ထိုင်းတွင် မြန်မာတစ်ဦး ကိုဗစ်ပိုးတွေ့၍ ဒုက္ခသည်စခန်း Lockdown ချ

ထိုင်းတွင် မြန်မာတစ်ဦး ကိုဗစ်ပိုးတွေ့၍ ဒုက္ခသည်စခန်း Lockdown ချ
ဓာတ်ပုံ - အက်ဆာဝင် ပီနစ်ဝန်/ဘန်ကောက်ပို့စ်

နိုဝင်ဘာ ၂၂၊ ၂၀၂၀ 

ထိုင်းနိုင်ငံ၊ ပုပ္ဖရခရိုင်ရှိ ဒုက္ခသည်စခန်းတွင် မြန်မာဒုက္ခသည်တစ်ဦး ကိုဗစ်ရောဂါပိုးတွေ့သဖြင့် နိုဝင်ဘာလ ၂၁ ရက်နေ့က ဒုက္ခသည်စခန်းတစ်ခုလုံးကို အဝင်အထွက် ပိတ်ပင်ကန့်သတ်ပြီး lockdown ချလိုက်ကြောင်း ထိုင်းဒေသန္တရ အာဏာပိုင်များက ပြောသည်။  

အသက် ၄၈ နှစ်အရွယ် စောဂါနေး ဆိုသူ မြန်မာနိုင်ငံဘက်သို့ ခြေလျင်လမ်းမှ ခိုးပြန်ပြီး ဒုက္ခသည်စခန်းသို့ ပြန်လာပြီးနောက် ဖျားနာလာသဖြင့် ဒုက္ခသည်စခန်းရှိ ဆေးခန်းက စစ်ဆေးလိုက်ရာ ကိုဗစ်ရောဂါ တွေ့ရှိခြင်းကြောင့် ဒုက္ခသည်စခန်းတစ်ခုလုံးကို lockdown ချလိုက်ခြင်းဖြစ်ကြောင်း ပုပ္ဖရခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဖူဝါဒွန် ကဲအိုကလွန်က ဘန်ကောက်ပို့စ်သို့ ပြောသည်။ 

စောဂါနေးနှင့် ထိတွေ့ခဲ့သူ ၁၀ ဦးကိုလည်း သီးခြားခွဲထားပြီး ဆေးစစ်ထားကြောင်းလည်း သိရသည်။ ယခုအခါ ဒုက္ခသည်စခန်းမှ အပြင်ထွက်ခွင့်ကို ပိတ်ပင်လိုက်သကဲ့သို့ မည်သူ့ကိုမျှလည်း ဝင်ခွင့် မပေးကြောင်း ပုပ္ဖရခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက ပြောသည်။ 

ထိုင်းနိုင်ငံတွင် အခြားနိုင်ငံ ရှစ်နိုင်ငံမှ ရောက်လာသူ ၁၀ ဦးတွင် နိုဝင်ဘာ ၂၁ ရက်နေ့က ကိုဗစ်ရောဂါ ကူးစက်ထားကြောင်း တွေ့ရှိထားသဖြင့် ထိုင်းတွင် ကိုဗစ်ရောဂါ ကူးစက်သူ ၃၉၀၀ ကျော် ရှိသွားပြီး နောက်ထပ် သေဆုံးသူ မရှိကြောင်း ထိုင်းနိုင်ငံ COVID-19 ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ထားသည်။   

ပုပ္ဖရခရိုင် မဲဆောက်-အုန်းဖန် အဝေးပြေးလမ်းမအနီးရှိ ဘန်အုန်းဖြန် ဒုက္ခသည်စခန်းတွင် မြန်မာနိုင်ငံမှ စစ်ပြေး ကရင်ဒုက္ခသည်များ သောင်းချီနေထိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly