၊ လေး လအကြာတွင် ပြန်ရွေးနိုင်ခဲ့သော်လည်း စားသောက်ရေး အခက်အခဲများကြောင့် ပြန်ပေါင်ခဲ့ရကာ လက်ရှိ ၁၀ နှစ်ကျော်ကြာသိတိုင် ပြန်မရွေးနိုင်သေးပေ။ လက်ရှိ ပင်စင်လစာမှာ ငါးသောင်းအထိ တိုးလာသဖြင့် နောက်ထပ်တိုး သုံး သိန်းထပ်ယူခဲ့သည်။ထို့ကြောင့် စုစုပေါင်း ငါး သိန်းဖြင့် ပေါင်ထားရသည်။ “အခုတော့ ငါး သောင်းတိုးတော့။ အဆင်မပြေတော့ ထပ်ယူတော့ ငါးသိန်းဖြစ်သွားတယ်။ တစ်သောင်းကို တစ်သိန်းပေးတယ်လေ။ သူတို့တွေက အရင်းတွေဘာတွေရလို့ ကျေကြပ်ကုန်ပြီ။ ကိုယ်က ရွေးမှ မရွေးနိုင်တော့တာ” ဟု ဦးအောင်မြိုင်က ဆိုသည်။ စစ်သားဟောင်းကြီး မျက်ဝန်းတွင်း မျက်ရည်ကြည်လေးများ ဝဲနေသည်ကို သတိထားမိသည်။

ပင်စင်လာစာမှာ ၅၈,၀၀၀ ရသဖြင့် ၅၀,၀၀၀ က ပေါင်ထားသူကရကာ ပိုနေသော ၈,၀၀၀ အား လင်မယားနှစ်ယောက် စားနေရသည်။ ပင်စင်ထုတ်မည့်အချိန်ဆို သူ့ဆီတွင်လက်မှတ်လာထိုးသည်ဟု ဆိုသည်။ သမီးဖြစ်သူမှာလည်း အငယ်က တင်ပါးအနာအရှိန်များကြောင့် မသန်စွမ်းတစ်ဦးကဲ့သို့ ဖြစ်နေသဖြင့် အလုပ်ကောင်းကောင်းမလုပ်နိုင်ပေ။ “ သမီးကအိမ်ထောင်ပျက်။ ကလေးက မွေးမွေးချင်းသေသွားတာ ” ဟု သူ့သမီးနှင့် ပတ်သက်ပြီး ဦးအောင်မြိုင်က ရှင်းပြသည်။

သူများနှင့် အသားလိုက်ရောင်းသော အသက် ၄၀ အရွယ် ဦးအောင်မြိုင် သမီးကြီးမှာ တစ်ရက် ၂၀၀၀ ဝင်‌ငွေဖြစ်သာ သူ့တစ်ကိုယ်စာ စားသောက်နေရသည်။ မိဘအား ပြန်မကြည့်နိုင်ပေ။ အခုတော့ မိဘနှင့်မနေဘဲ မင်းကုန်းအမှတ်(၂) ရပ်ကွက်တွင် ‌တစ်ဦးတည်း နေထိုင်လျက်ရှိသည်။ ဒေါ်ခင်မြင့်မှာ ဝါးတောထဲနေထိုင်းရင်း ပျင်းလာလျှင် သူ့သမီးရှိသော မင်းကုန်အမှတ်(၂) ရပ်ကွက်သို့ သွားလည်သည်။ တစ်လနှစ်လလျှင် တစ်ကြိမ်ခန့် သွားလည်တက်သည်။ ထို့သို့လည်ပြီး တပတ်ခန့်နေသည်။ “ ဒီမှာ အ‌ခြေချလိုက်ပြီး မပြန်တော့ဘူး။ ပြန်မယ်ဆိုလည်း အလုပ်မရှိတော့ ဘယ်လိုလုပ်မလဲ ” ဟု ဦးအောင်မြိုင်က ငြီးငြူပြောပြသည်။

ဒီလင်မယားနှစ်ယောက်က ခြံစိုက်ပြန်တော့လည်း မဖြစ်ဟု ဆိုသည်။ ဖြစ်ပြန်တော့လည်း ရောင်းမစားရဘဲ လာတောင်းသူများအား လှူလိုက်၊ ပေးလိုက်ဖြင့် ကုန်သွားရသည်။ လင်မယားနှစ်ယောက်လုံးက ပေးကမ်းမှု မနည်းကြပေ။“ အရင်တုန်းက နတ်ရေတွင်းမှာ ဘုန်းကြီးတွေရှိတယ်။ ဒကာမကြီး ကျောင်းသား‌တွေ၊ ကိုရင်လေးတွေများလို့ဆိုပြီး ဗရုံသီးတွေ၊ ကျောက်ဗရုံသီးတွေ ပေးတယ်။ အရှင်ဘုရားတပည့်တော်တော့ များများစားစား မပို့နိုင်ဘူး။ ကိုရင်တွေနဲ့လာသယ်။ အကြိုက်ခူး ယူသွား ” ဟု ပေးကမ်းခဲ့ပုံကို ဒေါ်ခင်မြင့်က ပြောပြသည်။

လက်ရှိ ဝင်ငွေ မရှိသဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့ဆီက ချေးယူထားသော ငွေသုံးသိန်းအား ဘယ်လိုပြန်ဆပ်ရမည်ကို ခေါင်းခဲနေသည်။ တစ်လပိုင်းဆိုလျှင် ပေးရတော့မည်။ ယခင်က ဝတ်မွေးခဲ့၍ ချေးထားသောငွေ နှစ်သိန်းအား နှစ်ကြိမ်စလုံး ပြန်ဆပ်နိုင်ခဲ့သည်။ ပင်စင်က ရနေသော အစွန်းထွက် ၈၀၀၀ အားစုကာ စစ်မှုထမ်းဟောင်းကအတိုးနှင့် အရင်းအား ပြန်ဆပ်ကာ ပြန်ချေးရမည်ဟု ဆိုသည်။ “ မဆပ်နိုင်ရင် ရဲဘော်ဟောင်းက တရားစွဲမှာပေါ့ ” ဟု လင်မယားနှစ်ယောက်လုံးက အတူတူရှင်းပြသည်။

ဦးအောင်မြိုင်တို့ လင်မယားနှစ်ယောက်အတွက် နိုင်ငံတော်ကပေးသော ကိုဗစ်ထောက်ပံ့ငွေမှာ ကြားတောင်မကြားဖူးဟု ဆိုသည်။ စစ်မှုထမ်းဟောင်းအဖွဲ့ကပေးသော ဆန်၊ ဆီ၊ ဆားကြမ်းအနည်းငယ်နှင့် သံဃာတော်များမှ ထောက်ပံ့သော ဆန်၊ ဆီ၊ လက်ဖက်ထုတ်၊ ဆပ်ပြာ၊ ကော်ဖီထုတ်များသာ ရရှိဖူးကြောင်း ရှင်းပြသည်။ “ ပင်စင်နဲ့မလို့တဲ့ ရဲဘော်ဟောင်းမလို့ မရပြန်ဘူး ”ဟု ဒေါ်ခင်မြင့်က ဆိုသည်။

စစ်သားဟောင်းကြီး ဦးအောင်မြိုင်တို့ လင်မယားနှစ်ယောက်မှာ ဝါးတောင်းစခန်းနှင့် ကျောက်စောင်းအိုင်ရှိ နေအိမ်အချို့အား ကူညီပေးရင်း ပေးကမ်းသော စားစရာလေးများဖြင့် ခက်ခဲစွာ ရပ်တည်နေရသည်။ “ သွားလုပ်ပေးရင်တော့ ဆန်လေးပေးလိုက်၊ ဆီလေးပေးလိုက် အဲ့လိုတော့ စားရပါတယ် ” ဟု ဆိုသည်။ စစ်သားဟောင်းကြီးမှာ တစ်ခါတရံ အနီးအနားရှိ မဟူရာဆည်တွင် ငါးရှာစားသလို ဝါးတောတွင်လည်း ဂိုင်းထောင်ပြီး တောကောင်များရှာကာ လင်မယာနှစ်ယောက်ဝမ်းရေအား ဖြည့်နေရသည်။ လူသူတိတ်ဆိတ်နေသော ဝါးတောင်ပတ်ပတ်လည်းတွင် နေရသည်က နားအေးလှကြောင်း စစ်သားဟောင်းကြီး ဦးအောင်မြိုင်က ဆိုသည်။ အနီးရှိ  ဝါးတောင်တောကကျောင်းလေးက ဦးအောင်မြိုင်တို့ လင်မယားနှစ်ဦးအတွက် အေးချမ်းရာနေရာလေး ဖြစ်လာရသည်။

စစ်သားဟောင်းကြီးက ပေါင်ထားရသော ပင်စင်စာအုပ်နှင့် ပတ်သက်ပြီး ယခုလို ပြောပြသည်။ “ ပြေလည်ရင်တော့ ရွေးချင်တာပေါ့။ ပင်စင်လေးရှိတယ်ဆိုရင် ဒီမိသားစုသုံးယောက် အကြွေးမရှိတော့ဘူးပေါ့။ သိပ်အခက်အခဲဖြစ်ရင် တစ်လတစ်ကြိမ် သွားထုတ်အုံး။ ဒါလေးနဲ့ မှေးစား။ နောက်ဆုံး သူ့ဟာသူ အဆင်ပြေသွားရင်တော့ သုံးလတစ်ကြိမ်သွားထုတ် ပိုအဆင်ပြေတာပေါ့လေ ” ဟု လေသံတိုးတိုးလေးဖြင့် ပြောသည်။ ပင်စင်စာအုပ် ပြန်ရ၊ မရက ဦးအောင်မြိုင်အတွက် မသေချာသော အိမ်မက်တစ်ခုပင် မဟုတ်ပါလား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required