ဦးထိုက်ဇော်ကိစ္စ အလကားနေရင်း ကျွန်တော်တို့ပါတီ မျက်စောင်းထိုးခံရတယ်

ဦးထိုက်ဇော်ကိစ္စ အလကားနေရင်း ကျွန်တော်တို့ပါတီ မျက်စောင်းထိုးခံရတယ်
ပုံ- SNLD ပါတီဒုဥက္ကဋ္ဌ(၁) စိုင်းညွန့်လွင် (ပုံ-စိုင်းညွန့်လွင်-fb)

နိုဝင်ဘာ ၂၃ ရက်၊ ရန်ကုန်

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပ ပြီးစီးသွားခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်၌ ဖြစ်တည်လာမည့် အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းခွင့်ရရှိမည်ဖြစ်သည်။

သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာလည်း မဖြစ်နိုင်သေးသလို လက်ရှိ မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးနှင့် စီးပွားရေး ကျဆင်းမှုကိုလည်း အစိုးရသစ်အနေဖြင့် ရင်ဆိုင် ဖြေရှင်း ရအုံးမည်ဖြစ်သည်။

အလားတူ မြန်မာနိုင်ငံသည် ပြည်တွင်းစစ် ဖြစ်ပွားလာနေသည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီး ဖြစ်သော်လည်း ယနေ့ချိန်ထိ မဖြေရှင်းနိုင်သေးပေ။  အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြားမှာ မြန်မာ နိုင်ငံသားများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံနေကြရသလို လုပ်ကြံသတ်ဖြတ်မှုများလည်း ခံနေရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း (အနိုင်ရရှိထားသူ) ဦးထိုက်ဇော်ကို အမည်မသိ သေနတ်သမားက လာရောက် လုပ်ကြံသတ်ဖြတ် သွားခဲ့သည်။

ကျောက်မဲဒေသတွင် NLD ပါတီ အနိုင်ရရှိမှုမှာ နှစ်ပေါင်း ၃၀ အကြာ ပထမဆုံး ဖြစ်ပြီး ဒုတိယ မဲအများဆုံးရရှိ သူမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကိုယ်စားလှယ်ဖြစ်နေသည့်အတွက် ဦးထိုက်ဇော် သေ ဆုံးမှုနှင့်ပတ်သက်ပြီး SNLD ကို ထင်ယောင်ထင်မှား ဖြစ်အောင် ရေးသားပြောဆိုနေခြင်းများ ရှိလာနေသည်။

ထို့ကြောင့် အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး SNLD ပါတီမှ ဒုဥက္ကဋ္ဌ (၁) စိုင်းညွန့်လွင်ကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။          ။ မင်္ဂလာပါ အန်ကယ်စိုင်း အခုလို ဆက်သွယ် အင်တာဗျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပထမဆုံးကတော့ ရွေးကောက်ပွဲ အလွန်ကာလမှာ ဘာတွေဖြစ်လာနိုင်သလဲ၊ အန်ကယ်စိုင်းညွန့်လွင် ဘယ်လို သုံးသပ်မိပါလဲ။

ဖြေ ။          ။ ရွေးကောက်ပွဲ အလွန်ကာလမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ပြောရရင် အများဆုံး အရွေးချယ်ခံရသူအဖို့ အောင်မြင်မှုကြီးတစ်ခု ဖြစ်သွားတာပေါ့။ ဒီလိုပါပဲ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ရာခိုင်နှုန်းအလိုက် များရင်များသလို အနာဂတ် တိုင်းပြည်အတွက် “တာဝန်” တွေကို  ယူကြရတော့မှာလည်း ဖြစ်ပါတယ်။  ရွေးကောက်ပွဲနိုင်တာကို “ရာထူး” တွေ အများကြီးရပြီလို့ ထင်လိုက်ရင် မှားသှားမှာပါ။  တကယ်တမ်းမှာတော့ အနိုင်ရလေ ၊ တာဝန်ပိုပြီး ယူရလေဆိုတာမျိုးကသာ အစစ်အမှန် အတွေးအခေါ် ဖြစ်ပါတယ်။  ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်တွေက “ရာထူး” ဆိုတဲ့ အနေနဲ့ပဲ မြင်ကြပြီး “တာဝန်” ဆိုတဲ့ တကယ့် အနှစ်သာရနဲ့ ကျင့်ဝတ်ကို မမြင်ရင်တော့ တိုင်းပြည်က နစ်နာသွားနိုင်ပါတယ်။

နောင်လာမဲ့ အစိုးရသစ်အနေနဲ့  ကြီးမားတဲ့ စိန်ခေါ်မှုကြီးတွေ အများအပြားကို ရင်ဆိုင်ရဖို့ ရှိနေတယ်ဆိုတာ နိုင်ငံရေး နားလည်သူတွေအားလုံးလိုလိုက သိနေကြပါတယ်။  အနိုင်ရပါတီ အနေနဲ့ အမြော်အမြင်ကြီးဖို့ လိုပါတယ်။  စိတ်ကောင်း စေတနာကောင်း ရှိနေဖို့လိုပါတယ်။  သတိတမံ ဉာဏ်ကိုမြေကတုတ် ရှိဖို့လိုပါတယ်။  အနိုင်ရပါတီက အစိုးရဖွဲ့နိုင်တဲ့ အခြေအနေမို့  တချို့တချို့သော ပါတီတွေ ၊ လူပုဂ္ဂိုလ်တွေက “အာဏာ” အတွက် ချည်းကပ်တာတွေ ၊ အလိုလိုက် အကြိုက်ဆောင်တာတွေ လုပ်လာပါလိမ့်မယ်။ 

မြှောက်ပင့်ပေးတာတွေကို လုပ်လာကြပါလိမ့်မယ်။  ဒီလို အချိန်မျိုးဟာ ရန်သူကို မိတ်ဆွေထင် တတ်ရုံမကဘဲ  မိတ်ဆွေကို ရန်သူလို့တောင် ထင်မြင်တတ်တဲ့ကာလ ဖြစ်ပါတယ်။   ဒီနေ့ မြန်မာ နိုင်ငံအတွက် လက်တွေ့ လိုအပ်ချက်ကတော့ တိုင်းပြည်တာဝန်တွေကို ကိုယ်ကျိုးမကြည့်ဘဲ အားတိုက်ခွန်တိုက် စိတ်ရောကိုယ်ပါ လုပ်ကိုင်နိုင်တဲ့ တကယ့်လူတော်လူကောင်းတွေကို ရွေးချယ်တာဝန်ပေးနိုင်ဖို့ဘဲ ဖြစ်ပါတယ်။ 

မေး ။          ။ အခု NLD က သောင်ပြိုကမ်းပြို နိုင်သွားခဲ့တယ်၊ အစိုးရသစ်ကို သူပဲ ဦးဆောင် ဖွဲ့စည်းမယ် ဆိုတော့ လာမယ့် ပြည်ထောင်စု လွှတ်တော် အခင်းအကျင်းက ဘယ်လိုဖြစ်လာနိုင်သလဲ။

ဖြေ ။          ။ အခုရွေးကောက်ပွဲကတော့ သောင်ပြိုမိုးပြို တစ်ဖွဲ့ထဲကို အနိုင်ပေးခဲ့တဲ့ အနေအထားပါ။ တနည်းဖြင့် ပြောရရင် ချိန်ခွင်လျှာ ဇောက်ထိုးဖြစ်သွားတဲ့ အနေအထားပါ။  အခုလာမဲ့ ပြည်ထောင်စု လွှတ်တော်ကို ဆန်းစစ်ကြည့်လိုက်ရင် ပါတီတစ်ခုက ၅၉.၇% (၆ဝ%) နိုင်တယ်။ နောက်ပြီးတော့ တပ်မတော်က ၂၅% ရှိတယ်။ ကျန်တာက ၁၅%  (နီးပါး) ပေါ့ ။ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြင်ဆင် / ဖြည့်စွက် / ပြု ပြင်ချင်တယ်ဆိုရင် ထောက်ခံတဲ့သူ ၂ဝ% လိုတော့ ကျန်လူတွေအတွက်  ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ဘာမှ လုပ်လို့ကိုင်လို့ မရတော့ပါဘူး။   တပ်မတော်နဲ့  ဒီ/ချုပ် နှစ်ဖွဲ့ထဲမှာဘဲ အခွင့်အရေးရှိပါတော့တယ်။

ပြည်ထောင်စု လွှတ်တော်ကို ခြုံပြီးပြောရရင်  ကျွန်တော်တို့ မျှော်လင့် ထားသလို ၊ ၈၈ တုန်းက တောင်းဆို ခဲ့ကြသလိုမျိုး ပါတီစုံ မဖြစ်သေးပါဘူး။  သောင်ပြိုမိုးပြို အနိုင်ရထားတဲ့ပါတီရဲ့ ခေါင်းဆောင်နဲ့ တပ်မတော်ရဲ့ ခေါင်းဆောင် နှစ်ဦးထဲရဲ့  သြဇာက ပိုပြီးအဓိက ကျနေပါတယ်။ ဒါဆိုရင်  ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံ ရေးရဲ့  အခြေအနေကို ဆန်းစစ် ကြည့်လို့ ရနိုင်ပြီလို့ ထင်မိပါတယ်။

တချို့ကတော့ ကျွန်တော်ပြောတဲ့ ၊ ရေးတဲ့အထဲမှာ NLD  အပေါ် မုန်းတီးတဲ့ သဘောထားတွေ ပါတယ်ဆိုပြီး ပြောကြတာ တွေ့ရပါတယ်။  အထူးသဖြင့် နာမည်ဝှက်တွေနဲ့ ရေးသူတွေက ပြောတာမို့  ကျွန်တော် စိတ်မဝင် စားပါဘူး။  ဒါပေမဲ့ ကျွန်တော့် ဝေဖန်သုံးသပ် တိုက်တွန်းမှုတွေနဲ့ ပတ်သက်ပြီးတော့ ပြောချင်ပါတယ်။

ပြောရရင် ကျွန်တော့်အနေနဲ့  မဝေဖန်ဘဲ လွှတ်ထားလိုက်လို့လဲ ကျွန်တော့်အတွက် ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ လဲ  နိုင်ငံကို တာဝန်ယူနေတဲ့ ပါတီကို ကိုယ့်မိတ်ဆွေအဖြစ် သဘောထားတဲ့ လူတစ်ယောက်အနေနဲ့  လွဲချော် နေတာတွေ ၊ မှားယွင်း နေတာတွေကိုတော့  ပြောပြဖို့ “တာဝန်” ရှိတယ် လို့ မြင်မိလို့ ပြောနေ ၊ ရေးနေရတာ ဖြစ်ပါတယ်။ 

NLD အနေနဲ့  ကိုယ့်ကို ထောက်ခံသလိုလိုနဲ့ မြှောက်ပင့်ပေးနေတဲ့ လူတွေကိုပဲ အလေးထားပြီး မှားနေတာကို မှန်အောင် ပြောပေးနေတဲ့ မိတ်ဆွေတွေကိုတော့ မိတ်ဆွေမပီသသူလို့ ထင်နေမယ်ဆိုရင်တော့  အရမ်းကို မှားယွင်းတော့မယ်ဆိုတာ စဉ်းစားတတ်သူတိုင်း သိနိုင်ပါတယ်။   အပြစ်တော့ မတင်ချင်ပါဘူး ။ ဒါတွေက “အာဏာ” ဆိုတဲ့ အပေါ်မှာ ယစ်မူးလာတဲ့ အချိန်မျိုးမှာ ဖြစ်တတ်တဲ့ သဘာဝ ရှိပါတယ်။

မေး ။          ။ အခု ကျောက်မဲမြို့နယ်က NLD ပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်တဲ့ ဦးထိုက်ဇော် အသတ် ခံရတယ်၊ အဲဒီမှာ တချို့ကလည်း SNLD ကို ထင်ယောင်ထင်မှားတွေ ဖြစ်အောင်လို့ ပုံဖော်ရေးပြနေတာတွေ၊ ပြောနေတာတွေ ကြားနေရတယ်၊ ဒါနဲ့ ပတ်သက်ပြီး အန်ကယ်စိုင်းညွန့်လွင် ဘာပြောချင်တာရှိလဲ။

ဖြေ ။         ။  ဦးထိုက်ဇော် ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင်တော့  အလကားနေရင်းထိုင်ရင်း ကျွန်တော်တို့ ပါတီက “မျက်စောင်းထိုး” ခံရတာပါ။  မဲရလဒ် (၅၄) မဲကို ပြောပြီးတော့ ကျွန်တော်တို့ကဘဲ မကျေနပ် သလိုလို မျိုး ပြောကြတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဖြစ်ပုံ အစီအစဉ်ကို ပြန်ကြည့်လိုက်ရအောင်ပါ။ 

ရွေးကောက်ပွဲပြီးတဲ့ နောက်မှာ ခရိုင်ကော်မရှင်ဥက္ကဋ္ဌအိမ်ကို သေနတ်ပစ်ခံရတယ်။ နိုဝင်ဘာ၂၀ ရက်မှာ ကျွန်တော်တို့  ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း စိုင်းပြည့်ဖြိုးကျော်ကို လားရှိုးမှာ လူခြောက်ယောက် က ကားရပ်ခိုင်းပြီး ဝိုင်းရိုက်တာ ခံရတယ်။ ရဲကိုတိုင်ထားတယ်။ နိုဝင်ဘာ  ၂၁ ရက်နေ့ ညနေမှာ ဦးထိုက်ဇော် သေနတ်ပစ် ခံရတယ်။  လားရှိုးမှာ အရိုက်ခံရတယ် ၊ နောက်နေ့ည ကျောက်မဲမှာ အပစ်ခံရတယ်ပေါ့ဗျာ။  သာမန်အားဖြင့်ဆိုရင် အဲ့လို ဆက်စပ်တွေးလိုက်ရင် လုပ်ကြံသူတွေရဲ့ အကွက်ထဲ ဝင်သွားမှာပေါ့ဗျ။

 အဲ့ဒီနေ့ မနက်ပိုင်းမှာဘဲ ကျွန်တော်တို့  SNLD  ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့  ရှမ်းပြည်မြောက်ပိုင်း ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ပါတယ်။  ဘာကြောင့်နိုင်လဲ ၊ ဘာကြောင့်ရှုံးလဲ ဆိုတာကို ပြန်လည်သုံးသပ်ကြတာပေါ့။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၁) နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။  စိုင်းမြထွန်းက သူ့ဆောင်ရွက်ချက်တွေကို ရှင်းလင်းပြပါတယ်။  ကန့်ကွက်နိုင်ဖို့ အခြေအနေ ရှိ−မရှိ သုံးသပ်ကြ ပါတယ်။  နောက်ဆုံး အဖြေကတော့ ကန့်ကွက်ဖို့လဲ မဖြစ်နိုင်တော့လို့ လက်ရှိအတိုင်း ရှုံးနိမ့်မှု အခြေအနေကို ကောင်းကောင်းမွန်မွန် လက်ခံ လိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ကန့်ကွက်မှု မလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ သိက္ခာရှိရှိ လက်ခံဖို့ သဘောထားပေးခဲ့ကြတာပါ။ ဒါက လူအများကို ထုတ်ပြောစရာမလိုလို့ ထုတ်မပြောခဲ့ ရသေးတဲ့ ကိစ္စပါ။ တကယ်တော့ နောင်ချို ၊ ကျောက်မဲ ၊ သီပေါ ၊ နမ္မတူ မြို့နယ်တွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆောင်ရွက် ကြတဲ့ အခါမှာ ပြိုင်ဆိုင်မှုတွေ ၊ ပွတ်တိုက်မှုတွေ ၊ ခိုက်ရန်ဖြစ်ပွါးမှုတွေ ၊ အငြင်းပွါးမှုတွေ ထူးထူးခြားခြား မရှိခဲ့ကြ ပါဘူး။ ဒါကိုကဘဲ ထူးခြားတယ်လို့ ပြောနိုင်ပါတယ်။  တစ်ဖက်နဲ့ တစ်ဖက် ရန်ဘက်ဖြစ်လောက်အောင် ပြဿနာ လုံးဝ မရှိခဲ့ကြပါဘူး။ ဒါကြောင့် အနိုင်ရရှိသူ တစ်ဦးဦးကို  သတ်ဖြတ်ရလောက်အောင် ရန်ညှိုးရန်စ မရှိခဲ့တာကိုတော့ ဝေဖန် သုံးသပ်သူတွေ အနေနဲ့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ပြောချင်ပါတယ်။  ကျွန်တော် တို့ အနေနဲ့လဲ အဲ့လောက်အထိ “အ” တဲ့လူတွေ မဟုတ်ကြပါဘူးဗျာ။  

နိုင်ငံရေးနဲ့ ပတ်သက်ပြီး လုပ်ကြံကြတာကတော့ မြန်မာနိုင်ငံမှာ အလေ့အထလို ဖြစ်လာတာကတော့ မကောင်း ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးတင်ထွဋ် ၊ ဦးကိုနီ ၊ ဖဒိုမန်းရှာ စတဲ့ ခေါင်းဆောင်တွေဟာ ပစ်ခတ်ခံခဲ့ကြရတာ ပါ။ ဒီထက်မက ခေါင်းဆောင်တွေလဲ အများကြီး ရှိပါသေးတယ်။ အဲ့ဒီ ကျောက်မဲမှာတင် ကျွန်တော်တို့ SNLD ပါတီဝင်တွေ အနည်းဆုံး “ငါးဦး”လောက်ဟာ ပစ်သတ်ခံခဲ့ရပါတယ်။  အဲ့ဒီတုန်းက ဘယ်သူမှ သတိထား မိကြတာ မရှိခဲ့ကြပါဘူး။ ဘာမှလဲ ဝင်ပြောပေးခဲ့ကြတာ မရှိခဲ့ကြပါဘူး။  လက်နက်နဲ့ အကြမ်းဖက်တဲ့ ဒီအလေ့အထကိုတော့ နိုင်ငံရေး ရင့်ကျက်မှုတွေနဲ့ ကျော်လွှားလိုက်ကြဖို့ လိုအပ်တယ်လို့ ကျွန်တော်တော့ ထင်မြင်မိပါတယ်။

မေး ။           ။ အန်ကယ်စိုင်းညွန့်လွင်၊ ကျွန်တော်နောက်တစ်ခု သိချင်တာ ဗမာမဟုတ်သော လူမျိုးစု တိုင်းရင်းသားပါတီတွေကို NLD ပါတီက ဖိတ်ခေါ်တဲ့စာ ထွက်လာတယ်။ ဒီအပေါ်မှာ အန်ကယ်စိုင်းညွန့်လွင်ရဲ့ အမြင်က ဘယ်လိုရှိပါလဲ။

ဖြေ ။           ။ တိုင်းရင်းသားပါတီတွေကို NLD က ဖိတ်ခေါ်လိုက်တယ်ဆိုတဲ့ စာနဲ့ ပတ်သက်လို့ ပြောရရင် တော့ ကျွန်တော့် အနေနဲ့ကတော့ ထူးခြားဖြစ်စဉ်လို့ မမြင်ပါဘူး။  အနိုင်ရပါတီရဲ့  တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ သဘောထားကို အသိပေး အကြောင်းကြားတဲ့ စာလို့ဘဲ မြင်မိပါတယ်။ 

ဒီလို သဘောထားတွေက နဂိုကတည်းကလည်း ပြောနေကြပါပဲ။  အရင့်အရင် ကာလတွေတုန်းကလည်း တိုင်းရင်းသားပါတီတွေနဲ့ ပတ်သက်တဲ့ ဒီ/ချုပ်ရဲ့  ကြိုးပမ်းချက်တွေလဲ ရှိခဲ့ဖူးတာပါပဲ။  ဖြတ်သန်းခဲ့ဖူးသူတွေဆို ရင် မှတ်မိကြပါလိမ့်မယ်။  တကယ်လို့သာ အခုပြောသလို အဲ့သလို ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေး မဟုတ်ဘဲ တစ်ခြားလမ်းကြောင်း တစ်ခုခုကို ပြောင်းလဲ ဖော်ပြခဲ့ရင်သာ ထူးခြားဖြစ်စဉ် ဖြစ်မှာပါ။  အတော်များများက အဲ့ဒီစာကို အစိုးရဖွဲ့စည်းရေးနဲ့  ဆက်စပ်ပြီး တွေးတောခဲ့ကြလို့  ထူးခြားတယ်လို့ မြင်နေ ကြတာ ဖြစ်ပါတယ်။ 

တကယ်တော့ အနိုင်ရ ပါတီအနေနဲ့ သူ့သဘောထား မပြောင်းဘူးလို့  အကြောင်းကြား လိုက်တာပဲ ဖြစ်တယ်လို့ မြင်မိပါတယ်။   ရွေးကောက်ပွဲ မတိုင်မီက သတင်းကြီးခဲ့တဲ့  “အမျိုးသား ညီညွတ်ရေး အစိုးရ” ဆိုတဲ့ ကိစ္စ အတွက်ဆိုရင် အခုပို့လိုက်တဲ့ စာလောက်နဲ့  လုံလောက်မှု မရှိပါဘူး။  ဒီ့ထက်မကတဲ့ သိသာထင်ရှားတဲ့  လုပ်ဆောင်ချက်တွေနဲ့ လုပ်ဆောင်ပြီး ဖော်ပြဖို့ လိုအပ်ပါတယ်။   နိုင်ငံရေးအရ အရမ်းကို အရေးကြီးတဲ့ကိစ္စမို့  အခုလို မှတ်ချက်ပေးရတာပါဗျာ။ 

မေး ။           ။ နောက်ဆုံး မေးချင်ပါတယ်၊ အန်ကယ်စိုင်းညွန့်လွင်တို့ SNLD ပါတီက စုပေါင်းခေါင်းဆောင်မှုကို ဖော်ဆောင်ဖို့ တိုက်တွန်းထားတယ်။ အခု အမျိုးသားညီညွတ်ရေးအစိုးရကို ဖော်ဆောင်ဖို့ နိုင်ငံရေး အင်အားစု တွေက ပြောနေကြပြန်တယ်၊ NLD ကလည်း ဒီအခင်းအကျင်းက ပုံဖော်မယ့် ပုံစံမျိုးလုပ်နေတာတွေတော့ ရှိတယ် တကယ်လုပ်မလုပ်တော့ မသိရသေးဘူးပေါ့နော်။ ဆိုတော့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ အပေါ်ကို SNLD ပါတီရဲ့ သဘောထားက ဘယ်လို ရှိပါလဲ၊ 

ဖြေ ။        ။ကျွန်တော်တို့က စုပေါင်းခေါင်းဆောင်မှုကို ကြိုးပမ်းဖို့ အချိန်ရောက်ပြီလို့  လွန်ခဲ့တဲ့ နှစ်တွေမှာ ပြောခဲ့ပါတယ်။  ပြန်ဆန်းစစ်ကြည့်လိုက်ရင်  ၁၉၆၂ − အာဏာသိမ်းပြီးကတည်းကနေ အခုထိ တိုင်းပြည်ကို လူပုဂ္ဂိုလ် တစ်ဦးထဲက ထိန်းချုပ် ခေါင်းဆောင်လာတယ်ဆိုရင် တချို့က ကြိုက်ချင်မှ ကြိုက်ကြမယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အဲ့အတိုင်းဘဲ ဖြစ်နေတယ်လို့ ကျနော်တို့က ယူဆထားပါတယ်။  

တိုင်းပြည်ဘက်ကို ပြန်ပြီး ငဲ့ကြည့်လိုက်တော့ အောင်မြင်သလားဆိုတော့ အောင်မြင်မှု မရပါဘူး။  အောင်မြင်မှု မရတဲ့ အခြေအနေကို ကျွန်တော်တို့က ဆက်လိုက်နေမဲ့အစား တစ်ခြားတစ်ခုကို ပြောင်းလဲသင့်တယ်လို့  မြင်မိလို့  စုပေါင်းခေါင်းဆောင်မှုကို ပြောလာ ကြတာပါ။

အစိုးရဖက်က နိုဝင်ဘာလ (၄) ရက်နေ့မှာ ပြောတဲ့  “ အမျိုးသား ညီညွတ်ရေး အစိုးရ “ ဆိုတာ ကတော့ ကျွန်တော်တို့ပြောခဲ့တဲ့ စုပေါင်းခေါင်းဆောင်မှုဆိုတာထက်  ပိုပြီးကျယ်ပြန့်တယ်လို့ မြင်မိပါတယ်။  အမျိုးသား ညီညွတ်ရေးဆိုတာ  ကောင်းချီးပေးရမဲ့ လက္ခဏာအကြီးကြီး တစ်ခုပါ။  
သူက အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းတွေကိုပါ တစ်ပါတည်း သယ်ဆောင်သွားဖို့အထိ စဉ်းစားချက်ရှိ တယ်လို့ မြင်မိပါတယ်။ ပြီးတော့ ကိုယ်ရထားတဲ့ အခွင့်အရေးထဲကနေ နိုင်ငံ့အကျိုးအတွက် တခြားအဖွဲ့တွေကို ခွဲဝေပေးမဲ့ စေတနာမို့ ကျွန်တော်ကတော့ အကောင်းမြင်မိပါတယ်။  ဖြစ်ခဲ့မယ်ဆိုရင်တော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမဲ့ ကိစ္စဖြစ်ပါတယ်။   ဒါပေမဲ့  အခုလို အစိုးရဖွဲ့ဖို့ရက်က သိပ်မကျန်တော့ လောလော လောလော လုပ်ရင်း အမှားအယွင်းတွေ ဖြစ်မှာကိုတော့ စိတ်ပူမိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly