ထိုင်းပွဲစားကို ငွေပေးပြီး ဝင်လာသူ မြန်မာ ၁၂ ဦး ထိုင်းတွင် အဖမ်းခံရ 

ထိုင်းပွဲစားကို ငွေပေးပြီး ဝင်လာသူ မြန်မာ ၁၂ ဦး ထိုင်းတွင် အဖမ်းခံရ 
ဓာတ်ပုံ - ချိုင်ယွတ် ဆတ်ယာအမ်

နိုဝင်ဘာ ၂၂၊ ၂၀၂၀ 

ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၂ ဦး အဖမ်းခံခဲ့ရပြီး ၎င်းတို့သည် ဖူးခက်တွင် အလုပ်ရမည်ဆို၍ ထိုင်းအလုပ်ပွဲစားကို တစ်ဦးလျှင် ဘတ်ငွေ ၆၅၀၀ (ကျပ်ငွေ ၂၈၀၀၀၀ ကျော်) ပေးခဲ့ရကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။ 

ထိုင်းစစ်သားများ၊ နယ်စပ်ရဲများ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိများ၊ ဒေသခံ စေတနာ့ဝန်ထမ်းများက နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီတွင် ထိုင်း-မြန်မာနယ်စပ်ကို အာအိုနွိုင်မြို့နယ်အနီး တာဘက် ခြေလျင်လမ်းမှ ဖြတ်ကျော်လာသော လူစုကို ရပ်တန့်ခိုင်းရာက ယခုကဲ့သို့ အဖမ်းခံရခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။ 

ထိုင်းတာဝန်ရှိသူများက နယ်စပ်ဖြတ်ကျော်လာသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးရန် ကြိုးစားရာ မြန်မာများက ရာဘာစိုက်ခင်းထဲသို့ ထွက်ပြေးခဲ့သော်လည်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံသားများကို စစ်ဆေးမေးမြန်းရာ မြန်မာပွဲစားမှတစ်ဆင့် ချိတ်ဆက်ပေးသည့် ထိုင်းအလုပ်ပွဲစားကို တစ်ဦးလျှင် ဘတ်ငွေ ၆၅၀၀ ပေးပြီး နယ်စပ်ဖြတ်ကျော် ဝင်လာခဲ့သည်ဟု ဖြေကြားခဲ့ကြသည်။  

ထိုင်းအလုပ်ပွဲစားက ဖူးခက်မြို့ရှိ ထိုင်းအလုပ်ရှင်ထံ ကားဖြင့် လာကြိုပြီး ပို့ပေးမည်ဟု မှာကြားထားကြောင်းလည်း အဖမ်းခံရသည့် မြန်မာများက ထွက်ဆိုခဲ့ကြကြောင်း သိရသည်။   

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်မှု ဆက်လက် မြင့်နေသောကြောင်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ကို ထိုင်းအာဏာပိုင်များက အထူးကြပ်မတ် စောင့်ကြည့်နေရာ ပြီးခဲ့သည့် လများအတွင်း အထောက်အထားမပါဘဲ နယ်စပ်ဖြတ်ကျော် ဝင်လာသည့် မြန်မာများ မကြာခဏ အဖမ်းခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly