ဗုံးအန္တရာယ်ကြောင့် ပြင်သစ်လေကြောင်းလိုင်း လေယာဉ်နှစ်စင်း လမ်းကြောင်းပြောင်းလဲ ဆင်းသက်ခဲ့ရ

ဗုံးအန္တရာယ်ကြောင့် ပြင်သစ်လေကြောင်းလိုင်း လေယာဉ်နှစ်စင်း လမ်းကြောင်းပြောင်းလဲ ဆင်းသက်ခဲ့ရ

လော့စ်အိန်ဂျလိ၊ နိုဝင်ဘာ-၁၈ ။             ။ လုံခြုံရေးပြဿနာများကြောင့် နိုဝင်ဘာ ၁၈ရက်နေ့က အမေရိကန်ပြည်ထောင်စုမှ ပါရီသို့ ထွက်ခွာလာစဉ် Air France လေကြောင်းလိုင်း ခရီးစဉ်နှစ်ခုမှာ လမ်းကြောင်းပြောင်းလဲ ဆင်းသက်ခဲ့ရပြီး ခရီးသည်နှင့် လေယာဉ်အမှုထမ်းများကို ဘေးကင်းလုံခြုံစွာ ဖယ်ရှားပေးနိုင်ခဲ့သည်ဟု အမေရိကန် ဖက်ဒရယ် လေကြောင်းကွပ်ကဲရေးဌာန (FAA)မှ ပြောကြားခဲ့သည်။

FAA ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်အရ လော့စ်အိန်ဂျလိစ်မှ ထွက်ခွာလာသည့် အဲဘ်စ် A-380လေယာဉ်မှာ လမ်းကြောင်းပြောင်းလဲကာ Salt Lake Cityလေဆိပ်တွင် ဆင်းသက်ခဲ့ရပြီး ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများကို လေယာဉ်ပေါ်မှ ပြောင်းရွှေ့ကာ လေဆိပ်အဆောက်အုံထဲသို့ စောင့်ရှောက်ခေါ်ဆောင်သွားခဲ့ရသည်ဟုဆိုသည်။

ဝါရှင်တန်အပြင်ဘက်ရှိ ဒါးလက်စ် နိုင်ငံတကာလေဆိပ်မှ ထွက်ခွာလာသည့် အခြားလေယာဉ်တစ်စင်းမှာလည်း မသဲကွဲသည့် လုံခြုံရေးပြဿနာတစ်ခုကြောင့် နိုဗာ စကိုးရှားရှိ ဟာလီဖက်   နိုင်ငံတကာ   လေဆိပ်သို့ လမ်းကြောင်းပြောင်းကာ ဆင်းသက်ခဲ့ရပြီး ခရီးသည်နှင့် လေယာဉ်အမှုထမ်းများကို ပြောင်းရွှေ့ပေးခဲ့ရသည်ဟု FAAက ပြောကြားခဲ့သည်။

လေကြောင်းလိုင်း Air France ၏ ပြောကြားချက်အရ ခရီးစဉ်နှစ်ခုစလုံးမှာ ပျံတက်ပြီး မကြာမီတွင် ဘယ်ကမှန်းမသိရသော ခြိမ်းခြောက်သည့် အကြောင်းအရာများကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

‘ ကြိုတင်ကာကွယ်မှုတွေ လုပ်ဖို့နဲ့ လိုအပ်တဲ့ လုံခြုံရေးစစ်ဆေးမှုတွေလုပ်ဖို့ Air Franceက လေယာဉ်နှစ်စင်းလုံးကို အရေးပေါ်ဆင်းသက်ဖို့   မေတ္တာရပ်ခံလိုက်တာပါ’’ဟု   လေကြောင်းလိုင်းက   ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

‘လေယာဉ်၊ ခရီးသယ်တွေနဲ့ သူတို့ရဲ့ ခရီးဆောင်အိတ်တွေကိုပါ ဒေသတွင်းအာဏာပိုင်တွေက စေ့စေ့စပ်စပ် စစ်ဆေးခဲ့ပါတယ်။ ဖုန်းခေါ်ဆိုတဲ့သူကိုလည်း ဖော်ထုတ်နိုင်အောင် အာဏာပိုင်တွေက ဦးဆောင်ပြီး စစ်ဆေးနေပါတယ်’ဟု လေကြောင်းလိုင်းက ကြေညာချက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly