သမ္မတဦးသိန်းစိန် အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ အရေးကြီးဟု ကချင်ဒီမိုကရက်တစ်ပါတီပြော

သမ္မတဦးသိန်းစိန် အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ အရေးကြီးဟု ကချင်ဒီမိုကရက်တစ်ပါတီပြော

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ။         ။သမ္မတဦးသိန်းစိန်အစိုးရ အနေဖြင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတည်ဆောက်ရန် အလွန်အရေးကြီးသည်ဟု ကချင်ဒီမိုကရေစီပါတီက သုံးသပ်ကြောင်း နိုဝင်ဘာ ၁၈ရက်က ထုတ်ပြန်လိုက်သည်။

ကချင်ဒီမိုကရေစီပါတီ၏ နိုဝင်ဘာလ ၁၆ရက် နှင့် ၁၇ရက်တွင် မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ပါတီ၏ ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးအပြီး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အစည်းအဝေးတွင် မြန်မာ့နိုင်ငံရေး အခြေအနေကို သုံးသပ်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ရှေ့ပြေးအဖြစ် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေး ရန်သမ္မတဦးသိန်းစိန် အစိုးရကို တောင်းဆိုထားသည်။

ယင်းအပြင် ရှမ်းပြည်နယ်နှင့် ကချင်ဒေသများတွင် တပ်မတော်မှထိုးစစ်ဆင်တိုက်ခိုက်မှုများကို ချက်ခြင်း ရပ်တန့်ပေးပြီး မူလအခြေစိုက် မိခင်တပ်ရင်း၊ တပ်မသို့ ပြန်လည်ဆုတ်ခွာပေးရန် နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလျင်အမြန် တည်ဆောက်ရမှသာလျင် ရေရှည်တည်တံ့ခိုင်မြဲပြီး စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ယင်းအစည်းအဝေးတွင် မြို့နယ်အသီးသီးမှ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲတွင် ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှု နှင့် အခွင့်အလမ်းများ၊ အားနည်းချက် နှင့် အားသာချက်များ ကိုအပြန်အလှန် ဖလှယ်ခဲ့ကြပြီး ရှေ့ဆက်မည့်ပါတီ၏ အနာဂတ်လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ကာ လုပ်ငန်းကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့သည်ဟု ဆိုသည်။

ကချင်ဒီမိုကရေစီပါတီအနေဖြင့် လက်ရှိအစိုးရနှင့်သာမက ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု၌ အနိုင်ရရှိခဲ့သော ''အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်"၊ တိုင်းရင်းသားမဲ ဆန္ဒနယ် အများစုတွင် အနိုင်ရရှိခဲ့သော "ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်"၊ "ရခိုင်အမျိုးသားပါတီ"တို့နှင့်လည်း တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဠာန်းခွင့် အပြည့်အဝရှိသော အမျိုးသားပြည်နယ်များဖြင့် ဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတွင် လက်တွဲဆောင်ရွက်မည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly